Breaking News

အာဏာသိမ်းစစ်တပ်ရဲ့ ရခိုင်ပြည်နယ် ထိုးစစ်ရဲ့ အလားအလာ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၉ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၆

 

အာဏာသိမ်းစစ်တပ်ရဲ့ ရခိုင်ပြည်နယ် ထိုးစစ်ရဲ့ အလားအလာ

၂၀၂၃ ခုနှစ် ကုန်ခါနီးနဲ့ ၂၀၂၄ ခုနှစ် အစပိုင်းမှာ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရဲ့ မြို့တွေ တမြို့ပြီးတမြို့ တိုက်ခိုက်သိမ်းယူခဲ့ပြီး ၂ နှစ်ကျော် ၃ နှစ်နီးပါး ကြာမြင့်ချိန်မှာ အာဏာသိမ်းစစ်တပ် အနေနဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတရပ်ကို စက်တင်ဘာ ၄ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၃ မြို့နယ်ရဲ့ မြို့တွေနဲ့ ဆက်စပ်ဒေသအချို့ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ မြို့တွေနဲ့ နယ်မြေတွေ ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ပြီး မြေပြင်နဲ့ ရေကြောင်းက အထောက်အကူ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ၃ မျိုးသော လမ်းကြောင်းတွေနဲ့ တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်တွေဟာ စက်တင်ဘာ ၄ ရက်နေ့က စတင်ပြီး စစ်တွေမြို့နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းကို တိုက်ခိုက်လာခဲ့ရာမှာ စက်တင်ဘာ ၈ ရက်နေ့ဝန်းကျင်ထိ ကြီးကြီးမားမား အောင်မြင်တာမျိုး မတွေ့ရသေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့ အနေအထားဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေမှာ တွေ့ရတာပါ။

ရခိုင်ပြည်နယ်ကို ကုန်းလမ်းဝင်ပေါက်အဖြစ် အသုံးပြုကြတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း မင်းဘူးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ အမ်းတောင်ကြားလမ်း၊ ပဲခူးတိုင်း ဥသျှစ်ပင်ကနေ တောင်ကုတ်မြို့ ဝင်တဲ့လမ်းနဲ့ ဧရာဝတီတိုင်း ဂွမြို့နယ် အစပ်ကနေ ရခိုင်ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်တဲ့ ဝင်ပေါက်တွေမှာ စစ်အင်အား ထောင်ဂဏန်းနဲ့ ထပ်မံဖြည့်ပြီး မြေပြင်ကရော လေကြောင်းအကူအညီနဲ့ပါ ရခိုင်ပြည်နယ်ထဲ ထိုးစစ်ဆင်ဖို့ ရည်ရွယ်ထားပုံရတယ်လို့ အကဲခတ်သူတွေက ယူဆနေကြပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီနယ်ကနေ ရခိုင်ပြည်နယ်မြောက်ဘက်ကို ဝင်ရောက်ဖို့လည်း ရည်ရွယ်ထားပုံရသလို မကွေးတိုင်းနဲ့ အမ်း ထိစပ်ရာကနေလည်း ဝင်ရောက်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

သို့ပေမဲ့ ဘယ်ဝင်ပေါက်က အင်အားဘယ်လောက် ရှိသလဲတော့ တိတိပပ မသိကြသေးသလို AA ကို စစ်ရေးပရိယာယ်အရ အယောင်ပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နှစ်နှစ်ကျော်ကာလ တလျှောက်လုံး ရခိုင်ပြည်နယ်ကို ပြန်ထိုးစစ်မဆင်နိုင်ခဲ့တဲ့ အနေအထားကနေ တပ်ချုပ်ရဲဝင်းဦး တာဝန်ယူပြီးနောက် အခုလို ၄၉၂၆ လို့ စစ်တပ်ထောက်ခံသူတွေ ခေါ်ဝေါ်နေကြတဲ့ ထိုးစစ်ဆင်လာတာဟာ တပ်ချုပ်သစ်အနေနဲ့ အစွမ်းပြချင်လို့ လုပ်တာလားဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတာ တွေ့ရပါတယ်။

မကြာသေးခင်က တပ်ချုပ်ရာထူးရလာတဲ့ ရဲဝင်းဦး အနေနဲ့ စစ်တပ်ကို သူ့စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်တဲ့ အနေအထားတော့ မရှိလောက်သေးဘူးလို့ ယူဆရပါတယ်။ မင်းအောင်လှိုင် အနေနဲ့ စစ်တပ်နဲ့ ပတ်သက်တာမှန်သမျှ ရဲဝင်းဦး အပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်အပြည့်အဝ ပေးထားလိမ့်မယ်လို့ ယူဆလို့ မရသေးတဲ့ အနေအထား ဖြစ်နိုင်ပါတယ်။

အခုလို ရခိုင်ပြည်နယ် ထိုးစစ်ဟာ ရွေးကောက်ပွဲပြီးနောက် အသစ်ဖွဲ့ခဲ့တဲ့ ကြံ့ခိုင်ရေးနာမည်ခံတဲ့ စစ်အစိုးရအနေနဲ့ သံတမန်ရေးနယ်ပယ်မှာ အထိုက်အလျောက် အသိအမှတ်ပြုခံရတာတွေရှိလာချိန်မှာ ပြည်တွင်းမှာ ဆုံးရှုံးလက်လွှတ်ထားရတဲ့ နယ်မြေပြန်လည် ထိန်းချုပ်နိုင်ရေးကို လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။ ကုလားတန်မြစ်စီမံကိန်း၊ ကလေး-တမူး ၃ နိုင်ငံ အာရှလမ်း စီမံကိန်း စတာတွေကို အကောင်အထည်ဖော်နိုင်ဖို့ အိန္ဒိယကို ကတိပေးခဲ့တာနဲ့အညီ နယ်မြေထိန်းချုပ်နိုင်ရေးကို လုပ်လာတာလို့ ကောက်ချက်ချရပါတယ်။ အခုလို စစ်ဆင်ရေးတွေမှာ ပတ်သက်ဆက်နွှယ်တဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ အိန္ဒိယ အနေနဲ့ စစ်ရေးနည်းပညာ၊ စစ်လက်နက် ရောင်းချပေးတာမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ရခိုင်ပြည်နယ်ကို စစ်ဆင်ရေး ဖော်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်းက ဧရာဝတီမြစ်ကြောင်းတလျှောက်က MDY PDF တပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေအများအပြားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနစ်အတွင်း ထိုးစစ်ဆင်ပြီး သိမ်းယူပြီးနောက်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်နေတဲ့ဒေသတွေကို ပိုထိန်းချုပ်လာနိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ကျယ်ပြန့်တဲ့ စစ်ကိုင်းတိုင်းကို မထိန်းချုပ်နိုင်သေးသည့်တိုင် ကချင်နဲ့ စစ်ကိုင်းထိစပ်ရာ နယ်မြေ၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ထိစပ်ရာ ဒေသတွေ၊ မြစ်ကြောင်းလမ်း၊ မန္တလေး-မြစ်ကြီးနား ကားလမ်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေတာ တွေ့မြင်လာရပါတယ်။ မြေပြင်နဲ့ မြစ်ကြောင်း ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေတာ ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ အထက်ဖော်ပြခဲ့သလို မြန်မာနိုင်ငံအထက်ပိုင်းမှာ ထိုးစစ်နဲ့ နယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးပမ်းနေတဲ့ အနေအထားမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တခုလုံး နီးပါး လက်လွှတ်ဆုံးရှုံးထားရတဲ့အတွက် တချိန်ချိန်မှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လိမ့်မယ် ဆိုတာ အကဲခတ်သူတိုင်းလောက်က တွက်ဆထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ AA လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း အခုလို အခြေအနေမျိုး တနေ့ရင်ဆိုင်ရမယ်ဆိုတာ တွက်ဆထားပြီး ဖြစ်ပါလိမ့်မယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအားလုံးနီးနီး ထိန်းချုပ်ထားနိုင်တဲ့ ကာလတွေအတွင်း စစ်သည်အင်အားကို တောက်လျှောက် စုဆောင်းနေခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကထက် စစ်သည်အင်အား သိသာစွာ တိုးတက်များပြားလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံအခြေစိုက် လက်နက်ကိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတခုက AA လက်နက်ကိုင်အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေအနက် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်လာနေတဲ့အကြောင်း မကြာသေးမီက အစီရင်ခံစာထဲ ဖော်ပြခဲ့ပါသေးတယ်။ အဆိုပါ သုတေသနအဖွဲ့ရဲ့ ခန့်မှန်းဖော်ပြချက်အရ AA လက်နက်ကိုင် အဖွဲ့မှာ စစ်သည်အင်အား ၄ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က အစိုးရဆိုတဲ့ အခွင့်အလမ်းသာတဲ့ နေရာမှာရှိတဲ့အချက်၊ နိုင်ငံရဲ့ နယ်မြေ အများအပြား လက်လွှတ်ထားရတဲ့တိုင် သယံဇာတနဲ့ အခွန်အကောက်က ရရှိနေတဲ့ ဝင်ငွေကို စီမံအသုံးပြုနိုင်တဲ့ အနေအထား၊ စီးပွားရေး ဗဟိုချက်မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့တွေကို ထိန်းချုပ်ထားတာကြောင့် အခွင့်သာမှုတွေ နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အင်အား အရွှေ့အပြောင်း လုပ်နိုင်တဲ့ အားသာချက်၊ ရေတပ်နဲ့ လေတပ်တို့ အကူအညီယူပြီး တိုက်ခိုက်နိုင်မှုတွေက စစ်တပ်အဖို့ အားသာချက်တွေ ဖြစ်နေဆဲ ဆိုတာ အချက်အလက်အားဖြင့် ထည့်သွင်းစဥ်းစားရမယ့် အရာတွေ ဖြစ်ပါတယ်။

ULA/AA အဖို့တော့ ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားပေမယ့် အခုလို စစ်ဖြစ်နေတဲ့ကာလမှာ အခွန်အကောက်ရရှိတာထက် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး လိုကဏ္ဍတွေ လည်ပတ်ဖို့ ရှိတဲ့အရင်းအမြစ်တွေကို ဝေမျှသုံးစွဲနေရတာ စစ်ပွဲဖြစ်နေတဲ့ စစ်မြေပြင်မျက်နှာစာတွေမှာ နေ့စဥ်နဲ့အမျှ ခဲယမ်း၊ လက်နက်နဲ့ ရိက္ခာအသုံးစရိတ်တွေ စတဲ့ဝန်ထုပ်ဝန်ပိုးတွေက အချိန်ကာလ ရှည်ကြာတာနဲ့အမျှ နှေးကွေးအောင်နောက်ကနေ ဆွဲထားတဲ့ အရာတွေသဖွယ် ဖြစ်စေတယ်လို့ ယူဆရပါတယ်။

အာဏာသိမ်းစစ်တပ် ထောက်ခံသူတွေ ခေါ်ဆိုတဲ့ ၄၉၂၆ စစ်ဆင်ရေး စတင်တာ ရက်သတ္တပတ် နီးပါးရှိလာချိန်မှာ စစ်ပွဲရဲ့ ရလဒ်ကို အဖြေထုတ်ဖို့ စောလွန်းနေပါသေးတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်သစ် ရဲဝင်းဦးရဲ့ အမိန့်ပေး ကွပ်ကဲမှုနဲ့ ၂ နှစ် ကျော်အတွင်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို ဆင်နွှဲတဲ့ ထိုးစစ်ဟာ ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမဲ့ အခြေအနေ ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar