Breaking News

တံတားဦးလေဆိပ်က စစ်လေယာဥ်ထားရှိရာနေရာ ဒရုန်းတိုက်ခိုက်ခံရ

 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၁ ၊ ၂၀၂၆

 

တံတားဦးလေဆိပ်က စစ်လေယာဥ်ထားရှိရာနေရာ ဒရုန်းတိုက်ခိုက်ခံရ 

စက်တင်ဘာ ၁၀ ရက်နေ့ နေ့ခင်းမှာ မန္တလေးမြို့ရဲ့ လက်ရှိ အသုံးပြုနေတဲ့ လေဆိပ်နဲ့ ဆက်စပ်နေတဲ့ စစ်တပ်တိုက်လေယာဥ်တွေ ထားရှိရာ နေရာကို PDF တပ်ဖွဲ့တွေက FPV ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြန်မာနိုင်ငံအထက်ပိုင်းကိုလေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ တိုက်လေယာဥ် အချို့ထိမှန်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေက ပြောကြားသလို အာဏာသိမ်းစစ်တပ်ဘက်ကတော့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FPV suicide drone ၆ စင်းနဲ့ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေး စနစ်များဖြင့် ဟန့်တားခဲ့ပြီး ဒရုန်းရန်ကာကွယ်ရေး အစီအမံများဖြင့် ဟန့်တားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ဒရုန်းထိန်းချုပ်တဲ့ ကွန်ထရိုးလ် ကင်မရာက ဗီဒီယိုကလစ်တွေကို ထုတ်ပြန်ခဲ့ရာမှာ တိုက်လေယာဥ်ထားရှိရာ ရုံအတွင်းမှာ မြင်တွေ့နေရတဲ့ Yak-130 လို့ ယူဆကြတဲ့ တိုက်လေယာဥ်ဆီ ဦးတည်သွားနေတာကို နောက်ဆုံးမြင်ကွင်းအဖြစ် တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ တိုက်လေယာဥ်တွေ ထားရှိရာ ရုံတွေကို ပိုက်ကွန်တွေနဲ့ ကာရံထားတယ်ဆိုခဲ့ရင် ဒရုန်းက တိုက်လေယာဥ်တွေ ပျက်စီးအောင် ထိခိုက်မှု ဖြစ်စေနိုင်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ 
အခုလို တံတားဦးလေဆိပ်က စစ်တပ်လေယာဥ်တွေ ထားရှိရာနေရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ကျောက်ဆည်ခရိုင်တော်လှန်ရေး အင်အားစုတွေဖြစ်တယ်လို့ သတင်းအချို့မှာ ဖော်ပြထားပြီး ဒရုန်းထိန်းချုပ်ကိရိယာ ဗီဒီယိုမှာတော့ SHWEBO 8-5 ဆိုတဲ့ စာသားအမှတ်အသားပါဝင်တာကို တွေ့ရှိရပါတယ်။ 

ယမန်နေ့က စစ်တိုက်လေယာဥ်တွေ ထားရှိရာကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ လေဆိပ်နဲ့ ကပ်နေတဲ့ ကျေးရွာတွေကို တံတားဦး လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က တပ်တွေက ဒရုန်းလာတယ်လို့ ယူဆရတဲ့ နေရာတွေကို တိုက်ခိုက်ဖို့သွားရောက်ရာမှာ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းရန်ကာကွယ်ရေး တပ်က ယာယီ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ စနိုက်ပါထိမှန်သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်စစ်တပ်ရဲ့ တိုက်လေယာဥ်တွေကို အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်ရဲ့ တောင်ဘက် အစွန်းကျကျမှာ ထားရှိတာဖြစ်ပြီး လေဆိပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက တောင်ဘက်မှာ ကျောက်ဆည်မြို့နယ်နဲ့ အနောက်တောင်ဘက်မှာ နွားထိုးကြီးမြို့နယ်တွေ ဖြစ်ပါတယ်။ 

တံတားဦး လေတပ်အခြေစိုက်စခန်းဟာ အထက်မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ရခိုင်မြောက်ပိုင်း၊ ကချင်နဲ့ စစ်ကိုင်းထိစပ်ရာဒေသတွေကို လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုနေတာဖြစ်ပြီး မိတ္ထီလာလေတပ်နဲ့ တံတားဦးလေတပ်တို့ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးကြီးတဲ့ အခြေစိုက်စခန်းဖြစ်ပါတယ်။ 

အခု ဒရုန်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ် အနေနဲ့ လေကြောင်းတိုက်ခိုက်ရေးကို ကြီးမားစွာ ထိခိုက်စေနိုင်တာ မဟုတ်တဲ့တိုင် မန္တလေးမြို့နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ တံတားဦးလေတပ်အခြေစိုက်စခန်းဟာ လုံခြုံစိတ်ချမှု မရှိတဲ့အဓိပ္ပာယ် သက်ရောက်စေတာလည်း ဖြစ်ပါတယ်။ 

ယမန်နေ့က တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အနီးတဝိုက်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေ ထိုးနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မန္တလေးတံတားဦး လေဆိပ်ကို အသုံးပြုတဲ့ ခရီးသည်တင် လေယာဥ်ခရီးစဥ်တွေကို စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက် ၂ ရက်ကြာ ရပ်နားထားမယ့် အကြောင်း လေယာဥ်လက်မှတ်ဝယ်ယူ ထားတဲ့ ခရီးသည်တွေကို အသိပေးထားပါတယ်။ 

အချို့သော ခရီးသည်တင်လေယာဥ်တွေက မန္တလေးခရီးစဥ်အတွက် မန္တလေးနဲ့ မိုင် ၄၀ နီးပါးကွာဝေးတဲ့ ပြင်ဦးလွင် အနီးစခန်းလေဆိပ်ကို အသုံးပြုမယ်လို့ ခရီးသည်တွေကို အသိပေးထားတယ်လို့ သိရှိရပါတယ်။ 
ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိတ္ထီလာနဲ့ မန္တလေးအကြားလမ်းပိုင်းကိုလည်း စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်ပွဲတွေနဲ့ နီးကပ်နေတာကြောင့် အသုံးမပြုကြဖို့ မိတ္ထီလာနဲ့ မန္တလေးအကြား အမြန်လမ်းအစား ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြုကြဖို့ ခရီးသွားတွေအကြား ပြောဆိုနေကြတယ်လို့ သိရပါတယ်။ 
နိုင်ငံတကာ သတင်းအချို့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့ မန္တလေး လေဆိပ် ဒရုန်းတိုက်ခိုက်ခံရပြီး လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားတဲ့ အကြောင်း သတင်းအဖြစ် ဖော်ပြနေကြတာလည်း တွေ့ရပါတယ်။ 

အခုလို တံတားဦးလေတပ်စခန်းကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်တာ မကြာသေးခင် ရက်ပိုင်းအတွင်း ရွှေကူမြို့နဲ့ ဗန်းမော်အကြား ဧရာဝတီမြစ်ထဲက ရိက္ခာ၊ လက်နက်နဲ့ စစ်သားတွေ ရာချီပါတဲ့ သင်္ဘောတွေကိုလည်း KIA လက်နက်ကိုင်အဖွဲ့က  FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ထိမှန်ပျက်စီးမှုတွေ ရှိခဲ့ပြီး စစ်သုံ့ပန်းရာချီ ဖမ်းဆီးရမိတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

လောလောဆယ် အနေအထားမှာ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ FPV ဒရုန်းတွေကို အသုံးပြုပြီး နည်းဗျူဟာအရ ဟန့်တားနှောင့်ယှက်နိုင်တဲ့ အနေအထားမျိုးရရှိလာတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar