မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၃)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၃)
မိုးမခ ၊ ဇူလိုင် ၁၁ ၊ ၂၀၂၆
ပြောင်းလဲသွားကြသည့် လူငယ်တွေ
နတ်ချောင်းမှာ မောင်လူမွှေး တပည့်နှစ်ယောက်ကိုလည်း တွေ့ခဲ့ရသည်။ နှစ်ယောက်စလုံး မောင်လူမွှေး ပညာဒါနအဖြစ် သင်ပေးခဲ့ဖူးသည့် တပည့်တွေ ဖြစ်သည်။ နတ်ချောင်းမှာ ရှိစဉ် မောင်လူမွှေး ခဏခဏသွားတတ်သည့် မိုင်းတပ်ဖွဲ့တွင် တပည့် မောင်မျိုးကို တွေ့ရသည်။ ကျောင်းတက်တုန်းကတော့ လူကောင်သေးသေး ခပ်အေးအေးနှင့် မောင်မျိုးသည် တိုက်ပွဲအတွေ့အကြုံတွေ ရှိနေပြီဖြစ်သည့်၊ တပ်ရင်းက အားကိုးရသည့် ရဲဘော်ကိုမျိုး ဖြစ်နေပြီ ဖြစ်သည်။
တွေ့တွေချင်း ရဲဘော်ကိုမျိုးကို မောင်လူမွှေး ချက်ချင်း မမှတ်မိပါ။ သူကိုယ်တိုင် သေချာချာ မိတ်ဆက်မှ မှတ်မိသွားခြင်း ဖြစ်သည်။ ကိုမျိုးက အိမ်ထောင်လည်း ကျနေပြီး သားလေးတစ်ယောက်လည်း ရှိသည်။ သူ့ဇနီးက ငှားထားသည့် အိမ်ရှေ့မှာ မုန့်ဟင်းခါးနှင့် အာပူရှာပူ ဆိုင်လေး ဖွင့်သည်။ သူက သူ့ဇနီးကို မနက်ပိုင်း ခဏကူပြီး တပ်ရင်းကို ပြေးရသည်။ ထုတ်လုပ်ရေးလုပ်ငန်းတွေကို လုပ်ရသည်။ တခါတခါ ညအထိ လုပ်ရသည်။ တပ်ရင်းက သူတို့မိသားစုကို တလ ဆန်တအိတ်သာ ထောက်ပံ့နိုင်ပြီး ကျန်တာ ကိုယ့်ဘာသာကိုယ် ရုန်းကန်ရသည်။
မောင်လူမွှေး အနီးကပ်နေခဲ့သည့် ရက်ပိုင်းအတွင်း သူတို့မိသားစုမှာ ပိုက်ဆံ ငါးထောင်ပြည့်အောင် မရှိသည့်ရက်တွေ ရှိကြောင်း မြင်ခဲ့ရသည်။ သို့သော် သူတို့ မိသားစုသည် လောကဓံမျိုးစုံကို ကြုံဖူးသည့် အိမ်ထောင်ရှင်တွေလို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ကြကြောင်း တွေ့ရတော့ အံ့အားသင့်မိသည်။ စိတ်ထဲက ဝမ်းသာမိ ချီးကျူးမိသည်။ ကိုမျိုးသည် လောကဓံကို ရင်ဆိုင်ရာမှာ သူ့ဆရာမောင်လူမွှေးထက် ဆရာ ကျကြောင်း ဝန်ခံရမည် ဖြစ်သည်။
နောက် တွေ့ရသည့် တပည့်တယောက်ကတော့ မောင်လူမွှေး၏ တပည့်ရင်းဟု ဆိုနိုင်သည်။ သူက ကလေးတောင်ပိုင်း ပ.က.ဖ မြို့နယ်ဆေးတာဝန်ခံ တာဝန်ကို ထမ်းဆောင်နေသည်။ အလုပ်များသူမို့ သူ့ကို ဖုန်းဆက်ပြီး ချိန်းရသည်။ သူနှင့်တွေ့ပြီး မောင်လူမွှေးတို့ ဆရာတပည့်တွေ ဆိုင်တဆိုင်ကို သွားကြသည်။ စားသောက်ဆိုင်ကို ရောက်တော့ မောင်လူမွှေး တပည့် ဆေးတာဝန်ခံ ဆရာမလေးကို နှုတ်ဆက်သူတွေ၊ ခင်မင်သူတွေ များလှတာကို သတိထားမိသည်။
"သမီးရဲ့ ကောင်လေးလည်း တိုက်ပွဲမှာ ကျသွားတာနော်" လို့ မောင်လူမွှေးက ပြောတော့ "ဟုတ်တယ်..ဆရာ" ဟု သူက ဖြေသည်။ ကျောင်းသူဘဝတုန်းက ခံစားမှုဒဏ်ကို မခံနိုင်သော သူသည် တော်လှန်ရေးကာလမှာတော့ ခံနိုင်ရည်ပြည့်ဝသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည်။
"သမီးက သူ့ရဲ့ကိုယ်ကျိုးစွန့်တဲ့ စိတ်ထားကို လေးစားတာပါ" ဟု သူက ပြောပြသည်။ မောင်လူမွှေးတပည့် နန္ဒာသည် မျက်ရည်လွယ်သည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် မဟုတ်တော့။ အများက အားကိုးပြီး အများ၏ ချစ်ခင်လေးစားမှုကို ရရှိနေသည့် သူနာပြုဆရာမ တစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည်။ သူ့မျက်နှာသည် တည်ကြည်လေးနက်နေသည့်တိုင် ကျောင်းသူ ဘဝတုန်းက နူးညံ့သည့်အရိပ်အယောင်တွေ မပျောက်ကွယ်သေးကြောင်း သတိထားမိပါသည်။ သူနှင့် တစ်ခါဆုံပြီးနောက် နောက်ထပ် မတွေ့ဖြစ်တော့ပါ။ သူ အလုပ်များမှန်း သိသဖြင့် အလိုက်တသိ နေခဲ့ပြီး နတ်ချောင်းက ထွက်ခွာခါနီးမှ ဖုန်းဖြင့်ပြောပြီး နှုတ်ဆက်ခဲ့ပါသည်။
မောင်လူမွှေး နတ်ချောင်းမှာ နောက်ထပ် တွေ့ဆုံခဲ့ရသူက နေလုံး ဖြစ်သည်။ သူသည် မောင်လူမွှေး တပည့် မဟုတ်သော်လည်း သူ့သူငယ်ချင်းအချို့က မောင်လူမွှေး တပည့်တွေ ဖြစ်နေသည်။ ထို့ကြောင့် သူက မောင်လူမွှေးကို ဆရာတယောက်အဖြစ် ဆက်ဆံသည်။ သပိတ်တွေ မှောက်ကြတုန်းက မျက်ရည်ယိုဗုံးကြောင့် ဆေးခန်းကို မောင်လူမွှေးကိုယ်တိုင် လိုက်ပို့ခဲ့ရသည့် နေလုံးသည် အခုတော့ ဒုတပ်ရင်းမှူး ဖြစ်နေပြီ။
ကဗျာတွေဖတ်၊ သီချင်းနားထောင်၊ ဓာတ်ပုံတွေ ရိုက်သည့် နေလုံး မဟုတ်တော့။ အရက်ဘီယာသောက်၊ ဆေးလိပ်ဖွာ၊ ဝိချသည့် လူငယ်တစ်ယောက် မဟုတ်တော့ပါ။ အရက်၊ ဆေးလိပ်၊ ကွမ်းယာ လုံးဝကင်းစင်နေသည့် လူငယ်တစ်ယောက် ဖြစ်နေပြီ။ တပ်ရင်းတစ်ခု၏ ဒုတိယတာဝန်အရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်နေပြီ။ ဒရုန်းနည်းပညာကို ကျွမ်းကျင်သည့် ပညာရှင်လူငယ်တဦး ဖြစ်နေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းမှုသည် လူငယ်တွေကို လမ်းနှစ်လမ်း ရွေးချယ်ဖို့ ပို့လိုက်သည်။ တော်လှန်မည်လား။ အကြောက်တရားအောက်မှာ တနေ့စာ ပျော်ရွင်မှုတွေနှင့် ဘဝကို ကုန်ဆုံးမလား။ ကိုယ့်ရွေးချယ်နိုင်စွမ်းနှင့်ကိုယ် လမ်းတွေကို လျှောက်ကြသည်။ သံတွေက မီးနဲ့တွေ့တော့ သံမဏိတွေဖြစ်ကုန်သည်။ သစ်သားတွေက ပြာကျသွားသည်။ နေလုံးသည် သံမဏိဖြစ်ပြီ။ သူနှင့် သက်တူရွယ်တူ မောင်လူမွှေး တပည့် မျိုးအောင်တယောက် စစ်တပ်၏ ဖမ်းဆီးမှုကို ရက်ပိုင်းခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေသွားခဲ့သည်။ မောင်လူမွှေး ငိုခဲ့ရသည်။ စိုးထိုက်၊ ငြိမ်းချမ်း၊ ခိုင်ကျင်း။ မြတ်မြတ် ထောင်ထဲရောက်နေကြသည်။ အာကာ တိုက်ပွဲကျသွားသည်။ အပြောင်းအလဲကြားမှာ မြေကြီးထဲ ရောက်သူရောက်၊ ထောင်ထဲ ရောက်သူရောက်၊ တိုက်ပွဲကြား ရောက်သူရောက်။ တပည့်လူငယ်တွေအကြောင်း တွေးရင်း ချင်းတောင်တန်းကြီးကို မောင်လူမွှေး ငေးကြည့်နေမိပါသည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar