Breaking News

တာပလု - တောင်သူဘဝပျက်၊ ကျေးလက်စီးပွားပြိုလဲခြင်း (အပိုင်း ၁)

 

တာပလု - တောင်သူဘဝပျက်၊ ကျေးလက်စီးပွားပြိုလဲခြင်း (အပိုင်း ၁)

မိုးမခ ၊ စက်တင်ဘာ ၁၁ ၊ ၂၀၂၆

 

ဒီနှစ်ကုန်ပိုင်းလောက်ရောက်ရင် မြန်မာ့စီးပွားရေးဟာ အဆိုးရွားဆုံး ပြိုလဲတဲ့အဆင့်ထိ ဆိုက်ရောက်သွားနိုင်ခြေရှိနေတယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ဒါက မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုပါ။

တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာနေထိုင်ကြပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကမှီခိုလုပ်ကိုင်နေကြတာပါ။ အခုတော့ အဲဒီတောင်သူတွေရဲ့ ဘဝတွေ အဘက်ဘက်ကနေ ရိုက်ချိုးခံနေရပါပြီ။ ကျောရိုးဖြစ်တဲ့ ကျေးလက်စီးပွားရေး ပြိုလဲတာနဲ့အမျှ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးလည်း လဲပြိုဖို့ပဲ ကျန်ပါတော့တယ်။

စိုက်ပျိုးရေးလုပ်ငန်းတစ်ခု လည်ပတ်ဖို့ သွင်းအားစုတွေ အဓိကလိုအပ်ပါတယ်။ မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးတွေဟာ အရင်ကထက် ဈေးအဆမတန် တက်သွားခဲ့ပါပြီ။

အရင်က အမေရိကန် တစ်ဒေါ်လာကို ၁,၅၀၀ ကျပ်ခေတ်တုန်းက ပုလဲမြေဩဇာ အရည်အသွေးမြင့် တစ်အိတ်ကို အလွန်ဆုံးမှ ၃ သောင်းခွဲဝန်းကျင်ပဲ ရှိခဲ့တာပါ။ အခု ဒေါ်လာဈေး ၄,၃၀၀ ဝန်းကျင် ပေါက်နေချိန်မှာတော့ မြေဩဇာဈေးက ၅ ဆထက်မက မြင့်တက်သွားပါတယ်။

လက်ရှိဈေးကွက်အရ ယူရီးယားမြေဩဇာ (၅၀ ကီလိုဂရမ်) တစ်အိတ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ၉၄,၀၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ ဇွန်လမှာ ၁၄၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီး တကယ့်ဈေးကွက်မှာတော့ ၂၀၀,၀၀၀ ကျပ်အထိ ပေးဝယ်နေရတဲ့အထိ မြင့်တက်လာပါတယ်။ DAP မြေဩဇာ (၁၅-၁၅) ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၁၅,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

၁၅ ပတ်လည် မြေဩဇာဆိုရင် တစ်အိတ်ကို ၁ သိန်း ၉ သောင်းကနေ ၂ သိန်းနီးပါးအထိ ပေးဝယ်နေရပါတယ်။ ဒီဈေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတစ်ဦးရဲ့ စိုက်ပျိုးစရိတ်ဟာ ၂၀၂၅ ခုနှစ်ကထက် ၈၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

အမေရိကန်-အီရန် စစ်ပွဲကြောင့် Hormuz ရေလက်ကြား ပိတ်ဆို့ခံရတဲ့အတွက် လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ဓာတ်မြေဩဇာဈေးနှုန်းတွေကိုပါ ထပ်မံမြင့်တက်စေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားတာက မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားရင် စိုက်ပျိုးရေးထွက်နှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ တောင်သူအများစုဟာ တစ်ဧကကို မြေဩဇာ အိတ်ဝက်လောက်သာ သုံးနိုင်တော့ပြီး ဒါဟာ သီးနှံလိုအပ်တဲ့ ပမာဏရဲ့ ၆ ပုံ ၁ ပုံသာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်က ပို့ကုန်အားကောင်းခဲ့တဲ့ ကဏ္ဍတွေအကုန်လုံး အခုတော့ ရပ်တန့်လုနီးပါး ဖြစ်နေပါပြီ။ ဥပမာတစ်ခုအနေနဲ့ ကြည့်ရင် ဖရဲသီးတစ်မျိုးတည်းကိုတင် တရုတ်ပြည်ကို ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး ပို့နိုင်ခဲ့ပါတယ်။

ဒီပို့ကုန်တွေကို မှီခိုပြီး ဒေသအလိုက် အလုပ်အကိုင်တွေ အများကြီး ဖန်တီးနိုင်ခဲ့တာပါ။ ဒေသခံအလုပ်သမားတွေ၊ ကားပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေနဲ့ လမ်းဘေးဈေးဆိုင်လေးတွေကအစ အကုန်လုံး ဝင်ငွေရပြီး အဆင်ပြေခဲ့ကြပါတယ်။

အခုတော့ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်သွင်းမှု လျော့ကျလာတာနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအခက်အခဲတွေကြောင့် ဒီဈေးကွက်တွေ ကျုံ့ဝင်သွားခဲ့ပါတယ်။

စီးပွားရေးနှင့် သဘာဝဘေးတိုက်ခိုက်မှု

အခုအချိန်မှာတော့ စိုက်ပျိုးစရိတ် အရင်းကြေဖို့တောင် လယ်သမားတွေမှာ မလွယ်တော့ပါဘူး။ သီးနှံပေါ်ချိန်ရောက်ရင် ဈေးကွက်ထဲမှာ ဈေးက ထိုးကျသွားပါတယ်။

တစ်ဖက်မှာလည်း ဒေါ်လာဈေးက မနက်တစ်မျိုး၊ ညနေတစ်မျိုး ကစားနေပါတယ်။ သွင်းကုန်ဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို ဈေးကြီးပေးဝယ်သုံးနေရတဲ့ တောင်သူတွေမှာတော့ အဘက်ဘက်ကနေ လိမ့်နေအောင် ထိခိုက်နေကြရတာပါ။

စီးပွားရေးကျပ်တည်းနေချိန်မှာ သဘာဝဘေးကပါ ထပ်လောင်းခြိမ်းခြောက်လာနေပါတယ်။ ဒီနှစ်ဟာ အယ်နီညိုရာသီဥတုဖြစ်တဲ့နှစ်မို့ အခြေအနေတွေ ပိုဆိုးဖို့ပဲ ရှိနေပါတယ်။ အယ်နီညိုကြောင့် ရေရှားပါးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဆောင်းရာသီမှာ နှင်းကျနည်းမယ်။ အပူချိန်တွေကလည်း ပုံမှန်ထက် ပိုတက်လာပါလိမ့်မယ်။

ဒီအကျိုးဆက်ကြောင့် စပါးရိတ်သိမ်းအပြီး လယ်ထဲမှာ ဆက်စိုက်တဲ့ ပဲမျိုးစုံထွက်နှုန်းတွေဟာ သိသိသာသာ လျော့ကျသွားဖို့ ရှိပါတယ်။ အစစအရာရာ ကျပ်တည်းနေတဲ့ကာလမှာ တားဆီးလို့မရတဲ့ သဘာဝဘေးဒဏ်ကိုပါ ထပ်မံရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အရင်ခေတ်တုန်းက တောသူတောင်သားတွေဟာ ဆန်လေးရှိရင် ပြီးတာပဲဆိုပြီး ရောင့်ရဲတင်းတိမ်နိုင်ခဲ့ကြပါတယ်။ အခုတော့ အဲဒီတောင်သူတွေကိုယ်တိုင် ဆန်ဝယ်စားဖို့တောင် ခက်ခဲနေတဲ့ အခြေအနေကို ရောက်နေပါပြီ။

နေ့စဉ်စားဝတ်နေရေးမှာ ဆန်၊ ဆီ၊ ဆေးဝါးကအစ ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေပါတယ်။ လုံခြုံရေးအခြေအနေကလည်း စိုးရိမ်ရပါတယ်။ ဝင်ငွေက မရှိတော့ဘဲ ထွက်ငွေတွေသာ များပြားနေတာပါ။

အခြေခံလူတန်းစားတွေ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်လေးစရာဖြစ်ရပါတယ်။ တောင်သူတွေ ဘဝပျက်ရင် အခြေခံလူတန်းစား တစ်ရပ်လုံး ဘဝပျက်ရတာပါပဲ။

ဒီအကျိုးဆက်တွေရဲ့ နောက်ဆက်တွဲအဖြစ် အဆိုးရွားဆုံး အခြေအနေတစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ကျေးလက်နေလူငယ်တွေ မွေးရပ်မြေကို စွန့်ခွာကုန်ကြတာပါပဲ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝတွင်းထွက်နဲ့ သစ်တောစတဲ့ ပြည်ပပို့ကုန်လုပ်ငန်းတွေအားလုံးဟာ လူသားအရင်းအမြစ်ကို အဓိကမှီခိုရတာ ဖြစ်ပါတယ်။

အခုလို လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူငယ်တွေ နိုင်ငံရပ်ခြားကို စွန့်ခွာထွက်ခွာသွားကြတာဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် အကြီးမားဆုံး ရိုက်ခတ်မှုဖြစ်စေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဆုံးရှုံးမှုကြီးကို တဖြည်းဖြည်းချင်း လေးလေးနက်နက် ခံစားနေရပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် (World Bank) က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာရေး အစီရင်ခံစာ (Myanmar Economic Monitor) မှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အပြင်းအထန် ခံနေရတာပါ။

အဲဒီအစီရင်ခံစာထဲမှာ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးဟာ ၂၀၂၅/၂၆ ဘဏ္ဍာနှစ်မှာ ၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ၂၀၂၆/၂၇ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခန့်မှန်းချက်ကို ၃ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းကို ပြန်လည်လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ တစ်နှစ်တာ ငွေကြေးဖောင်းပွနှုန်းဟာ ၂၄.၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂၀၂၅ ခုနှစ်မှာ ၂၉.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သတိပေးထားပါတယ်။

ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အဓိကကျောရိုးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ ကျေးလက်စီးပွားရေးဟာ မကြာခင်မှာ ပြန်လည်နာလန်ထူဖို့ ခက်ခဲတဲ့အထိ ပြိုလဲသွားနိုင်ပါတယ်။ အရင်းနဲ့အမြတ် လုံးဝ မမျှတော့ပါဘူး။

ဒါဟာ တိုင်းပြည်ရဲ့ GDP ကို ထိခိုက်ရုံတင် မဟုတ်ပါဘူး။ တောင်သူတွေရဲ့ ရပ်တည်မှုကိုပါ အကြီးအကျယ် ခြိမ်းခြောက်နေတာပါ။ ရွာတစ်ရွာမှာ လယ်ယာလုပ်လို့ အဆင်ပြေတယ်ဆိုတဲ့သူဟာ ၁၀ ရာခိုင်နှုန်းတောင် မရှိတော့သလောက် နည်းပါးသွားပါပြီ။

ဒါကြောင့် အားလုံးပဲ အခြေအနေကို သတိထားပြီး တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar