ပြည်တွင်းစစ် အသုံးစရိတ်အတွက် ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်တဲ့ စစ်ခေါင်းဆောင်ရဲ့ စီးပွားရေးစီမံမှု အကျိုးဆက်
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၆
ပြည်တွင်းစစ် အသုံးစရိတ်အတွက် ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်တဲ့ စစ်ခေါင်းဆောင်ရဲ့ စီးပွားရေးစီမံမှု အကျိုးဆက်
ရန်ကုန်မြို့မှာ ကြက်ဥတွေ ရှားပါးလာတာ၊ ဈေးနှုန်းကြီးမြင့်လာတာတွေ ခုရက်ပိုင်း သတင်းတွေထဲ ဖတ်ရှု ကြားသိလာကြရပါတယ်။ ခု သီတင်းပတ်တွေ မတိုင်ခင်လေးက ကြက်ဥ တလုံးကို ၄၅၀ ကျပ်ကနေ ၅၀၀ ကျပ်ဈေးနှုန်းရှိခဲ့ရာက ခုရက်ပိုင်းမှာတော့ တလုံးကို ၆၀၀ ကနေ ၇၀၀ အထိ ဖြစ်လာတာပါ။
ဒါက ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြည်ပသွင်းကုန်တွေကို သိသိသာသာ ပမာဏကန့်သတ်လျှော့ချတာတွေရဲ့ အကျိုးဆက်တွေ ဖြစ်ပြီး နေ့စဥ် စားသုံးနေရတဲ့ စားသောက်ကုန်တခု ဖြစ်တဲ့ ကြက်ဥဈေးနှုန်းတွေမှာ ပေါ်ထွက်လာတာကြောင့် ဘာကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာနေတာလည်း ဖြစ်ပါတယ်။
သတင်းဖော်ပြမှုတရပ်မှာတော့ ဥစားကြက်မွေးမြူသူတွေရဲ့ ပြောဆိုရာမှာ အစာကုန်ကြမ်းနဲ့ တိရိစ္ဆာန်ဆေးဝါး တင်သွင်းဖို့ ပါမစ်တွေ ခက်ခဲတာကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ကြက်ဥဈေးနှုန်းအပေါ် သက်ရောက်မှု ရှိလာတာလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက စီတီးမတ်လို စူပါမားကက်မှာ ပြည်ပက တင်သွင်းတဲ့ နွားနို့၊ မီးဖိုချောင်သုံး ပစ္စည်းအချို့လို စားသောက်ကုန်တွေ မရောင်းချနိုင်တော့တဲ့ အနေအထားတွေ ဖြစ်ခဲ့ရာက သွင်းကုန်ပါမစ်တွေပိုမို တင်းကျပ်လာပြီး စားအုန်းဆီ တင်သွင်းမှု ခွဲတမ်းလည်း လျှော့ချတဲ့အပြင် နေ့စဥ် ကုန်စည်ထုတ်လုပ်ရေး ပို့ဆောင်ရေးနဲ့ သွားလာရေးတွေအတွက် အဓိကကျတဲ့ လောင်စာဆီတင်သွင်းမှုကိုပါ လျှော့ချကန့်သတ်လာတဲ့ အနေအထားမှာ ပြည်တွင်းက ကုန်စည်ထုတ်လုပ်မှုတွေကိုပါ ထိခိုက်လာတဲ့ အကျိုးသက်ရောက်မှုတွေ မြင်တွေ့လာရတာ ဖြစ်ပါတယ်။
နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေချိန်မှာ စစ်အသုံးစရိတ်က အကန့်အသတ်မရှိ ခွင့်ပြုထားတဲ့ အနေအထားမျိုး တွေ့မြင်နေရပြီး နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ လေယာဥ်ဆီ၊ လေယာဥ်၊ ရဟတ်ယာဥ်တွေရဲ့ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်၊ ပြည်ပက တင်သွင်းရမယ့် လက်နက်ခဲယမ်းထုတ် စက်ရုံတွေအတွက် လိုအပ်ချက်တွေအတွက် နိုင်ငံခြားငွေ အသုံးပြုနိုင်ဖို့ ပြည်ပသွင်းကုန်တွေကို သိသိသာသာ လျှော့ချကန့်သတ်လာခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
ခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုတွေမှာ လေယာဥ် တစီး နှစ်စီးနဲ့ တိုက်ခိုက်တာမျိုး မဟုတ်တော့ဘဲ ၅ စီးကနေ အများဆုံး ၁၀ စီးအထိ အုပ်စုလိုက် နာရီနဲ့ချီကြာမြင့်တဲ့ ပျံသန်းတိုက်ခိုက်မှုတွေရဲ့ ကုန်ကျစရိတ်က နိုင်ငံမှာ ရရှိတဲ့ သယံဇာတ ပို့ကုန်၊ အခွန်အကောက်တို့ရဲ့ အများဆုံးသော ရာခိုင်နှုန်းတွေကို အသုံးပြုနေတဲ့ အနေအထား ဖြစ်နေပါတယ်။ ကမ္ဘာမှာ အီရန်-အမေရိကန် စစ်ပွဲဖြစ်ပွားချိန် မတ်လဆန်းမှာ လောင်စာဆီ ပြတ်လတ်မှာကို ကြိုတင်ကာကွယ်မှုအဖြစ် စုံ/မ ရက်နဲ့ ကိုယ်ပိုင်ယာဥ် အသုံးပြုခွင့်ကိုလည်း ၃ လကျော် ၄ လနီးပါးကြာမြင့်လာတဲ့ ယခုအချိန်ထိ ဆက်လက်ကျင့်သုံးနေသလို လောင်စာဆီ ဈေးနှုန်းမြင့်တက်လာပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးမဟုတ်တဲ့ နယ်တွေမှာ မတန်တဆ မြင့်တက်နေတဲ့ လောင်စာဆီ ဈေးနှုန်းတွေကြောင့်လည်း စားသောက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်နဲ့ မွေးမြူရေးထုတ်ကုန်တွေကို တင်ပို့ဖို့ တွက်ခြေမကိုက် ဖြစ်တာ ကုန်ဈေးနှုန်းအပေါ် ထပ်ဆင့် မြင့်တက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မွေးမြူရေးလုပ်ငန်းတွေ စိုက်ပျိုးရေး လုပ်ငန်းတွေကို အပြသဘော သွားရောက်ကာ ကုန်ပစ္စည်းများများ ထုတ်လုပ်ကြဖို့ ပြည်တွင်းထုတ်ကုန်ပိုမိုထုတ်လုပ်ပြီး ပြည်ပ တင်သွင်းမှု လျှော့ချဖို့ ဆိုတဲ့ တဖက်သတ်ဝါဒဖြန့် ပြောဆိုမှုတွေ လုပ်နေချိန်မှာ ပြင်ပမှာတော့ ခရမ်းချဥ်သီး၊ ဂေါ်ဖီထုပ်တို့လို စိုက်ပျိုးသူတွေ ဈေးမရလို့ မတင်ပို့နိုင်ဘဲ ဖျက်ဆီးနေရတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ထိုင်းနယ်စပ်က တင်သွင်းတဲ့ ကုန်စည်တွေကို သွင်းကုန်လိုင်စင် တင်းကျပ်ထားလို့ မှောင်ခိုတင်သွင်းရာမှာ ကုန်ကားတစီးကို သိန်းရာချီ လာဘ်ပေးပြီး ရန်ကုန်၊ မန္တလေးတို့လို မြို့တွေဆီ တင်သွင်းနေကြရတာကြောင့်လည်း ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ မတန်တဆ ဈေးနှုန်းတွေနဲ့ ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။
သွင်းကုန် ကန့်သတ်မှု ပေါ်လစီကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ဖလှယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးအပေါ် ဒိုမီနိုသက်ရောက်မှုလို အကျိုးဆက်တွေ ဖြစ်လာပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေ ဈေးမြင့်တက်လာချိန် တဖက်မှာ လူအများရဲ့ ဝင်ငွေတွေက မြင့်တက်လာတာ မရှိဘဲ သုံးစွဲမှုကို ခြိုးခြံချွေတာရတဲ့အဖြစ် အောက်ဆုံး အလွှာမှာ စားရမဲ့ သောက်ရမဲ့ အနေအထားနဲ့ ထွက်ပေါက်အဖြစ် တရားမဝင်တဲ့ လုပ်ငန်းတွေ၊ ရာဇဝတ်မှုတွေလိုမျိုး ကျူးလွန်လာကြရတဲ့ အဖြစ်တွေဆီ အခြေအနေက တွန်းပို့နေတာပါ။
အချို့က ယနေ့ ခေတ်ကာလကို မြန်မာ့ဆိုရှယ်လစ် လမ်းစဥ် ခေတ်ကာလ ပြည်ပထုတ်ကုန်တင်မက ပြည်တွင်းက ထွက်ရှိတဲ့ သကြား၊ ဖယောင်းတိုင်၊ စီးကရက်လို ကုန်ပစ္စည်းတွေပါ ခွဲတမ်းနဲ့ ရောင်းချပြီး ရှားပါးတဲ့ ခေတ်ကာလတခုဆီ ဦးတည်နေတဲ့ အနေအထားနဲ့ နှိုင်းယှဥ်ပြောဆိုကြပါတယ်။
အဲဒီခေတ်ကာလ ကျပ်တည်းမှုတွေအပေါ် ငွေစက္ကူဖျက်သိမ်းမှုတွေ ထပ်ဆင့်လိုက်တဲ့နောက် လူထုရဲ့ ဒေါသ၊ သည်းခံနိုင်ခြေ ကုန်ဆုံးပြီး ၈၈ အရေးတော်ပုံလို လူထုအုံကြွမှုဖြစ်လာတဲ့အထိ နိုင်ငံရေးအရ ပေါက်ကွဲမှုဆီ ဦးတည်ဖြစ်ပွားစေခဲ့ပါတယ်။ အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တလွဲ စီမံခန့်ခွဲမှုတွေကြောင့် အဲဒီခေတ်ကာလလို လူထု အုံကြွမှုတွေ ပေါက်ကွဲမှုတွေဆီ တကျော့ပြန်ဖြစ်လာမလားဆိုတဲ့ ယူဆချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။
တဖက်မှာလည်း ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ အခြေအနေက ၁၉၈၈ ခုနှစ်နဲ့ မတူညီတဲ့ နောက်ခံ အနေအထားဖြစ်ပြီး နိုင်ငံရဲ့ နယ်မြေ အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားချိန် ပြည်တွင်းမှာလည်း စစ်အုပ်ချုပ်ရေး၊ ကြမ်းတမ်းတဲ့ ဖမ်းဆီးမှု နှိပ်စက်မှုနဲ့ အသက်သေဆုံးအောင် သတ်ဖြတ်တဲ့အထိ ကျူးလွန်မှုတွေက လူထုအုံကြွမှုထက် လက်နက်ကိုင် ပုန်ကန်မှုတွေဆီ ပိုမိုအားဖြည့်ပေးစေမလား ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar