Breaking News

မောင်လူမွှေး - လူ့အဖွဲ့အစည်းမှာ ငွေတန်ဖိုးမြင့်လာခြင်း



မောင်လူမွှေး - လူ့အဖွဲ့အစည်းမှာ ငွေတန်ဖိုးမြင့်လာခြင်း

မိုးမခ ၊ ဇူလိုင် ၁၅ ၊ ၂၀၂၆


"အခုအချိန်မှာ ပိုက်ဆံရှိရင် လုပ်ချင်တာ လုပ်လို့ရတယ်ကွ။ ကြိုက်တာလုပ်လို့ရတယ်" လို့ လူငယ်တစ်ယောက်ရဲ့ စကားသံကျယ်ကျယ်ကို မောင်လူမွှေး ကြားတော့ နားစွန့်နေမိတယ်။ အဲဒီစကားကို ပြောတဲ့ လူငယ်ကပဲ "ငါက အများအကျိုးအတွက် လုပ်ချင်လို့ ပိုက်ဆံရှာပြီး လုပ်ချင်တာ မလုပ်တာ" လို့ ဆက်ပြောတော့မှ တော်ပါသေးရဲ့လို့ အောက်မေ့ရပါတယ်။


လူငယ်ပြောသလိုပဲ ငွေရှိရင် အခုခေတ်ကြီးမှာ လုပ်ချင်တာ တော်တော်များများကို လုပ်လို့ရနေပါတယ်။ ငွေကို အမြန်တိုးပွားစေမယ့် လက်နက်အရောင်းအဝယ် လုပ်လို့ရတယ်။ ဝေါ်ကီး၊ ဝိ လို့ခေါ်တဲ့ ဆေးခြောက်လည်း ရှူလို့ရတယ်။ ဘိန်းတို့၊ ဆေးပြားတို့ ရနိုင်တဲ့ နေရာတွေလည်း ရှိတယ်လို့ သိရတယ်။ မဟုတ်တာလုပ်ပြီး ချမ်းသာလာတာကို လူအသိအမှတ်ပြုတာပါ ခံချင်သေးရင် ဘာသာရေးဘက်မှာ အလှူကြီးပေးလိုက်လို့လည်း ရပါသေးတယ်။ ပြဿနာကြီးငယ် ဖြစ်ခဲ့ရင် ငွေနဲ့ ဖြေရှင်းလို့ ရတယ်လို့ ဆိုကြတယ်။


မောင်လူမွှေးတို့ ကလေးဘဝ အာဏာရှင် သန်းရွှေ လက်အောက်မှာ ကိစ္စတစ်ခုခုဖြစ်ရင် အလျော်အစားနဲ့ ပြီးကြတာ များပါတယ်။ လူသတ်မှု မဟုတ်ရင် တစ်ဦးနဲ့ တစ်ဦး ဖြစ်တဲ့ ကိစ္စကို ငွေနဲ့ပဲ ဖြေရှင်းခဲ့ကြတာကို မောင်လူမွှေးတို့ ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရတာ ဖြစ်တယ်။ သူများသမီးပျိုကို စော်ကားတာကအစ ငွေနဲ့ အလျော်အစားလုပ်ပြီး ရွာမှာတင်ပဲ ဖြေရှင်းခဲ့ကြတာ များပါတယ်။

တော်လှန်နယ်မြေက နေရာအချို့မှာလည်း ပြဿနာတစ်ခုကို ငွေနဲ့ အလျော်အစားလုပ်ပြီး ဖြေရှင်းလာကြတာကို တွေ့ရတယ်။

"ကျွန်တော်ကဗျာ ဒီငွေအလျော်အစား ကိစ္စကြီးတွေကို မဖြစ်စေချင်ဘူး။ ဒါကြောင့် ပြဿနာတစ်ခုဖြစ်ရင် ငွေနဲ့ အလျော်အစား မလုပ်ဘဲ အချင်းချင်း ကျေအေးကြဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မရဘူးဗျာ" လို့ ရွာကြီးတစ်ရွာရဲ့ အုပ်ချုပ်ရေးမှူးက မောင်လူမွှေးကို ပြောပြတယ်။

လက်ရောက်မှုတဲ့။ ပိုင်နက်ကျူးလွန်မှုတဲ့။ သူများလင်သား၊ မယားကို ယူမှု။ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားမှု စသဖြင့် စသဖြင့် ငွေနဲ့ အလျော်အစားလုပ်ပြီး ရှင်းကြတာတွေ ရှိကြပါတယ်။

မောင်လူမွှေးတို့ ငယ်ငယ် အာဏာရှင် သန်းရွှေခေတ်က မောင်လူမွှေး အစ်ကိုဝမ်းကွဲတစ်ယောက် ရွာက သူ လည်ပတ်နေကျ အိမ်မှာ လည်ရင်း ဂရိတ်ဝေါဆိုတဲ့ လိမ်းဆေးကို သောက်မိတယ်။ လိမ်းဆေးကို သောက်မိတော့ ကိုယ်ခန္ဓာက ကလန်ကဆန် ဖြစ်တယ်။ ဒါကို အိမ်ရှင်က သူ့အိမ်ပေါ်မှာ ဝရုန်းသုန်းကား လုပ်ပါတယ်ဆိုပြီး အလျော်တောင်းတော့ သူတို့တောင်းတဲ့ ငွေလျော်ခဲ့ရတာကို အမှတ်ရမိပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပြီးနောက် ရွာက ကာလသားတွေ ကိုယ့်ရိုးရာဓလေ့ အိမ်လည်ရမှာတောင် ခပ်ရွံ့ရွံ့ ဖြစ်ကုန်ကြရတယ်။

သူများကို စက်ဘီးလေးနဲ့ မတော်တဆ ပွတ်မိလို့ လျော်ရတဲ့အခါ၊ သူများအိမ်ထဲမှာ မတော်တဆ စကားများမိလို့ ပိုင်နက်ကျူးလွန်မှုနဲ့ တိုင်ပြီး အလျော်တောင်းခံရတဲ့အခါ၊ ကိုယ်ထိလက်ရောက် ရန်ဖြစ်တာကို မလွန်အောင် သွားဆွဲမိရာက ဆွဲတဲ့သူကိုပါ အမှုတွဲပြီး ငွေအလျော်တောင်းတဲ့အခါ လူတွေဟာ လွတ်လပ်မှုတွေ ဆုံးရှုံးပြီး စိတ်ကောင်းတွေ မပေါ်ပေါက်နိုင်တော့ပါ။ အားလုံး အကြောက်တရားအောက်ကို ရောက်ပြီး နိမ့်ကျကုန်မှာ ဖြစ်ပါတယ်။

"ငါတို့ငယ်ငယ်ကတော့ ရွာမှာ ပိုက်ဆံရှိရင် အရက်မူးပြီး လမ်းဘေးအိပ်နေလည်း လူတွေက အထင်ကြီးတာပဲကွ" ဆိုတဲ့ မောင်လူမွှေး ကိုလေးတစ်ယောက်ရဲ့ စကားကို သတိရမိတယ်။ ငွေရဲ့ တန်ဖိုးဟာ အကျင့်သီလရဲ့ အထက်ကို ရောက်လာရင် ရပ်ရွာပျက်စီးမှာ သေချာတယ်။ တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်ရင်၊ လူထုပညာပေး အလုပ်တွေကို မလုပ်နိုင်ရင် အာဏာရှင် သန်းရွှေခေတ်က ရပ်ရွာတွေမှာ ကြုံခဲ့ရတဲ့ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ် ခင်ဗျာ...။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar