မောင်တူး - ကရင့်အာဇာနည် ပဒိုမန်းရှာလားဖန်း ၈၃ နှစ်မြောက်မွေးနေ့
မောင်တူး - ကရင့်အာဇာနည် ပဒိုမန်းရှာလားဖန်း ၈၃ နှစ်မြောက်မွေးနေ့
မိုးမခ ၊ ဇူလိုင် ၁၅ ၊ ၂၀၂၆
ဒေါန သံလွင် ဇွဲကပင်မှာ
ကြယ်ရောင်ဖြာဆမ်း
လရောင်လွှမ်းရင်
‘မန်းရှာ’ လာပြီ ဆိုကြတယ်။
ပဒိုမန်းရှာဟာ ကရင့် အာဇာနည်တဦး ဖြစ်သလို ကျောင်းသားစိတ်ရှိသူ 7 July ကျောင်းသားတဦးလည်း ဖြစ်ခဲ့ပါတယ်။ ခရီးရှည် ကရင့်တော်လှန်ရေး လမ်းကြမ်းကြီးပေါ်မှာ အောက်ခြေကစပြီး နိမ့်၊ မြင့်၊ တက်၊ ကျ လောကဓံကို လှလှကြီးရင်ဆိုင် ဦးဆောင်နိုင်ခဲ့သူ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ တပြိုင်တည်းမှာ ၈၈၈၈ ကျောင်းသားတွေအပေါ် ကူညီ ဦးဆောင် လမ်းပြ ဖေးမ ခေါ်ဆောင်ခဲ့သူ KNU ခေါင်းဆောင်တွေထဲမှာ ပဒိုမန်းရှာက ရှေ့ဆုံးကပါပဲ။ ရန်သူစစ်အုပ်စု အပေါ်မှာလည်း လွန်စွာ ပြတ်သားခဲ့သူပါ။ ငြိမ်းချမ်းရေးတော့ လုပ်မယ်။ စစ်တပ်နဲ့ ငြိမ်းချမ်းရေးလုပ်ရင်းက တစ တစ စစ်ကျွန်ဖြစ်သွားမှာကိုလည်း လက်မခံကြောင်း အပြတ်ပြောခဲ့သူပါ။ ဒါကြောင့်လည်း စစ်အာဏာရှင်က သူ့ကို အငြိုးထားခဲ့ပုံရပါတယ်။ ဖဒိုမန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ် ဇူလိုင် ၅ ရက်မှာ မွေးခဲ့တယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ လုပ်ကြံသတ်ဖြတ်ခံရလို့ ကွယ်လွန်သွားခဲ့တယ်။ ၂၀၂၆ ဇူလိုင် ၅ ရက်က သူ သက်ရှိထင်ရှားဦးမယ်ဆို ၈၃ နှစ် မွေးနေ့ပါ။
၈၃ မွေးနေ့ကာလ ကရင်ပြည်နယ် တိုက်ပွဲများ
၂၀၂၆ ဇူလိုင် ၁ ရက်ကစပြီး ကရင်နယ်စပ် ဖလူး၊ မင်းလက်ပန်၊ ဝေါ်လေ ဒေသတွေကို အာဏာသိမ်း စစ်တပ်က ထိုးစစ်ဆင်နေတယ်။ ကရင် KNLA ကလည်း အပြင်းအထန် ခုခံနေတယ်။ ဇူလိုင် ၁ ၊ ၂၊ ၃၊ ၄၊ ၅ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။ အဲ့သည် ဇူလိုင် ၅ မှာက ၈၃ နှစ်မြောက် ဖဒိုမန်းရှာလားဖန်း မွေးနေ့ပါ။ အလုပ်တွေများနေကြတော့ ကရင့်အာဇာနည်ကြီး မွေးနေ့ကို မေ့နေကြရဲ့။ ကျနော်လည်း မေ့နေခဲ့တယ်။ အခုမှ သတိရပြီး ထရေးဖြစ်တာ။
မန်းရှာရေ
မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘဝတွေ ယူခဲ့ …
မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေ ယူခဲ့ …
မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ …
မန်းရှာရေ
နင့်သေနတ်ကို
နင်သယ်လာခဲ့ …
မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ …
မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ …
မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ …
အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီ …။ ။
(မောင်လွမ်းဏီ)
(၁၅-၂-၂၀၀၈)
ဆရာမန်းရှာနှင့် အမနမ့်ကျင်ရွှေသို့ …
မန်းရှာလားဖန်း ဆိုတာ
ကျနော်တို့ ထိုင်းနယ်စပ် တော်လှန်ရေးနယ်မြေ ဟိုဖက်ကမ်း သည်ဖက်ကမ်း ကူးလိုက် ပြန်လိုက် တိုက်လိုက်ဆုတ်လိုက် လုပ်နေစဉ် ကာလတွေက ဖဒိုမန်းရှာနဲ့ ပူးတွဲလုပ်ကိုင်ခဲ့ကြတယ်။ သူဟာ စကားကို စဉ်းစားပြီးမှ တလုံးချင်း ပြောတတ်သူ။ သာမန်သူ့ကို ကြည့်ရင် တစုံတခုကို တွေးနေတတ်တာကို မြင်ရတာများပါတယ်။ ဥပမာပြရရင် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးပါ။ ပြည်သူ့အရေးကိုသာ အမြဲတွေးနေသူပေါ့။ ဖဒိုမန်းရှာဟာ အရာကိစ္စတိုင်းကို အလေးအနက်ထားတတ်တဲ့ သူ့ရဲ့ပင်ကိုစရိုက်ရှိတယ်။ သူ့ရဲ့ငယ်နာမည်က "မန်းချစ်ရွှေ" ဖြစ်တယ်။ ကရင့်တော်လှန်ရေးထဲ ရောက်ရှိလာချိန်မှာတော့ "မန်းရှာလားဖန်း" ဆိုတဲ့ နာမည်ကိုမှည့်တယ်။ ဒီနာမည်မှာ တလုံးချင်း အဓိပ္ပာယ်ရှိရဲ့။ "မန်း" ဆိုတာက ပိုးကရင်တွေရဲ့ ရှေ့နာမည်။ "ရှာ" ဆိုတာက ကြယ်။ “လား” ဆိုတာက လမင်းလို့အဓိပ္ပာယ်ရပါတယ်။ “ဖန်း” ဆိုတာက အလင်းရောင်ပါ။ မန်းရှာလားဖန်း ဆိုတဲ့ နာမည်တခုလုံးရဲ့ အဓိပ္ပာယ်က "ကြယ်လတို့၏အရောင်" လို့ အဓိပ္ပာယ် ရတာပေါ့။
ကြယ်တို့ရဲ့အလင်းရောင်ဟာ ကြည်လင်ရွှန်းမြအေးချမ်းလှပါတယ်။ မန်းရှာလားဖန်းကို ထိတွေ့ ဆက်ဆံပေါင်းသင်းခဲ့ရတဲ့ ခေါင်းဆောင်များ၊ ရဲဘော်များ၊ ပြည်သူအားလုံးဟာ နှလုံးစိတ်ဝမ်း အေးချမ်းမှုကို ခံစားခဲ့ရတယ်ဆိုတာ အားလုံးကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးနာမည် “ဖန်း”ဆိုတာ နောက်ထပ်အဓိပ္ပာယ်တမျိုး ရှိပါသေးတယ်။ မြစ်ဝကျွန်းပေါ်တိုင်း ပန်းတနော်သားတွေ လေးစားဂုဏ်ယူရတဲ့ ပန်းတနော်သားဖြစ်တဲ့ မြစ်ဝကျွန်းပေါ်တိုင်းတပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးကြီးဖန်းရှောင်းရဲ့ နာမည် "ဖန်း" ကိုယူပြီး မှည့်ထားတာ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဖန်းရှောင်းဟာ စစ်ရေး၊ နိုင်ငံရေးမှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။
မန်းရှာဟာ သူ့သားသမီးတွေရဲ့ နာမည်အဆုံးမှာ "ဖန်း"ဆိုတဲ့ နာမည်ကိုမှဲ့ထားတာတွေ့ရပါတယ်။ သူ့သားသမီးတွေကို တော်လှန်ရေးအမွေဆက်ခံဖို့ သူ့မှာ ပြင်းပြတဲ့ဆန္ဒ ရှိပါတယ်။ သူ့သမီးငယ် "ဇိုယာဖန်း" ဆိုတဲ့နာမည်ဟာ ဒုတိယကမ္ကာစစ်တုန်းက ဂျာမန်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက် လူငယ် အာဇာနည်သူရဲကောင်း မောင်နှမနှစ်ယောက်ဖြစ်တဲ့ ဇိုယာနဲ့ ရှိုယာတို့ရဲ့ နာမည်ကိုယူပြီး မှဲ့ထားတာလို့ ဆိုပါတယ်။
ချစ်သမီးသို့
သမီးရေ . . .
ဂန္ထဝင်ခရီးမှာ
နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ
ရပ်နေသူများလည်းရှိပါသည်။
ညဉ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ
လိုရာသွားနေသူလည်းရှိပါသည်။
လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူတွေလည်းရှိပါသည်။
မုန်တိုင်းကထန်၊ လှိုင်းကထန်လည်း
ရေဆန်လေကြမ်း၊ ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ . . .
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္ထဝင်ရက်မြတ်
ရဲရဲဖြတ်လော့ . . . သမီး ။ ။
(ရေဆန်)
ရေဆန် ဟာ ပဒိုမန်းရှာရဲ့ ကလောင်အမည်တခုပါ။ သူဟာ ကရင်အမျိုးသားအစည်းအရုံးက ထုတ်တဲ့ သနူးထူးဂျာနယ်။ ABSDF ကထုတ်တဲ့ ဒေါင်းအိုးဝေဂျာနယ်နဲ့ တခြား သတင်းစာ စာစောင်တွေမှာလည်း ကလောင် ၂ မျိုး သုံးမျိုးနဲ့ တော်လှန်ရေး ဆောင်းပါးတွေ၊ ကဗျာတွေကိုလည်း ရေးသားခဲ့ပါတယ်။ နောင်အလျဉ်းသင့်ရင် ဖဒိုမန်းရှာရဲ့ စာပေလက်ရာတွေကို ထပ်မံရေးပြပါဦးမယ်။
ဖဒိုမန်းရှာ အတ္ထုပ္ပတ္ထိ အကျဉ်း
မန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ် ဇူလိုင် ၅ ရက်မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာမှာ အဖ မန်းဘသော်၊ အမိ ဂါ့နမ်တင်တို့က မွေးဖွားခဲ့တယ်။ မွေးချင်းမောင်နှမ ၃ ယောက်အနက် ဒုတိယမြောက်သား ဖြစ်တယ်။ ၁၉၅၉-၆၀ ခုနှစ်မှာ ပန်းတနော်မြို့နယ် ယင်းတိုက်ကုန်းအလယ်တန်းကျောင်းမှာ မူလတန်းနဲ့ အလယ်တန်းပညာကို သင်ယူခဲ့တယ်။ ပန်းတနော်အထက်တန်းကျောင်းမှာ ၈ တန်း အောင်ပြီးတော့ ရန်ကုန်မြို့မှာ အထက်တန်း အောင်မြင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားတဲ့နှစ်မှာပဲ 7 July အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ တက္ကသိုလ် ဝိဇ္ဇာတန်းကို သမိုင်းအဓိကဘာသာနဲ့ ဘွဲ့ရရှိခဲ့သည်။ သူဟာ 7 July အရေးတော်ပုံမှာ ပါဝင်ခဲ့သလို ရန်ကုန် မန္တလေး မုံရွာ ဒေသတွေမှာ KNU ရဲ့ ပြည်တွင်းတာဝန်ကို လှည့်လည် ထမ်းဆောင်နေခဲ့ကြောင်း ၁၉၉၆ ခုနှစ်က မဲဆောက်မှာ သူနဲ့ ကျနော် အင်တာဗျူးစဉ်က ပြောပြခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပဲခူးရိုးမ ကရင့်တော်လှန်ရေးနယ်မြေကို ရောက်ရှိပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ သူကွယ်လွန်ချိန်မှာ သူဟာ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သလို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်လည်း ဖြစ်တဲ့အထိ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်သွားခဲ့တယ်။
မန်းရှာ (သို့မဟုတ်) မကြွေတဲ့ ကြယ်
ဖေဖော်ဝါရီ ၁၄
သွေးနဲ့ရေးတဲ့အက္ခရာ
‘မန်းရှာ’ တဲ့။
တပွင့်ထဲထက် တခင်းလုံးကို ပွင့်စေချင်တာ ‘မန်းရှာ’
တမြစ်ထဲထက် မြစ်အားလုံးကို စီးစေချင်တာ ‘မန်းရှာ’
တပြည်ထဲထက် ပြည်ထောင်စုကို ငြိမ်းစေချင်တာ ‘မန်းရှာ’
‘အမျိုးသားရေး’ ‘တန်းတူရေး’ ‘ငြိမ်းချမ်းရေး’ ကို
ရင်၀က သွေးနဲ့ရေးတာ ‘မန်းရှာ’
‘ရှာ’ ဆိုတဲ့ကြယ်ကြီးရေ...
နင် မကြွေဘူး
ဧရာ ပဲခူး အရှေ့ရိုးမ
ဒေါန သံလွင် ဇွဲကပင်မှာ
ကြယ်ရောင်ဖြာဆမ်း လရောင်လွှမ်းရင်
‘မန်းရှာ’ လာပြီ ဆိုကြတယ်။
ခိုင်မာကျော်ဇော
(ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)
ပဒို မန်းရှာလားဖန်း လုပ်ကြံခံရခြင်း
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ နေအိမ်အတွင်း ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညနေ ၄ နာရီခွဲ လောက်က မသမာသူ သေနတ်သမား ၂ ယောက် ဝင်ရောက် လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်။ ရင်အုံမှာ သေနတ်ဒဏ်ရာ ၂ ချက်၊ ညာဘက်လက်မှာ သေနတ်ဒဏ်ရာတချက်နဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။ သေဆုံးချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနဲ့ စလုံ့ဖန်း စတဲ့ သားသမီး ၄ ယောက် ကျန်ရစ်ခဲ့တယ်။ ဇနီးဖြစ်သူ နန့်ကျင်ရွှေ ကတော့ သူ မကွယ်လွန်ခင် တနှစ် အလိုမှာဘဲ ကျန်းမာရေးနဲ့ ဆုံးပါးသွားနှင့်ခဲ့တယ်။ အခု ၂၀၂၆ ဖေဖော်ဝါရီ ၁၄ က သူကွယ်လွန်ခဲ့တာ ၁၈ နှစ်ရှိသွားခဲ့ပြီ။
ဘယ်နေရာမှာပဲရှိနေပါစေ
တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင်
လုပ်လို့ရတယ်။
နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။
ဒါကြောင့် ကျနော်တို့အားလုံး
တော်လှန်ရေး လုပ်ကြရမယ်။
(မန်းရှာလားဖန်း)
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု
ကမ္ဘာမှာလည်း ရှိပါတယ်။ မြန်မာမှာလည်း ရှိပါတယ်။ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်တွေအတွက် ပညာသင်ဆုတွေ၊ လူငယ်ဆုတွေ စသည်ဖြင့် ပေးအပ်ကြတာပါ။ ဥပမာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပေးတဲ့ဆု၊ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ဆု၊ အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဆု စတာတွေပေါ့။ နောက်ပိုင်းမှာ ကိုဂျင်မီ ပညာသင်ဆု၊ ဇေယျာသော်ဆု စတာတွေလည်း ပေါ်လာဦးမှာပါ။ အလားတူ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကိုလည်း နှစ်စဉ် ပေးအပ်နေပါတယ်။ ၂၀၂၅ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ကေအန်ယူ ဗဟိုတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးအား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ ဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅,၀၀၀ ကိုလည်း ပေးအပ်ပါတယ်။ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုဟာ ကရင်လူမျိုးတွေရဲ့ ပညာရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ စာပေယဉ်ကျေးမှုကို ကာကွယ်ရေး လုပ်ဆောင်နေတဲ့ အနယ်နယ်အရပ်ရပ်ရှိ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို ဖန်းဖောင်ဒေးရှင်းက နှစ်စဥ် ရွေးချယ်ဂုဏ်ပြုနေတဲ့ ဆုတခုလည်း ဖြစ်တာပါ။
ငြိမ်းချမ်းရေးကို
ငါတို့အချိန်မရွေး လုပ်လို့ရတယ်။
အခုချက်ချင်း
လုပ်လို့ရတယ်။
ဒါပေမဲ့
အဲ့ဒီ ငြိမ်းချမ်းရေးဟာ
ငါတို့ ကျွန်ဖြစ်မဲ့ ငြိမ်းချမ်းရေးလား
သိဖို့လိုတယ်။
ငါတို့ ငြိမ်းချမ်းရေးလုပ်လို့
လူတစုသာကောင်းစားသွားပြီး
ငါတို့လူထုတွေ ကျွန်ဖြစ်သွားရင်
အဲ့ဒီငြိမ်းချမ်းရေးကို
ငါ ဘယ်တော့မှ မလုပ်ဘူး။ ။
(ပဒိုမန်းရှာ)
ကရင့်အာဇာနည် ပဒိုမန်းရှာလားဖန်း ၈၃ နှစ်မြောက်မွေးနေ့
နေမင်းကြီးကား ကွယ်သွားခဲ့ပြီ။ ဒါပေမဲ့ အရောင်ရှိန်ဝါတွေကတော့ ထွန်းလင်း တောက်ပနေဆဲပါ။ "လူသေသော်လည်း နာမည်မသေ" တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ကြီးတွေလိုမျိုး လူသားဟာ ပဒိုမန်းရှာပါပဲ။ ကရင့်တော်လှန်ရေးမှာလည်း အာဇာနည် စောဘဦးကြီးလို အာဇာနည်တဦးပါပဲ။ ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကျဆုံးသွားခဲ့တာဟာ ကရင်အမျိုးသားထု တရပ်လုံးအတွက်ရော တော်လှန်ရေးအတွက်ပါ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်။ခုလို နွေဦးတော်လှန်ရေးကာလမှာ သူသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအတွက် ခွန်အားတခုဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။ ပဒိုမန်းရှာကို လေးစားရင်၊ အားကျရင် ဖဒိုမန်းရှာ လိုလား မျှော်မှန်းခဲ့တဲ့ တော်လှန်ရေး လမ်းစဉ် စိတ်ဓာတ်တွေကို လိုက်နာကျင့်ကြံကြဖို့သာ လိုပါတယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar