Breaking News

သီအိုဇော် - မပြီးသေးသောအိပ်မက် မဆုံးသေးသောခရီးရှည် (၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာ)



သီအိုဇော် - မပြီးသေးသောအိပ်မက် မဆုံးသေးသောခရီးရှည် (၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာ)

မိုးမခ ၊ ဇူလိုင် ၁၉ ၊ ၂၀၂၆


လွန်ခဲ့တဲ့ ၇၉ နှစ်က

ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်

ဒီနေ့ထက်ထိ ငါတို့ရင်ကို

တချက်ပြီး တချက် လာမှန်နေတုန်းပဲ။


ကောင်းကင်အတွက်ကျတော့

အလင်းလက်ဆုံး

ကြယ်ကိုးစင်းကို ပေးခဲ့လိုက်ရတယ်

အမိမြေအတွက် ပြန်ရခဲ့တာက

ပြက္ခဒိန်ထဲက မလိုချင်ဆုံး နေ့တရက်

တတိုင်းပြည်လုံးရဲ့ နှလုံးသားကို

အပ်ဖျားနဲ့ အခါခါဆွပြီး

ကျဉ်စက်နဲ့ အထပ်ထပ်တို့ခဲ့တဲ့

အဲဒီ ၁၉ ဇူလိုင်မနက်မှာ

မျက်ရည်နဲ့ မိုးစက် ရောယှက်သွားခါမှ

နာကျင်စွာ လက်ခံလိုက်ကြရတယ်

အိပ်မက်မဟုတ်ဘူး

ဒါ…. အိပ်မက်မဟုတ်ဘူးလို့။


သူတို့အသက်နဲ့

ရက်ရက်ရောရော အုတ်မြစ်ချခဲ့တဲ့ လွတ်လပ်ရေး

သူတို့အသွေးနဲ့လည်း မော်ကွန်းရေးထိုးပေးခဲ့တယ်

သူတို့ရဲ့ အာဇာနည်စိတ်ဓာတ်

မျိုးဆက်တိုင်းက လက်ဆင့်ကမ်းပေးခဲ့ကြတာ

ဟောဒီနွေဦးကာလအထိပဲ

သိပ်သေချာတာ တခုလည်း ရှိတယ်


ရုပ်တုတွေ ဖြိုချတိုင်း

အာဇာနည်စိတ်ဓာတ် ဘယ်လိုမှ ပြိုကျပါမသွားသလို

အာဇာနည်တိုင်း ဘယ်တော့မှလည်း သမိုင်းမသေဘူး။


ဂျန်ဇီအရွယ်မှာ

နေမဝင်အင်ပါယာကိုတောင်

အန်တုခဲ့တဲ့ ငါတို့ဗိုလ်ချုပ်

ဖက်ဆစ်ကိုလည်း သူ တိုက်ထုတ်ခဲ့တယ်

ဒဏ္ဍာရီမဟုတ်တဲ့

ဂျန်ဇီဗိုလ်ချုပ်ကို စံနမူနာယူ

အသက်တွေ မြင့်မြတ်စွာ ပေးလှူခဲ့ကြတဲ့

နွေဦးရဲ့ အာဇာနည်တွေကိုလည်း

အာဇာနည်ကြီးတွေနဲ့အတူ

ငါတို့ ဦးညွှတ်ဂုဏ်ပြုကြရမယ်။


‘ကျွန်ုပ်တို့၏ကံကြမ္မာကို ဖန်တီးနိုင်ဖို့အရေးသည် ကျွန်ုပ်တို့လက်တွင်းမှာပင်ရှိ၏’

ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံမှာ

ဗိုလ်ချုပ် ပြောခဲ့တဲ့စကား၊

ဒီကနေ့အထိ မှန်နေတုန်းပဲ

‘ကျားနှင့် ရင်ဆိုင်တွေ့နေရသည့်အခါ

တဦးကိုတဦး စိတ်ကောက်ပြီး ထိုင်နေ၍မဖြစ်’

ဗမာ့အသံက လွှင့်ဖို့

တိုင်းပြည်သို့ မေတ္တာရပ်ခံစာထဲ

ဗိုလ်ချုပ်ပေးခဲ့တဲ့ ဥပမာ

ဒါလည်း သွေးထွက်အောင် မှန်နေဆဲပဲ

ဗိုလ်ချုပ်ကို ချစ်တယ်ဆိုရင်တော့

ဗိုလ်ချုပ်ရဲ့စကား

ကိုယ်ကျင့်တဲ့တရားအဖြစ်

ဒီနွေဦးမှာ ပြောင်းပစ်ကြရမယ်။


သေသူကို ရှင်သူ တ နေလို့မပြီး

‘စိန်ပါတီ’ရဲ့ ‘လွမ်းမပြေတဲ့ပန်းခွေ’ကို

ငိုပြီး ဆိုညည်းနေရုံနဲ့လည်းမရ

အာဇာနည်အဆက်ဆက်

မက်ပြီးရင်း မက်ခဲ့ကြတဲ့

ဖက်ဒရယ်ဒီမိုကရေစီအိပ်မက်

အမြန်ဆုံးအသက်ဝင်

ရှင်သန်လာနိုင်ဖို့အတွက်ကတော့

ရှင်ကျန်သူအားလုံးရဲ့ တာဝန်

သမိုင်းက အတိအကျ ပခုံးပြောင်းလွှဲအပ်ပေးလိုက်တဲ့

ငါတို့….ရှင်ကျန်သူအားလုံးရဲ့ တာဝန်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar