ညီမလေးက "ဝုတ်" ကို ကိုးကွယ်သတဲ့လား (မောင်ရစ်)
ညီမလေးက "ဝုတ်" ကို ကိုးကွယ်သတဲ့လား
မောင်ရစ် (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၆
ဝုတ်တွေ (Woke) ကို လက်ယာစွန်းတွေ ရှေးရိုးစွဲတွေက မိစ္ဆာဒိဌိတွေလိုမျိုး ပြင်းပြင်းထန်ထန် တိုက်ကြတယ်။ လက်ရှိသမ္မတကြီးထရန့်ကတော့ ဝုတ်တွေ တင်သာမက immigrant တွေ အသားမဖြူသူတွေ ဘာသာခြားတွေ နိုင်ငံခြားတွေ အကုန်လုံးကို တိုက်ခိုက်တယ်။ ပြီးတော့ ဘိုင်ဒင်လုပ်သမျှကို ပါ တိုက်တယ်။ လက်ရှိ ရွေးကောက်ပွဲမှန်သမျှ မဲပေးသူဟူသမျှကိုလည်း သူ့မထောက်ခံဘူး ထင်တာနဲ့ တိုက်ခိုက်တော့တာပဲ။
ဝုတ် ဆိုတာက Woke နိုးထခြင်း၊ အမြင်မှန်ရခြင်း ကို ဆိုလိုတယ်။
- ကျွန်စနစ်နဲ့ နောက်ပိုင်း Jim Crow ခေတ် — လူမည်းတွေဟာ ဥပဒေနဲ့ လူမှုဘဝမှာ ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။
- ဒီလိုအခြေအနေမှာ လူမည်းအချင်းချင်း “သတိထားနေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ လူမျိုးရေးမတရားမှုတွေကို သိရှိနားလည်ထား” ဆိုတဲ့အယူအဆ ပေါ်လာပါတယ်။ လူမည်းတွေ၏ အငုံစိတ်ကို ဖွင့်ပြီး နိုးကြားမှုကို ဆွဲခေါ်လိုက်တာ ဖြစ်ပါတယ်။
- 1930s လောက်ကတည်းက “stay woke” ဆိုတဲ့အသုံးအနှုန်းကို African American အသိုင်းအဝိုင်းထဲမှာ တွေ့လာရပါတယ်။ အဓိပ္ပာယ်က အိပ်မပျော်နဲ့ဆိုတာထက် လူမျိုးရေးအန္တရာယ်နဲ့ မတရားမှုတွေကို သတိထား ဆိုတာပါ။
- 1950s–60s Civil Rights Movement ကာလမှာ ဒီလို နိုင်ငံရေးနဲ့ လူမှုရေးနိုးကြားမှု ပိုအားကောင်းလာပါတယ်။
- 2010s မှာ Trayvon Martin, Michael Brown စတဲ့ မတရားလုပ်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ Black Lives Matter လှုပ်ရှားမှု ကြောင့် “Stay Woke” ဆိုတဲ့စကားဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ လူသိများလာပါတယ်။
ဒါကြောင့် မူလ “woke” ဆိုတာ ဘယ်/ညာ နိုင်ငံရေးအယူဝါဒတစ်ခုကို ဆိုလိုတာမဟုတ်ဘဲ “လူမည်းတွေအပေါ် ဖြစ်နေတဲ့ မတရားမှုတွေကို မျက်စိဖွင့်ထား၊ သတိထား” ဆိုတဲ့သဘော ကနေ စခဲ့တာပါ။
နောက်ပိုင်းမှသာ LGBTQ+, gender, immigration, social justice စတဲ့ အခြားကိစ္စတွေအထိ “woke” ရဲ့အဓိပ္ပာယ် ကျယ်လာပြီး နိုင်ငံရေးအရ အငြင်းပွားစရာစကားလုံးတစ်ခု ဖြစ်လာတာပါ။
မြန်မာတွေမှာကော ဝုတ် ရှိလာသလား ဆိုရင်၊ ဘယ်လိုဖြေမလဲ
Woke မပေါ်ခင်က မြန်မာစာပေမှာ Woke ရှိခဲ့သလား
ဒီနေ့ခေတ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ လူမှုရေးဆွေးနွေးပွဲတွေမှာ “Woke” ဆိုတဲ့ စကားလုံးကို မကြာခဏ ကြားလာရပါတယ်။ တချို့က လူမှုရေးမမျှတမှု၊ လူမျိုးရေးခွဲခြားမှု၊ ကျားမတန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို နိုးကြားသတိပြုခြင်းလို့ နားလည်ကြသလို၊ တချို့ကတော့ လက်ဝဲယိမ်းနိုင်ငံရေးနဲ့ အလွန်အကျွံ Political Correctness ကို ကိုယ်စားပြုတဲ့ စကားလုံးအဖြစ် ဝေဖန်သုံးစွဲကြပါတယ်။
ဒါပေမယ့် “Woke” ဆိုတဲ့ စကားလုံး မြန်မာ့လူမှုအသိုင်းအဝိုင်းထဲ မရောက်လာခင်က မြန်မာစာရေးဆရာတွေဟာ ဒီနေ့ Woke လို့ခေါ်နေကြတဲ့ လူမှုရေးနိုးကြားမှုမျိုးကို ရေးသားခဲ့ကြပြီးပြီလား။ မြန်မာစာပေသမိုင်းကို ပြန်ကြည့်ရင် “စကားလုံးက အသစ်ဖြစ်ပေမယ့် နိုးကြားမှုကတော့ အသစ်မဟုတ်ဘူး” လို့ ဆိုနိုင်စရာတွေ ရှိပါတယ်။
အမျိုးသမီးတွေရဲ့အသံကို စာပေထဲ ယူလာခြင်း
ဂျာနယ်ကျော် မမလေး၊ ဒဂုန်ခင်ခင်လေး၊ ခင်မျိုးချစ်တို့လို အစောပိုင်းမျိုးဆက် စာရေးဆရာမတွေ ပေါ်ထွက်လာတဲ့ခေတ်မှာ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး၊ လူမှုဘဝ၊ ပညာရေး၊ ကိုယ်ပိုင်ရပ်တည်မှုနဲ့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေအပေါ် ချမှတ်ထားတဲ့ စံနှုန်းတွေဟာ စာပေအကြောင်းအရာအဖြစ် ပိုပြီး ထင်ရှားလာပါတယ်။
အထူးသဖြင့် ဂျာနယ်ကျော် မမလေးရဲ့ စာပေတွေကို ဒီနေ့အမြင်နဲ့ ပြန်ဖတ်တဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ မကြည့်ဘဲ အိမ်ထောင်ရေး၊ လူမှုစံနှုန်းနဲ့ အမျိုးသားအမျိုးသမီးကြား အပြိုင်အဆိုင် နဲ့ အမှီသဟဲဆက်ဆံရေးတို့ကိုပါ မေးခွန်းထုတ်ဖတ်ရှုနိုင်ပါတယ်။
ခင်မျိုးချစ်မှာလည်း ပညာတတ်၊ ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်တဲ့ အမျိုးသမီးပုံရိပ်ကို တွေ့ရပါတယ်။ တစ်ဖက်မှာ သူမဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာတန်ဖိုးတွေကိုလည်း အလေးထားသူဖြစ်တာကြောင့် ယနေ့ခေတ် အနောက်တိုင်း Woke အယူအဆတစ်ခုလုံးနဲ့ သူမကို တစ်ထပ်တည်းထားလို့ မရပါဘူး။
အဲဒီအချက်ကပဲ ဒီဆွေးနွေးချက်ရဲ့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ လူမှုရေးနိုးကြားမှုရှိတာနဲ့ ယနေ့ခေတ် Woke နိုင်ငံရေးအယူအဆအားလုံးကို လက်ခံတာတယ်လို့ ဝါးလုံးသိမ်း ဆုံးဖြတ်လို့ မရပါဘူး။
လူထုဒေါ်အမာ — အမျိုးသမီးရေးထက် ကျယ်တဲ့ လူမှုရေးနိုးကြားမှု
လူထုဒေါ်အမာကိုတော့ အမျိုးသမီးစာရေးဆရာမတစ်ဦးဆိုတဲ့ ဘောင်ထဲမှာပဲ ထည့်ကြည့်လို့ မလုံလောက်ပါဘူး။
သူမရဲ့ စာပေနဲ့ သတင်းစာရေးသားမှုတွေမှာ နိုင်ငံရေး၊ စစ်နဲ့ ငြိမ်းချမ်းရေး၊ သာမန်ပြည်သူတွေရဲ့ဘဝ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် နိုးကြားတဲ့အမြင်တွေကို တွေ့နိုင်ပါတယ်။ ဒီနေ့ Woke ရဲ့ မူလသဘောဖြစ်တဲ့ “လူ့အဖွဲ့အစည်းထဲမှာ လူအများ မမြင်ချင်တဲ့ ပြဿနာကို မျက်စိဖွင့်ကြည့်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်နဲ့ကြည့်ရင် လူထုဒေါ်အမာရဲ့ စာပေအမြင်ဟာ Social Consciousness အားကောင်းတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် သူမရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဆိုင်ရာ အမြင်အားလုံးကို ဒီနေ့အမေရိကန်နိုင်ငံရေးက “Woke” ဆိုတဲ့ဘောင်ထဲ ထည့်လိုက်ရင်တော့ သမိုင်းခေတ်နဲ့ အခြေအနေမတူတာကို လျစ်လျူရှုရာ ရောက်ပါလိမ့်မယ်။
ကြည်အေးနဲ့ သော်တာဆွေ ခေတ်ပြိုင်အမြင် ထုတ်ဖော်တဲ့ စာရေးဆရာ ၂ ဦး
အထက်က ကိုလိုနီခေတ် စာရေးဆရာမကြီးများနောက် လွတ်လပ်ရေးခေတ်ဦး ပေါ်ပေါက်လာတဲ့ စာရေးဆရာအများအပြားမှာ အသွင်မတူတဲ့ လူမှုရှုထောင့်ကနေ မြန်မာလူနေမှုစရိုက်ကို သရုပ်ဖော်သူ ၂ ဦးကို ရွေးထုတ်မယ်ဆိုရင် (မိမိသဘောတခုတည်း) အမျိုးသမီးစာရေးဆရာမ ကြည်အေးနဲ့ အမျိုးသားစာရေးဆရာ သော်တာဆွေတို့ ၂ ဦးကို ထုတ်ချင်ပါတယ်။
ကြည်အေး၏ အရေးအသားထဲမှာ အမျိုးသမီးကို ရိုးရာဝတ္ထုတွေထဲက “ချစ်သူကိုစောင့်နေသူ၊ အိမ်ထောင်ပြုရမယ့်သူ” အဖြစ်သာ မထားဘဲ ကိုယ်ပိုင်စိတ်ဆန္ဒ၊ အတွေး၊ လိင်နဲ့အချစ်အပေါ် ခံစားချက်၊ ဘဝရွေးချယ်မှုရှိတဲ့ လူတစ်ယောက် အဖြစ် မြင်လာစေပါတယ်။ လူ့စိတ်အတွင်းပိုင်း၊ အထီးကျန်မှု၊ လူမှုစံနှုန်းနဲ့ တစ်ဦးချင်းလွတ်လပ်မှုကြား ပဋိပက္ခတွေကိုလည်း ရေးပါတယ်။ ဒါကြောင့် ယနေ့ဝေါဟာရနဲ့ ပြန်ဖတ်ရင် feminist consciousness + individual autonomy ဘက်မှာ ရှေ့ပြေးဆန်တယ်လို့ ပြောလို့ရပါတယ်။
သော်တာဆွေကတော့ ကျားသဘာ၀ ပွင့်လင်းလွတ်လပ်မှု၊ သရော်မှု၊ ဟာသဉာဏ်တွေနဲ့အတူ လူအဖွဲ့အစည်းကို ဝေဖန် ထိုးဖောက် မေးခွန်းထုတ်မှုတွေနဲ့ မိမိ၏ စိတ်သဘာ၀အတိုင်း ပွင့်လင်းမှုတွေပါ ရေးသားသူ ဖြစ်လာပါတယ်။
သူ့ရဲ့ ဟာသ၊ သရော်စာနဲ့ လူမှုဘဝကို လေ့လာတဲ့အရေးအသားတွေမှာ လူ့အဖွဲ့အစည်းရဲ့ ဟန်ဆောင်မှု၊ လူတန်းစား၊ ငွေကြေး၊ အိမ်ထောင်ရေး၊ ကျားမဆက်ဆံရေး၊ လူတွေရဲ့ အယူသီးမှုနဲ့ မဆီလျော်တဲ့ လူမှုစံနှုန်းတွေကို ထိုးနှက်မေးခွန်းထုတ်တာ တွေ့ရပါတယ်။ ဒီအပိုင်းကိုတော့ woke ထက် social satire / critical social consciousness လို့ခေါ်တာ ပိုမှန်ပါတယ်။
မောင်သာရ — အများလက်ခံထားတဲ့စနစ်ကို မေးခွန်းထုတ်သူ
၁၉၆၂ နောက်ပိုင်း ဆိုရှယ်လစ်ခေတ်အောက်မှာ ပြည်သူ့အကျိုးပြုစာပေရယ်လို့ တပါတီအာဏာရှင်တွေက မောင်းသွင်းကြပေမယ့် စာရေးဆရာတိုင်းက အအဲသည်နောက်ကို မလိုက်ခဲ့ကြပါဘူး။ အကျိုးပြုစာပေဆိုတာထက် ဘ၀သရုပ်ဖော်စာပေ၊ နောက်တော့ သရုပ်မှန်စာပေ ဆိုတာမျိုးက လိုင်းဖြစ်လာပါတယ်။
မောင်သာရတို့လို စာရေးဆရာတွေဆီရောက်လာတဲ့အခါ နိုးကြားမှုရဲ့ ပုံစံက တစ်မျိုးပြောင်းလာပါတယ်။
လူ့အဖွဲ့အစည်းက မှန်တယ်၊ ပုံမှန်ပဲလို့ လက်ခံထားတဲ့အရာတွေကို သရော်ခြင်း၊ အာဏာနဲ့ လူမှုစနစ်ကို မေးခွန်းထုတ်ခြင်း၊ လူတွေရဲ့ ဟန်ဆောင်မှုနဲ့ အယူအဆတွေကို ဝေဖန်ခြင်းဟာ သူ့စာပေရဲ့ စိတ်ဝင်စားစရာ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ သူ၀တ္ထုအမျိုးအစားကို ဘ၀သရုပ်ဖော်ကနေ သရုပ်မှန်စာပေလို့ ပြောင်းလဲ ခေါ်ဆိုသူ ဖြစ်ပါတယ်။
ဒီအမြင်ကို “Woke” လို့ခေါ်မယ့်အစား Critical Social Consciousness လို့ခေါ်ရင် ပိုတိကျနိုင်ပါတယ်။
အရေးကြီးတာက “မှန်တယ်လို့ လူတိုင်းလက်ခံထားတာဟာ တကယ်မှန်ရဲ့လား” ဆိုတဲ့ မေးခွန်းကို စာပေက မေးလာတာပါ။
ခင်ဆွေဦး၊ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့၊ နုနုရည် — အောက်ခြေက အပယ်ခံလူတွေဆီ အာရုံပြုလာခြင်း
စမ်းစမ်းနွဲ့ (သာယာဝတီ)၊ နုနုရည် (အင်းဝ) တို့လို နောက်မျိုးဆက်စာရေးဆရာမတွေဆီ ရောက်လာတဲ့အခါ လူမှုရေးနိုးကြားမှုက ပိုပြီး ပွင့်လာတယ်။
အမျိုးသမီးတစ်ယောက်ဟာ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဘဝပုံစံအတိုင်းပဲ နေထိုင်ရမလား၊ သူမမှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ဘယ်လောက်ရှိသလဲ၊ လူမှုအသိုင်းအဝိုင်းရဲ့ အောက်ခြေ အပယ်ခံအလွှာရောက်နေသူတွေကို ဘယ်သူက အသံထုတ်ဖော်ပေးမလဲဆိုတဲ့ မေးခွန်းတွေ ပိုထင်ရှားလာပါတယ်။
အထူးသဖြင့် လူအများက အထင်သေးခြင်း၊ ဖယ်ကြဉ်ခြင်း၊ မမြင်ချင်ယောင်ဆောင်ခြင်း ခံရသူတွေရဲ့ဘဝကို စာပေရဲ့အလယ်ဗဟိုကို ဆွဲယူလာခြင်းဟာ ယနေ့ Woke ဆွေးနွေးချက်တွေမှာ ပြောလေ့ရှိတဲ့ အပယ်ခံ ဘေးရောက်နေတဲ့ အသံတွေ၊ ခံစားချက်တွေ - “marginalized voices” ဆိုတဲ့အယူအဆနဲ့ ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။
ဒါပေမယ့် သူတို့က အနောက်တိုင်း Woke theory တစ်ခုကို ယူပြီး မြန်မာလူ့အဖွဲ့အစည်းအပေါ် တင်ရေးခဲ့တာလို့ ဆိုလိုတာ မဟုတ်ပါဘူး။
သူတို့မြင်ခဲ့တာက ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ ကိုယ့်လူမှုအသိုင်းအဝိုင်းထဲက မညီမျှမှုတွေနဲ့ ကိုယ့်ခေတ်ရဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
ခင်ဆွေဦးနဲ့ မိုးမိုး (အင်းလျား) တို့ရဲ့ စာပေတွေမှာ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်နဲ့အိမ်ထောင်ရေးကို အချစ်ဇာတ်လမ်းတစ်ခုအဖြစ်သာ မကြည့်တော့ဘဲ မိသားစုတာဝန်၊ လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်၊ အမျိုးသမီးရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ အတွင်းစိတ်တို့ကြားက ပဋိပက္ခတွေကို ပိုပြီး အာရုံစိုက်လာတာ တွေ့ရပါတယ်။
အမျိုးသမီးတစ်ယောက် ဘာကိုရွေးချယ်ချင်သလဲဆိုတာထက် လူမှုအသိုင်းအဝိုင်းက သူမကို ဘာရွေးချယ်စေချင်သလဲဆိုတဲ့ မေးခွန်းဟာ ဒီလိုစာပေတွေကို ပြန်ဖတ်တဲ့အခါ အရေးပါလာပါတယ်။ ဒီနေရာမှာ “အမျိုးသမီးရဲ့ ကိုယ်ပိုင်အသံ” ဟာ စာပေရဲ့ အလယ်ဗဟိုဆီ တဖြည်းဖြည်း ရောက်လာပါတယ်။
စမ်းစမ်းနွဲ့ (သာယာ၀တီ) ဆီရောက်လာတဲ့အခါ ဒီလူမှုရေးအမြင်ဟာ ပိုပြီး ပြတ်သားလာပါတယ်။ အမျိုးသမီးဘဝ၊ လူမှုအဆင့်အတန်းနဲ့ လူ့အသိုင်းအဝိုင်းအတွင်း မညီမျှမှုတွေကို မြင်အောင်ရေးသားခြင်းကနေ လူအများ လက်ခံထားတဲ့ လူမှုစံနှုန်းတွေကို ပြန်လည်မေးခွန်းထုတ်လာပါတယ်။
နုနုရည် (အင်းဝ) လက်ထဲမှာတော့ စာပေရဲ့မျက်လုံးဟာ လူမှုအသိုင်းအဝိုင်းရဲ့ အစွန်အဖျားရောက်နေသူတွေဆီကို ပိုပြီး ရောက်သွားပါတယ်။ လူအများက အထင်သေးသူ၊ ဖယ်ကြဉ်သူ၊ မမြင်ချင်ယောင်ဆောင်သူတွေရဲ့ ဘဝနဲ့ လူသားဖြစ်တည်မှုကို စာပေရဲ့အလယ်ဗဟိုကို ဆွဲယူလာခြင်းဟာ အရေးပါလာပါတယ်။
ဒီနေရာမှာ “Woke” ရဲ့ မူလအနှစ်သာရတစ်ခုဖြစ်တဲ့ လူအများ မမြင်တဲ့သူကို မြင်ခြင်း၊ အသံမကြားရတဲ့သူရဲ့အသံကို ကြားအောင်လုပ်ခြင်း ဆိုတဲ့သဘောနဲ့ ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။
ဒါပေမယ့် ဒီစာရေးဆရာမတွေဟာ ယနေ့ခေတ်အနောက်တိုင်းက “marginalized groups” ဆိုတဲ့ သီအိုရီကိုယူပြီး မြန်မာလူမှုအသိုင်းအဝိုင်းပေါ် တင်ရေးခဲ့ကြတာလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သူတို့ရေးခဲ့တာက သူတို့မျက်စိရှေ့မှာရှိနေတဲ့ မြန်မာလူမှုဘဝကို ရိုးရိုးသားသား ထုတ်ဖော် ရေးသာခဲ့ကြခြင်းပါပဲ။
ဒါကြောင့် သူတို့ကို “Woke စာရေးဆရာမများ” လို့ နောက်ကြောင်းပြန်တံဆိပ်ကပ်တာထက် မြန်မာစာပေရဲ့ လူမှုရေးနိုးကြားမှုကို အမျိုးသမီးဘဝကနေ လူမှုဘဝရဲ့ အောက်ခြေအလွှာအစွန်အဖျားအထိ တဖြည်းဖြည်း ချဲ့ထွင်ပေးခဲ့သူများ လို့ ဖတ်ရှုတာ ပိုသင့်တော်ပါတယ်။
ဂျူး — လူကနေ အမျိုးသမီးအရေး ပြီးတော့ သဘာဝပတ်ဝန်းကျင်အထိ
၁၉၈၀ နှောင်းပိုင်း ဂျူးရဲ့စာပေကို ရောက်လာတဲ့အခါ နောက်ထပ်စိတ်ဝင်စားစရာ အလွှာတစ်ခု ပေါ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ အချစ်နဲ့ အိမ်ထောင်ရေးအပေါ် လူမှုအသိုင်းအဝိုင်းက ချမှတ်ထားတဲ့ စံနှုန်းတွေကို မေးခွန်းထုတ်တာတွေအပြင် သဘာဝပတ်ဝန်းကျင်၊ လူသားနဲ့သဘာဝကြား ဆက်နွယ်မှု၊ သဘာဝကို ထိန်းသိမ်းတန်ဖိုးထားဖို့ လိုအပ်မှုတို့လည်း သူမရဲ့စာတွေထဲမှာ တွေ့ရပါတယ်။
ဒီနေ့ခေတ်မှာ Environmental Awareness ကို Progressive Politics နဲ့ မကြာခဏ ဆက်စပ်ကြပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအယူအဆကို Woke နဲ့ တစ်ထပ်တည်းထားလို့တော့ မရပါဘူး။
ဒါပေမယ့် လူသားက ကိုယ့်အကျိုးအတွက် သဘာဝကို အကန့်အသတ်မရှိ အမြတ်ထုတ်ခွင့်၊ အသုံးချခွင့်ရှိသလားဆိုတဲ့ မေးခွန်းဟာ လူ့အဖွဲ့အစည်းရဲ့ လက်ခံထားတဲ့ အယူအဆတစ်ခုကို ပြန်လည်မေးခွန်းထုတ်ခြင်းဖြစ်လို့ နိုးကြားမှုရဲ့ အခြားပုံစံတစ်ခုလို့ ဆိုနိုင်ပါတယ်။
Woke ကို အနောက်တိုင်းက တင်သွင်းလာတာလား
မြန်မာစာရေးဆရာတွေဟာ “Woke” ဆိုတဲ့စကားလုံး ဒီနေ့လို နိုင်ငံတကာမှာ မခေတ်စားခင်ကတည်းက သူတို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အမျိုးသမီးမညီမျှမှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ အာဏာရှိသူတွေနဲ့ လူထုကြားကဆက်ဆံရေး၊ လူမှုအဆင့်အတန်း၊ ဖယ်ကြဉ်ခံရသူတွေရဲ့ဘဝ၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ရေးသားခဲ့ကြပြီးသား ဖြစ်လို့ပါ။
ဒါကြောင့် မြန်မာစာပေထဲက Social Consciousness ကို အနောက်တိုင်း Woke ရဲ့ မိတ္တူတစ်ခုလို့ မြင်တာထက် လူ့အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင် အခြေအနေကနေ ပေါ်ထွက်လာနိုင်တဲ့ “ရုန်းကန်မှု” “နိုးကြားမှု” တစ်မျိုးလို့ မြင်တာ ပိုသင့်တော်ပါတယ်။
Woke ဆိုတဲ့တံဆိပ်ကို သတိထားရမယ်
တစ်ဖက်မှာလည်း ဂျာနယ်ကျော် မမလေး၊ ခင်မျိုးချစ်၊ လူထုဒေါ်အမာတို့ကို “သူတို့ဟာ Woke စာရေးဆရာမတွေပါ” လို့ တန်းပြီးခေါ်လိုက်တာက သမိုင်းကို နောက်ခေတ်ဝေါဟာရနဲ့ ပြန်တံဆိပ်ကပ်သလို ဖြစ်သွားနိုင်ပါတယ်။ သူတို့တစ်ဦးချင်းစီမှာ မတူညီတဲ့ နိုင်ငံရေးအမြင်၊ ယဉ်ကျေးမှုအမြင်၊ အမျိုးသားရေးအမြင်နဲ့ ခေတ်နောက်ခံတွေ ရှိကြပါတယ်။
သူတို့ Woke ဖြစ်ခဲ့သလား … မဟုတ်ပါဘူး။
သူတို့ခေတ်က လူအများ သာမန်လို့လက်ခံထားတဲ့ ဘယ်အရာတွေကို သူတို့ မေးခွန်းထုတ်ရဲခဲ့ကြသလဲ ဆိုတာပါ။
အမျိုးသမီးတစ်ယောက်မှာ ကိုယ့်ဘဝကိုယ် ရွေးချယ်ခွင့်ရှိသလား။
အာဏာရှိသူတွေ ပြောတာတိုင်း မှန်သလား။
လူမှုအသိုင်းအဝိုင်းက ဖယ်ကြဉ်ထားသူတွေရဲ့ အသံကို ဘယ်သူနားထောင်မလဲ။
ရိုးရာအစဉ်အလာတိုင်း ထိန်းသိမ်းရမယ့်အရာလား။
လူသားမှာ သဘာဝဝန်းကျင်ကို စိတ်ကြိုက်ဖျက်ဆီးသုံးစွဲခွင့် ရှိသလား။
ဒီမေးခွန်းတွေကို မြန်မာစာပေက အချိန်အတော်ကြာကတည်းက မေးခဲ့ပါတယ်။
ဒါကြောင့် “Woke မပေါ်ခင်က မြန်မာစာပေမှာ Woke ရှိခဲ့သလား” ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်—
Woke ဆိုတဲ့ နာမည်တော့ မရှိခဲ့ဘူး။ ဒါပေမယ့် လူမှုအသိုင်းအဝိုင်းက မမြင်ချင်တဲ့အရာတွေကို မြင်အောင်ကြည့်ခြင်း၊ မမေးချင်တဲ့မေးခွန်းတွေကို မေးခြင်း၊ အသံမထွက်နိုင်သူတွေရဲ့ဘဝကို စာပေထဲ အသံပေးခြင်းဆိုတဲ့ “နိုးကြားမှု” ကတော့ မြန်မာစာပေထဲမှာ ရှိခဲ့တာ ကြာပါပြီ။
စကားလုံးက အသစ်ဖြစ်နိုင်ပါတယ်။
နိုးကြားမှုကတော့ မြန်မာမှာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ အသစ်မဟုတ်ပါဘူး။
မြန်မာစာပေ၊ မြန်မာစာရေးသူနဲ့ မြန်မာစာဖတ်ပရိသတ်ဟာ နိုးကြားနေဆဲဖြစ်တဲ့ အဆင့်ဆင့် ရှင်သန်စီးဆင်းနေတဲ့ မြစ်ကြီးတစင်းပါ။ ရေသေကန် တခု မဟုတ်ပါဘူး။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
