ချောက်မြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကို စစ်အုပ်စုဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၆
ချောက်မြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကို စစ်အုပ်စုဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့
ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ချောက်မြို့ရဲ့ တောင်ဘက် တောင်သာရွာအနီးမှာ မကွေးခရိုင် PDF တပ်ရင်း အမှတ် (၃) နဲ့ ပကဖ တပ်ဖွဲ့ဝင် ၂၀ ခန့်ကို အာဏာသိမ်းစစ်တပ်နဲ့ ရဲကွန်မင်ဒိုအဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ပစ်ခတ်ပြီးနောက် ဖမ်းဆီးရမိသူတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
Telegram ပလက်ဖောင်းမှာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံရေးသားနေတဲ့ ဝါဒဖြန့်အကောင့်တွေမှာ အညာဒေသ သဲပြင်တွေပေါ် တန်းစီထားတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း ဓာတ်ပုံတွေကို ဖြန့်ဝေထားကြတာတွေ့ရပါတယ်။
မကွေးတိုင်းထဲက ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်း စတဲ့ဒေသတွေမှာ စစ်တပ်နဲ့ ရဲတွေ ဖြတ်သန်းသွားလာတာတွေကို တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိပြီး ယခု ဖြစ်စဥ်မှာတော့ ရဲကွန်မင်ဒိုစစ်ကြောင်းကို ပခုက္ကူခရိုင် PDF တပ်ရင်းနဲ့ အခြား ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေရာယူနေစဥ်မှာ စစ်အုပ်စုရဲ့ ရဲနဲ့ စစ်တပ်တွေက ဝိုင်းပတ်ပိတ်ဆို့ပြီး ဒရုန်းဗုံးချတာ၊ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဘက်က တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေပါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေ အရ စနိုက်ပါ သေနတ်တလက်နဲ့ အခြားမောင်းပြန်ရိုင်ဖယ် ၁၉ လက်နဲ့ ကျည်ဆန်တွေကို စစ်အုပ်စုဘက်က သိမ်းယူရရှိသွားတာ တွေ့ရပါတယ်။ အခုလို တပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံးရတဲ့ ဖြစ်ရပ်မှာ အပြန်အလှန်တိုက်ခိုက်ရင်း ထိခိုက်ကျဆုံးသူ အနည်းငယ်သာ ဖြစ်ပြီး အနည်းဆုံး ၁၇ ဦးဝန်းကျင်က လက်ရဖမ်းဆီးပြီးမှ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းဖော်ပြချက်တွေ အရသိရှိရပါတယ်။
ချောက်မြို့နယ်၊ စလေမြို့နယ်တွေဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်း ထိစပ်တဲ့ ဒေသတွေဖြစ်ပြီး စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ) တွေ ရှိတဲ့နယ်မြေ ဖြစ်သလို ငွေစက္ကူနဲ့ စာချုပ်စာတမ်းတွေ ပုံနှိပ်တဲ့ ဝါဇီစက်ရုံလည်း တည်ရှိတဲ့ ဒေသဖြစ်တာကြောင့် ဒီနယ်မြေတွေထဲမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေကို စစ်တပ်က စစ်ကြောင်းထိုးတာ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
မကြာသေးတဲ့ သီတင်းပတ်တွေက ပုဂံမြို့ တဖက်ကမ်း မြစ်ခြေမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို ၁ လနီးပါးကြာ စစ်ကြောင်းထိုးပြီးနောက် အရပ်သား ၃၀ ကျော် ၄၀ နီးပါး သတ်ဖြတ်ခံရပြီး မြို့ထဲက လူနေအိမ်၊ ဘာသာရေး အဆောက်အအုံတွေလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အညာဒေသမှာ မကွေးတိုင်း ဖက်ဒရယ်ယူနစ်အောက်က တပ်ဖွဲ့တွေ၊ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်က ပကဖ၊ PDF တပ်ရင်းတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LPDF တွေ လှုပ်ရှားနေကြပြီး မကွေးနဲ့ မန္တလေးတိုင်းထိစပ်ရာ မကွေးနဲ့ စစ်ကိုင်းထိစပ်ရာဒေသတွေမှာ စစ်ရေးအရ လှုပ်ရှားမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးအရ ပူးပေါင်းဖော်ဆောင်မှု၊ စစ်ရေးဗျူဟာ ချမှတ်ပြီး ပူးပေါင်းလုပ်ဆောင်မှုတွေ ဘယ်လောက်ထိ ရှိနေသလဲဆိုတဲ့ မေးခွန်းလည်း မေးစရာရှိနေတာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်လို ထိခိုက်ဆုံးရှုံးမှုကြီးတဲ့ ဖြစ်ရပ်တွေဟာ မိမိတို့ တဖွဲ့ချင်း သို့မဟုတ် နီးစပ်ရာ လက်နက်ကိုင် ၂ ဖွဲ့ ၃ ဖွဲ့က မိမိတို့ရဲ့ ရှိသမျှ စစ်ရေး အမြင်အယူအဆ၊ ကျွမ်းကျင်မှုနဲ့ ဖော်ဆောင်နေကြတဲ့သဖွယ်ဖြစ်ကာ တစုံတရာ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုးမှာ လျင်မြန်စွာ စစ်ကူအင်အားဖြည့်တာမျိုး မလုပ်နိုင်ကြတာ တွေ့ရပါတယ်။
ရန်သူ စစ်အုပ်စုဘက်မှာတော့ အမိန့်ပေးစနစ် တခုတည်းအောက်မှာ ရှိနေပြီး စစ်ဆင်ရေးတွေကို စစ်ဗျူဟာနဲ့ ချမှတ်လုပ်ဆောင်နေသလို စစ်စရိတ် အရင်းအမြစ် ဆိုရင်လည်း နိုင်ငံကထွက်ရှိတဲ့ သယံဇာတနဲ့ အခွန်အကောက်တွေရဲ့ ရာနှုန်းအများစုကို အသုံးချနေတာ ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အဖို့တော့ လက်နက်ခဲယမ်း ဝယ်ယူရာမှာ ရံပုံငွေနဲ့ လိုချင်တဲ့ လက်နက်ခဲယမ်း ဝယ်ယူလို့ မရရှိတဲ့ အခက်အခဲ၊ အမိန့်ပေးစနစ် တခုတည်းအောက်မှာ မရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
သယံဇာထွက်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ နဲ့ ပအဖ၊ ပကဖ တို့အနေနဲ့ ငွေပမာဏများပြားစွာ အခွန်အကောက်ခံရရှိပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဝယ်ယူနိုင်သည့်တိုင် အများစုသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တိုက်ပွဲဖော်ဆောင်ရာမှာလည်း အကန့်အသတ်တွေရှိနေသလို တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေအတွက်လည်း ခက်ခဲကျပ်တည်းစွာရှင်သန်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကို NUG အစိုးရ အနေနဲ့ မဟာဗျူဟာ ချမှတ်ကာ ပြင်ဆင်ဖွဲ့စည်းတာ၊ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေကလွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးအရ အမိန့်ပေးစနစ် တခုတည်းအောက်မှာ စစ်ရေးလှုပ်ရှားတာမျိုးတွေဖြစ်ပေါ်လာအောင် အရေးတကြီး လုပ်ဆောင်ကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အမိန့်ပေးစနစ် တခုထည်းအောက်မှာ ရောက်ရှိအောင် လုပ်ဆောင်ဖို့ ဆိုရာမှာ အင်အားသုံး တိုက်ခိုက်ပြီး သိမ်းသွင်းတာမျိုးထက် ပူးပေါင်းလုပ်ဆောင်မှု စနစ်တရပ်ကို ရေးဆွဲပြီး စည်းရုံးရေးနည်းလမ်းနဲ့ ဖော်ဆောင်ဖို့လုပ်ငန်းစဥ်မျိုးနဲ့ သွားနိုင်ဖို့ လိုအပ်ပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ BNRA အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ ဖြစ်တဲ့ ပြဿနာမျိုး၊ အဲဒီနောက် PLA နဲ့ ဖြစ်တဲ့ ပြဿနာ၊ အဲဒီမတိုင်ခင် မင်းကင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်မျိုးတွေက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ကောင်းမွန်တဲ့ စည်းရုံးရေးနည်းလမ်းတွေ မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ NUG အနေနဲ့ ဗမာလူမျိုးအများစု နေထိုင်တဲ့ ဒေသတွေ ဖြစ်တဲ့ အညာ၊ ဧရာဝတီတိုင်းဒေသအချို့၊ ပဲခူးတိုင်း အနောက်ခြမ်း၊ တနင်္သာရီ စတဲ့ ဒေသတွေကို စစ်ရေးဗျူဟာအရ တစုတစည်းတည်း လုပ်ဖို့ ကောင်းမွန်ပြီး အလုပ်ဖြစ်မယ့် နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ တိုက်တွန်းလိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar