Breaking News

ခွင့်ပြုနိုင်ငံနဲ့ ဒေသကို ကျော်လွန်သုံးနေတဲ့ စတားလင့်ခ် အင်တာနက် သုံးစွဲစရိတ် တိုးမြှင့်မဲ့ အသိပေးချက်ပေါ်ထွက်လာ


မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၆


ခွင့်ပြုနိုင်ငံနဲ့ ဒေသကို ကျော်လွန်သုံးနေတဲ့ စတားလင့်ခ် အင်တာနက် သုံးစွဲစရိတ် တိုးမြှင့်မဲ့ အသိပေးချက်ပေါ်ထွက်လာ

စစ်အာဏာသိမ်းပြီးနောက် ဖုန်း၊ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်တွေ ပိတ်ချခံရတာ၊ လက်နက်ကိုင် ပဋိပက္ခတွေအကြား ဆက်သွယ်ရေးကွန်ရက်ရဲ့ တာဝါတိုင်တွေ ပျက်စီးတာ၊ ဖျက်ဆီးခံရတာနဲ့ စစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ ဆက်သွယ်မှု ကွန်ရက်တွေကို ဖျက်ဆီးတိုက်ခိုက်မှုတွေကြောင့် ဖုန်းဆက်သွယ်မှုနဲ့ မြို့တွေမှာ ဖိုင်ဘာအင်တာနက် ဆက်သွယ်မှု၊ မိုဘိုင်းအင်တာနက် ဆက်သွယ်မှုတွေ မရရှိတော့တဲ့ ဒေသတွေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တောက်လျှောက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၈-၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ်မှာ Arakan Army နဲ့ စစ်တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းက ရခိုင်ပြည်နယ်ကို အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ခဲ့တာ နှစ်နဲ့ချီကြာမြင့်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပြီး ထိုစဥ်က ကမ္ဘာမှာအင်တာနက် ဆက်သွယ်မှု အကြာရှည်ဆုံး ဖြတ်တောက်ခံရတဲ့ ဖြစ်ရပ် အနေနဲ့ စာရင်းဝင်ခဲ့ ဖူးပါတယ်။ သို့ပေမဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြား အင်တာနက် ဖြတ်တောက်ခံရတဲ့ အဖြစ်တွေက ထူးဆန်းတဲ့ အဖြစ်အပျက်တွေ မဟုတ်တော့တဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ 

စစ်အာဏာသိမ်းခါစ အစောပိုင်း ကာလတွေတုန်းက ဖုန်း နဲ့ အင်တာနက် ဆက်သွယ်ရေးတာဝါတိုင်တွေကို ရန်သူဘက်ကို သတင်းအချက်အလက် မပေါက်ကြားစေဖို့ အတွက် အာဏာသိမ်းစစ်တပ်၊ အချို့ဒေသတွေမှာ PDF တပ်ဖွဲ့တွေက ဖြတ်တောက်ခဲ့တာမျိုး ဖြစ်ပြီး နောက်ပိုင်းမှာတော့ တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်ထားတဲ့နယ်မြေဒေသတခုလုံး မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှု လုံးဝပြတ်တောက်သွားတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမျိုးမှာ အဆိုပါ ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူလူထုတွေ နဲ့ လက်နက်ကိုင် အဖွဲ့အစည်း၊ အများပြည်သူ ဝန်ဆောင်မှု ဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေးလိုကဏ္ဍတွေ အနေနဲ့ ဆက်သွယ်ရေးအတွက် Starlink ဂြိုဟ်တု ဆက်သွယ်ရေးကွန်ရက်ရဲ့ မိုဘိုင်းအင်တာနက်တွေကို ဝယ်ယူအသုံးပြုလာကြတာ ဖြစ်ပါတယ်။ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေလောက်ကတည်းက Starlink အင်တာနက် စက်တွေကို ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ သြစတြေးလျတို့ရှိ အရောင်းဌာနတွေက ဝယ်ယူတင်သွင်းကာ မြန်မာနိုင်ငံ တနံတလျား Starlink ဂြိုဟ်တု အင်တာနက်ကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ 

Starlink ဂြိုဟ်တု အင်တာနက်စက်ဟာ ကုမ္ပဏီထံက ဝယ်ယူရတဲ့ စျေးနှုန်းအနေနဲ့ အမေရိကန် ဒေါ်လာ ၅၀၀ ဝန်းကျင်သာ ရှိတယ်ဆိုပေမဲ့ Starlink အရောင်းကိုယ်စားလှယ်ရှိတဲ့ နိုင်ငံတွေကနေမှာယူတင်သွင်းပြီး မြန်မာနိုင်ငံ ထိုင်း နယ်စပ်ဒေသတွေကတဆင့် ပြည်တွင်းအထိရောက်ရှိတဲ့အခါမှာ ဒေါ်လာ ၂ ထောင်ကနေ ၃ ထောင်လောက်အထိပေးပြီး ဝယ်ယူကြရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း Starlink ဂြိုဟ်တုဆက်သွယ်ရေးစက်ကို တရားဝင် ခွင့်ပြုထားတာ မဟုတ်တာကြောင့် ဖြတ်သန်းသယ်ဆောင်တာမျိုးမှာ သိမ်းဆည်းတာ၊ ၄င်းတို့နိုင်ငံရဲ့ ဆက်သွယ်ရေး၊ ကုန်စည်တင်သွင်းမှုဆိုင်ရာ ဥပဒေတွေအရ အရေးယူနိုင်တဲ့ အနေအထားမျိုးဖြစ်တာကြောင့် မြန်မာနိုင်ငံတွင်း ရောက်ရှိလာတဲ့ Starlink စက်တွေရဲ့ ဈေးနှုန်းက ကြီးမြင့်တဲ့သဘော ဖြစ်ပါတယ်။ 

Starlink အင်တာနက် စက်တွေကို မြန်မာနိုင်ငံထဲက အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက လူထုတွေ၊ လက်နက်ကိုင် အဖွဲ့တွေတင် အသုံးပြုကြတာမဟုတ်ဘဲ မြန်မာ ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ် ဒေသတွေက လက်နက်ကိုင်အဖွဲ့တွေရဲ့ လုံခြုံရေးအကာအကွယ်ရယူပြီး လုပ်ကိုင်နေကြတဲ့ တရုတ်ဘာသာနဲ့ ကျားဖြန့်လို့ ခေါ် ဆိုတဲ့ အွန်လိုင်းငွေလိမ်လည် ရာဇဝတ်ဂိုဏ်းတွေကပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ တာချီလိတ်နဲ့ မြဝတီမြို့နယ်တွေမှာ မြန်မာနိုင်ငံဘက် အခြမ်းမှာ လုပ်ကိုင်နေကြတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေက ထိုင်းနိုင်ငံက သွယ်ယူထားတဲ့ အင်တာနက်လိုင်းတွေကို အသုံးပြုနေကြတာကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွေမှာ ထိုင်းနိုင်ငံရဲ့ ကျားဖြန့်နှိမ်နှင်းရေး စီမံချက်အရ  နယ်စပ်ဖြတ်ကျော်တဲ့ ဖိုင်ဘာကေဘယ်လိုင်းတွေကို ဖြတ်တောက်ဖို့ အမိန့်ထုတ်ခဲ့သလို အခါအားလျော်စွာလည်း တိတ်တဆိတ်ခိုးသွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လိုင်းတွေကို ဖော်ထုတ် အရေးယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေက Starlink ဂြိုဟ်တု အင်တာနက်စက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်နဲ့ အတော်အတန်ဝေးကွာတဲ့ အတွင်းပိုင်းကျတဲ့ ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်နေကြသူတွေဟာ Starlink အင်တာနက်ကို အသုံးပြုနေခဲ့ကြတာကြောင့် Starlink ကုမ္ပဏီအနေနဲ့ မြန်မာ-ထိုင်းနယ်စပ်က Starlink စက်တွေကို ပိတ်ဖို့ အမေရိကန်နိုင်ငံဘက်မှာ ဖိအားပေးခံလာရတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အခါအားလျော်စွာ ဝန်ဆောင်မှု ပိတ်ပင်ခံရတဲ့ Starlink စက်တွေ ရှိခဲ့ပေမဲ့ အခုတကြိမ်လို သုံးစွဲခွင့် မူဝါဒပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။ အခုရက်ပိုင်းအတွင်း Starlink  ကုမ္ပဏီက သုံးစွဲသူတွေထံ ပေးပို့တဲ့ အသိပေးချက်မှာ လာမဲ့ သြဂုတ်လ ၁၇ ရက်နေ့က စတင်ပြီး ခွင့်ပြုထားတဲ့ နိုင်ငံကနေ နယ်မြေကျော်လွန် သုံးစွဲနေတဲ့ Starlink စက်တွေကို ယခင်လို သုံးစွဲတဲ့ ဒေတာပမာဏ အကန့်အသတ်မရှိ ခွင့်ပြုတာမျိုးမဟုတ်တော့ဘဲ ဒေတာ ပမာဏအလိုက် လစဥ်ကြေးပေးသွင်းဖို့ သတ်မှတ်လိုက်တဲ့အကြောင်း ပါရှိတာပါ။ 

အသစ်သတ်မှတ်ချက် အရဆို အနိမ့်ဆုံး ဒေတာ ပက်ကေ့ချ် ဖြစ်တဲ့ 50 ဂစ်ဂါဘိုက် ပမာဏနဲ့ လစဥ်ကြေး ပေါင်းလိုက်ရင် တလကို ဒေါ်လာ ၂၅၆ ဒေါ်လာဝန်းကျင် ကျသင့်မှာဖြစ်ပြီး အဆိုပါ ၅၀ ဂစ်ဂါဘိုက် ဒေတာပမာဏ ကျော်လွန်သွားလို့ နောက်ထပ် ၅၀ ဂစ်ဂါဘိုက်ထပ်ဝယ်ယူရင် နောက်ထပ် ၉၅ ဒေါ်လာ ထပ်မံပေးရမဲ့သဘော ဖြစ်ပါတယ်။ 

မြန်မာငွေနဲ့ တွက်ချက်ရင် တလကို အနည်းဆုံး ၁၀ သိန်းဝန်းကျင်က စတင်ပေးဆောင်ရမဲ့ သဘောဖြစ်ပြီး Starlink ကို အင်တာနက်ဆိုင်အဖြစ် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသူတွေ အဖို့ ယခုလက်ရှိ ကောက်ယူနေတဲ့ တနာရီ ကျပ် ၅၀၀ ကနေ ၂၀၀၀ ဝန်းကျင်ဈေးနှုန်းနဲ့ မဖြစ်နိုင်တော့တဲ့ အနေအထားမျိုး ရင်ဆိုင်ကြရမဲ့သဘော ဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေနဲ့ အချို့ ကြားနယ်မြေတွေမှာ Starlink အင်တာနက်ကို လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက်ကူညီရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူ ဒေသခံတွေပါ အားကိုးအားထားပြုနေကြရတာ ဖြစ်ပါတယ်။  

ယနေ့ခေတ် ကာလမှာ အင်တာနက် အသုံးပြုခြင်းဟာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အတွက် မရှိမဖြစ်တဲ့ ဆက်သွယ်ရေး နည်းလမ်းတခု တနယ်တကျေးရောက် မိသားစုဝင်တွေရဲ့ ငွေကြေးထောက်ပံ့တာ၊ စီးပွားရေး အရောင်းအဝယ် လုပ်ငန်းတွေမှာ ပေးချေတာနဲ့ နိုင်ငံရေး စစ်ရေးတွေမှာပါ မရှိမဖြစ်တဲ့ ဆက်သွယ်ရေးနည်းလမ်း တခုဖြစ်နေပါပြီ။ နေ့စဥ်ဘဝထဲက အင်တာနက်ကို ဖယ်ထုတ်လို့မရလောက်အောင် ကိစ္စတိုင်းမှာ အသုံးပြုနေကြရတဲ့ အနေအထား ရောက်နေတာ ဖြစ်ပါတယ်။ 

သာမန်ပြည်သူတွေ အနေနဲ့ စစ်ပွဲတွေကြားထဲ အသက်အန္တရာယ်မကျရောက်စေဖို့လည်း အင်တာနက် ဆက်သွယ်ရေး ရှိဖို့ အရေးကြီးပါတယ်။ စစ်ကြောင်းတွေ၊ တိုက်ပွဲတွေ မိမိတို့ နေထိုင်ရာ မြို့၊ ကျေးရွာကို ရောက်လာနေသလား၊ မိမိတို့ လက်ရှိနေထိုင်ရာနေရာက လုံခြုံသလား ဆိုတဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ အင်တာနက် ဆက်သွယ်မှုက အရေးတကြီး လိုအပ်တာပါ။ 

အင်တာနက်ဆက်သွယ်မှု မရတော့တဲ့အခါ ပညာရေးနဲ့ လူထုအကြား အပြန်အလှန် ဆက်သွယ်မှုတွေ၊ အုပ်ချုပ်ရေးယန္တရား၊ အရပ်သား ပြည်သူတွေအနေနဲ့ စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့ ပိုမိုခက်ခဲလာမဲ့ အနေအထားလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar