ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၉)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၉)
မိုးမခ ၊ ဇူလိုင် ၂၃ ၊ ၂၀၂၆
ငလမနဲ့ မော်စကိုလို့ ဆင်ကနေ ကြွက်ဖြစ်တော့မယ့် ငပု။ လူမလေး ခွေးမခန့်၊ အန့်မကြောက်၊ ရေနံလည်း ပျောက်၊ ဒေါ်လာလည်း ပျောက်။ နျူကလီးယားနဲ့ ခြောက်လို့လည်း မရ။ ဘဝတော့ ပျက်ပြီ။ ဒရုန်းနဲ့ တမုန်းဆော်တာများ အရူး တန်ခိုးပြပြီး ဘီလူး ရိုးခံရသလို ဖြစ်ပြီ။ တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်၊ သိင်္ဃိုရ်ပြည် မျောက်နှောက်သလို ဖြစ်နေပြီ။
အင်းလေ၊ သူကတော့ စစ်ဗိုလ်တွေ လက်ခံသင်ပေးရုံမက၊ တိုက်လေယာဉ်၊ ဗုံး၊ လက်နက်ခဲယမ်း ရောင်းလည်းရောင်း၊ ထုတ်လုပ်ရေးကိုလည်း ကူ၊ စစ်ရေးပါ အတူတွဲ လေ့ကျင့်ပေးတာဆိုတော့ အရူးစိတ်နဲ့ ဘီလူး ကြိတ်တာကို ခံရတာပဲ။
တရုတ်ဆိုလည်း မုန်တိုင်းနဲ့ ငလျင်၊ လေဆင်နှာမောင်း၊ ထောင်းလမောင်းချေ၊ မြေဆိပ်သင့်။ ဆိုလာစီမံကိန်းတချို့ ဂိမ်းအိုဗာဖြစ်။ ရေဝင်တာ၊ မီးလောင်တာထက်ဆိုး။ တောင်ပြို၊ ဆည်ကျိုး၊ ပန်းမျိုးတရာ မပွင့်။ ဆိုးကျိုးတထောင်ဆင့်၊ ငလမကပ်၊ မအလကပ် သင့်ပြီးရင်း သင့်နေပြီ။
မိုဒီတောင် အလည်ခဏ လက်ခံလိုက်တာကြောင့် စောက်ပြဿနာတွေ တသီကြီး တက်တော့တာ။ အခုထိ ဘက်စုံကနေ ဆန္ဒပြခံနေရတုန်းပဲ။
မအလနဲ့ ကျိတ်ပေါင်းတဲ့ အီရန်လည်း အသားနီလန်နေပြီ။
မအလကို လက်ဆွဲနှုတ်ဆက်တဲ့ ပေထုံတန်လည်း ဘဝခက်၊ အလှပျက်၊ သမခံရချက်များ။ ရက်မကူးဘဲ ဝရူးဆို ဝကခ ရာထူးပါ ပြုတ်ရော။
လာအိုကို စောင့်ကြည့်။ ဘေးဒုက္ခအစုံ ကြုံလိမ့်မယ်။
သူတို့ပေါင်းတဲ့ စစ်တပ်ဆိုတာက ဒီသတင်းလေးပဲ အမြည်းကြည့်။ ကလေးဝမြို့မှာ စစ်သင်္ဘောတွေ ဆိုက်တော့၊ စစ်သားတွေက KTV က ကောင်မလေးတွေကို ဖမ်းခေါ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်လို့ ဆေးရုံတင်ထားရတယ်။ အဲဒါကြောင့် ခွေးလို့ ခေါ်တာ။ ဒါက သွားရင်းလာရင်း လုပ်တာနော်။ သူတို့ စစ်ကြောင်းထိုး ဖမ်းဆီးထားတဲ့သူတွေဆိုရင်တော့ စဉ်းစားသာကြည့်။ အဖေရှေ့မှာ သမီးကို မုဒိမ်းကျင့်တာ၊ လင်ရှေ့မှာ မယားကို မုဒိမ်းကျင့်တာ၊ သားရှေ့မှာ အမေကို မုဒိမ်းကျင့်တာ။ အဲလို ခွေးမျိုး။ ရိုးရိုးခွေး မဟုတ်။ ခွေးကျိုး ခွေးနာ၊ ခွေးပြိတ္တာ၊ ခွေးမိစ္ဆာ။
ရောက်ရာအရပ်မှာ ရမ်းကားတယ်။ စိတ်မထင်ရင် မထင်သလို ပစ်သတ်တယ်။ အရက်ဆိုင်ဝင်ပြီး အလကား သောက်တယ်။ အိမ်ထဲက ပစ္စည်းပစ္စယတွေ ကြိုက်တာ ဝင်ယူတယ်။ လိုချင်တဲ့ ဖုန်းသိမ်းတယ်။ အိမ်၊ စက်၊ ရိက္ခာတွေ မီးရှို့တယ်။ ဆိုင်ကယ်၊ ကား ယူသွားတယ်။ မိန်းကလေးမြင်ရင် မုဒိမ်းကျင့်တယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်ကနေ ဗဟိုက ချုပ်ကိုင်နိုင်စွမ်း မရှိတော့ဘဲ၊ နယ်မြေအနှံ့မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အုပ်ချုပ်နေကြပြီလေ။ သူတို့မှာ ပြည်သူ မရှိတော့ဘူး။ ရန်သူပဲ ရှိတော့တာ။ အဲဒါကြောင့် ဗိုလ်ချုပ်ကြီးတွေက ဒါကို တမင် လုပ်ခိုင်းတာ။ အဲလို လုပ်လိုက်တော့ စစ်သားတွေဟာ ပြည်သူတွေနဲ့ ပေါင်းစည်းရေး ဝေးသွားတယ်လေ။ အဲဒါ ဖြစ်အောင် လုပ်တာ။
SCEF ကတောင် အာဆီယံနဲ့ တွေ့တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက အခြေခံကျကျ ပြောင်းလဲသွားပြီ။ လက်ရှိမှာ နေပြည်တော်က နိုင်ငံတစ်ဝန်းကို ထိန်းချုပ်အုပ်ချုပ်နေတဲ့ အခြေအနေ မဟုတ်တော့ဘဲ၊ ပြည်နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးယန္တရားတွေကပဲ နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်နေပြီး ဒေသခံပြည်သူများရဲ့ နိုင်ငံရေးဆန္ဒကို ကိုယ်စားပြုနေတယ်လို့ ပြောပြလိုက်တယ်။ ယုံကြည်စိတ်ချရတဲ့ ဘယ်ငြိမ်းချမ်းရေး ဖြစ်စဉ်မဆို အဲဒီ တရားဝင် နိုင်ငံရေး အင်အားစုတွေနဲ့ ဒေသ အာဏာပိုင်တွေကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း SCEF က ပြောထားသေးတယ်။
စစ်ကိုင်းဆိုတာ ဘုန်းကြီးမြို့။ အဲဒီ စစ်ကိုင်းမှာဆို စစ်အုပ်စုက တွေ့သမျှ လူကို ဖမ်းဆီး၊ ငွေညှစ်၊ အိမ်ထဲအထိ ပါ ဝင်ဆွဲနေတာမို့၊ ဆွမ်းတောင် ထွက်မလောင်းရဲတော့တာကြောင့် ဆွမ်းခံကြွတဲ့ သံဃာတော်တွေပါ ဆွမ်းခံထွက်ဖို့ ခက်ခဲနေတယ်။ အဲလို ခွေးတွေ။ ပြည်သူတွေရဲ့ အခြေခံ အဆောက်အဦတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ ဖျက်ဆီးဝလို့၊ အခု နေ့စဉ် နေမှုထိုင်မှု ဘဝတွေကို အမြဲမပြတ် ဒုက္ခပေးနေတဲ့ ခွေးရူးတွေပဲ။
ခွေးထုံးစံအတိုင်း အာဇာနည်နေ့ နီးပြီဆိုရင်၊ အာဇာနည်တွေရဲ့ ဂုဏ်ကို ဖုံးကွယ်ချင်လို့ တနည်းနည်းနဲ့တော့ ယုတ်မာတယ်။ ဒီနှစ်တော့ ဗိုလ်ချုပ် ရုပ်ထုတွေ လိုက်ဖြိုပြီး ကိုယ့်ကျေးဇူးရှင်ကို ကျေးဇူးကန်းကြတယ်။ ဗိုလ်ချုပ် သမီး ဒေါ်အောင်ဆန်းစုကြည် (ဒေါ်စု) ကလည်း ကိုယ့်ရဲ့ နိုင်ငံရေး ကျေးဇူးရှင်ပဲ။ အခုတော့ သူ့ကိုပါ မတရား ဖမ်းဆီး ထောင်ချထားတယ်။ နိုင်ငံတကာက လာပြီး စကားပြောကြတိုင်း ဒေါ်စုအကြောင်း ထုတ်ပြောလာ၊ မေးလာရင်ကို မအလက ခွေးပီပီ ဒေါသတကြီးနဲ့ ဟောင်သံ တအူအူ ဖြစ်သတဲ့။ ဒေါ်စုဟာ ခွေးဘီလူး၊ ခွေးရူးတွေ လက်ထဲမှာဆိုတော့ စိုးရိမ်ပြီး မေးကြတာပေါ့လေ။ ဘယ်လောက်ထိတောင် စိုးရိမ်လဲဆိုတော့ ဒေါ်စုဟာ အသက်မှ ရှိသေးရဲ့လားအထိ စိုးရိမ်ကြတာ။ စစ်ခွေးအုပ်စုဟာ ဘာမှကို ထုတ်မပြရဲ၊ ဘယ်သူနဲ့မှကို ပေးမတွေ့ရဲဘူး မဟုတ်လား။ အရင် သန်းရွှေလက်ထက်တုန်းကလည်း သတ်ဖို့ အကြိမ်ကြိမ် လုပ်ခဲ့သေးတဲ့ အစဉ်အလာကလည်း ရှိသကိုး။ ဒီတခါတော့ ခွေးတွေက အူတာဟောင်တာထက် မန်ဖီတာ၊ သွားဖြီးတာ၊ အလစ်ဆွဲတာ၊ ကိုက်တာပဲ လုပ်ကြတယ်ဆိုတော့ ပိုပြီး စိုးရိမ်ကြတာပေါ့။
အဲ၊ ဟောင်သံ တချက်တော့ ကြားလိုက်တယ်။
ပြည်သူတစ်ဦးကို ပြည်ပကနေ ၁ နှစ် ဖုန်း ၂ လုံးသာ ဝယ်ခွင့်ပေးမဲ့ ဟောင်သံ တချက် ကြားလိုက်ရတယ်။ လက်ရှိ ကိုင်ထားတဲ့ ဖုန်းနဲ့မှ ၂ လုံးနော်။ အသစ် ၂ လုံး မဟုတ်ဘူး။ နောက်တလုံး ဝယ်လာ၊ ချက်ချင်း မှတ်ပုံတင်ရမယ်။ အခွန်လည်း သတ်သတ် ထပ်ဆောင်ရမယ်။ အဲဒီထဲ သူတို့နဲ့ သူတို့ရဲ့ ကျားဖြန့်တွေတော့ မပါဘူးပေါ့။ စစ်ခွေးရန်သူ တို့ပြည်သူကိုသာ ဟောင်တာ။ ခွေးနဲ့ ကျားကတော့ ဘယ်နှစ်လုံး ကိုင်ကိုင်၊ ဘယ်နှစ်လုံး သယ်သယ် ရတယ်။
မကြားရဘူး ဆိုကာမှ အူသံရှည်ကြီး ထွက်လာပြန်တယ်။
မြန်မာ လူငယ်တွေ ပြည်ပကို အလုပ်နဲ့ ထွက်တာတွေ တားဆီးနိုင်ဖို့ စိုက်ပျိုးရေး/မွေးမြူရေး ပညာရပ်တွေ သင်ပေးဖို့ ငလမက အထူး စီမံချက် ချသတဲ့။ တကယ့်ကောင်၊ ငါ့မှာ သူ့အူသံ မကြားရလို့ တိုင်းပြည်လေးများ ခဏတဖြုတ် အေးချမ်းမလား မှတ်တယ်။ သွားတာပဲ။
သူ့လို ခွေးက လူကို ပြန်ပေးဆွဲလို့ နိုင်ငံခြားထွက်ကြမှန်း သိရက်နဲ့။ ပြည်တွင်းမှာ မီးပျက်၊ ရေပျက်၊ အလုပ်ပျက်၊ အကိုင်ပျက်၊ စက်ရုံပျက်၊ ရင်းနှီးမြှုပ်နှံသူတွေ အရှိုရှို ပြန်ထွက်လို့ လုပ်စရာ မရှိမှန်း သိရက်နဲ့။ လယ်ယာသုံး စက်နဲ့ ပစ္စည်းမှန်သမျှ မီးရှို့ဖျက်ဆီးလို့၊ ဗုံးကြဲနေလို့၊ ဒရုန်းဝဲနေလို့၊ လက်နက်ကြီးနဲ့ ပစ်နေလို့၊ စစ်ကြောင်းထိုးနေလို့ ဘာမှ စိုက်ပျိုးမရမှန်း သိနေရက်နဲ့။ ကျွဲ၊ နွား၊ ဝက်၊ ကြက် အကုန်လိုက်သတ်နေလို့ ဘာမှ မွေးမရတာမှန်း သိရက်နဲ့၊ ဒီလိုကြီး သံရှည်ဆွဲ အူနေတော့ အကုန် နားဘေးသင့်ရော။
မအလက လူငယ်တွေ ပြည်ပ ထွက်ခွာနေတာဟာ အလုပ်အကိုင် မရှိလို့တဲ့၊ မရှိအောင် လုပ်ထားတာက သူ။ လုပ်ခလစာ မြင့်တဲ့ အလုပ်အကိုင်ကောင်း မရလို့တဲ့၊ လှိုင်သာယာ တရုတ်စက်ရုံတွေဆီက လုပ်ခလစာ တိုးတောင်းရင်တောင် အလုပ်ရှင် တရုတ်နဲ့ပေါင်း အုပ်ရိုက်နှက်၊ အလုပ်သမားတွေကို ဖမ်းဆီးထောင်ချနေတဲ့ ကောင်က အတည်ပေါက်ကြီး အူတာ။ အခြေခံပညာ အဆင့်မပြီးဆုံးတဲ့ လူငယ်တွေက ပြည်ပကို ရရာ အလုပ်နဲ့ သွားတာတဲ့။ ကျောင်းဗုံးကြဲ၊ ဆရာ၊ ဆရာမတွေ လိုက်ဒုက္ခပေးလို့ ဖြစ်တာလေ။ သူ့ခွေးကျင့် ခွေးကြံတွေဆိုတော့ အကြောင်းရင်းကို သေချာသိတယ်။ သူတို့ကိုယ်တိုင် နိုင်ငံခြားငွေ ရချင်တော့ နိုင်ငံခြားကို လုပ်သားရောင်းစားထားတာတွေကလည်း အများကြီး။ အဲလို လုပ်ထားတဲ့ ကောင်က အခု ဒါတွေ ဘာလို့ လျှောက်အူနေလဲဆိုတော့ တခြား မဟုတ်ဘူး။ စစ်မှုထမ်း ဆွဲထားတဲ့သူတွေ ၂ နှစ်ပြည့်ပြီဆိုတော့ ထွက်ခွင့်ပေးရမယ်၊ နိုင်ငံခြားသွားဖို့လည်း အသာတကြည် လုပ်ပေးမယ်ဆိုပြီး ပေးထားတဲ့ ကတိရှိတယ်။ အဲဒါ ဖျက်ချင်လို့ ခွေးကျင့် ခွေးကြံ ကြံတာလေ။ သူ ဆွဲသွင်းထားတဲ့ထဲက အခြေခံပညာ အလယ်တန်းအဆင့်ကနေ ကျောင်းထွက်ထားတဲ့ လူငယ်တွေ၊ အခြေခံပညာ အထက်တန်း မပြီးဆုံးသူတွေ၊ ၁၀ တန်း မအောင်သူတွေကို တခါတည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကျောင်းကို တန်းပို့ပြီး ဆက်ခိုင်းစားဖို့ ကြံတာ။ တစ်ရှူးငှက်ပျော စိုက်ခိုင်းပြီး နွားမွေးမှာပေါ့။ အောင်ပြီးသားတွေကိုတော့ ထွက်ခွင့်မပေးဘဲ ရာထူးတိုးပေးပြီး မသေမချင်း စစ်ဆက်တိုက်ခိုင်းမယ်လေ။ အဲလိုမှ မဟုတ်၊ စိတ်ချရသူဆို အရာရှိသင်တန်း၊ ဗိုလ်သင်တန်း ပို့မယ်လေ။ ပြည်သူ့အသား စားချင်လို့ ဒီအူသံပေးတာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar