Breaking News

မောင်လူမွှေး - အသက်ကယ်မဲ့ပုဂ္ဂိုလ်တွေ လိုနေပြီ

မောင်လူမွှေး - အသက်ကယ်မဲ့ပုဂ္ဂိုလ်တွေ လိုနေပြီ

မိုးမခ ၊ ဇူလိုင် ၈ ၊ ၂၀၂၆


"ကလေးလေးလည်း ဆုံးသွားပြီကွာ" တဲ့။ ည ရှစ်နာရီလောက် မောင်လူမွှေးဆီ ကိုကြီး ဖုန်းဝင်လာပြီး အဆိုပါ သတင်းစကားကို ကြားရတယ်။ မောင်လူမွှေး စိတ်မကောင်းဖြစ်ပြီး ငေးငိုင်သွားတယ်။

"ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်သွားတာတဲ့။ သွေးသွင်းနေတုန်း သွေးတွေ အကုန်တောင် မသွင်းခင် လိုက်ဘူးတဲ့။ သူ့အမေက သူ့သားကိုပါ ခေါ်သွားတော့တာ" စတဲ့ ပတ်ဝန်းကျင်က စကားသံတွေကိုလည်း မောင်လူမွှေး ကြားရတယ်။

မနေ့က မောင်လူမွှေး နာရေးတစ်ခုရှိနေတာ မေးကြည့်တော့ အမျိုးသမီးတစ်ဦးရဲ့ နာရေးဖြစ်ကြောင်း သိခဲ့ရတယ်။ နှမ်းပေါင်းထိုးချိန် သားအမိနှစ်ယောက်အတူ တောထဲမှာ နှမ်းပေါင်းထိုးနေကြရာကနေ သားအမိနှစ်ယောက်စလုံး နေမကောင်းဖြစ်ကြတယ်။ နေမကောင်းဖြစ်ကြရာကနေ အမေဖြစ်သူက ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။ ရုတ်တရက် ဆုံးပါးရတဲ့ အကြောင်းကတော့ တိုတိုပြောရရင် ဆရာဝန်မရှိလို့ ဖြစ်ပါတယ်။ ဆရာဝန်နဲ့တွေ့မှ ဖြစ်မဲ့ လူနာတွေအဖို့ ဆရာဝန်နဲ့ မတွေ့ခဲ့ရင် မသေသင့်ဘဲလည်း သေရတတ်ပါတယ်။

အသက်ဆယ့်သုံးနှစ်လောက်သာ ရှိတဲ့ သားဖြစ်သူကိုတော့ လမ်းခရီး၊ ငွေကြေးအခက်အခဲတွေကို ကျော်ဖြတ်ပြီး ဆရာဝန်ရှိရာကို အရောက်ပို့ခဲ့ကြတယ်။ ဒါပေမဲ့ အခါနှောင်းခဲ့တယ်။ အမေဖြစ်သူ အသုဘချပြီးတဲ့နေ့မှာပဲ သားဖြစ်သူဟာ တိမ်းပါးခဲ့ပြန်ပါတယ်။ အမေ့အလောင်းကို နေ့လယ်ပိုင်းမှာ အသုဘချပြီး၊ ညပိုင်းမှာ သားဖြစ်သူ ဆုံးခဲ့တယ်။

သားအမိ နှစ်ယောက် ဒီလိုဆုံးပါးသွားတဲ့ အဖြစ်ဟာ ခေတ်ကောင်းနေစဉ်မှာဆို ကြေကွဲစရာ ဖြစ်ရပ်တစ်ခုပါ။ ဒါပေမဲ့ ခုလို ခေတ်ပျက်နေတဲ့ အချိန်မှာတော့ ဒီဖြစ်ရပ်ဟာ လူတွေအဖို့ အဆန်းကြီး မဟုတ်တော့ပါ။ မောင်လူမွှေးတစ်ယောက် နာရေးအိမ်ကိုရောက်တော့ လူတွေရှိနေပေမဲ့ သွေ့ခြောက်နေသလို ခံစားရတယ်။ မိသားစု ငါးယောက်မှာ အမေဖြစ်သူနဲ့ အငယ်ဆုံးသားဟာ တပြိုင်တည်း ထွက်ခွာသွားကြပြီ။ နာရေးအိမ်မှာ ထိုင်နေကြသူတွေဟာ အေးစက်စက်မျက်နှာတွေနဲ့ အသံတွေ ဆိတ်လို့။ အိမ်ရှေ့မှာ ယာယီအမိုး လုပ်ထားတဲ့ မိုးကာပေါ်ကို မိုးစက်တွေ တဖျောက်ဖျောက်ကျလာတယ်။

မောင်လူမွှေး နေတဲ့ အနီးအနားဝန်းကျင်မှာ လူဦးရေ ငါးသောင်းဝန်းကျင်ရှိတယ်။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှ မရှိပါ။ ဘာကြောင့် ဆရာဝန် မရှိရတာလဲ။ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတို့၊ ပညာရေးဝန်ဆောင်မှုတို့ဆိုတာ နောက်ဆုံးတန်းကို ရောက်နေတာ ကြာခဲ့ပါပြီ။ စေတနာထားပြီး လာရောက်ကုသပေးတဲ့ ဆရာဝန်လည်း ရှိခဲ့ဖူးပေမဲ့ အကြောင်းကြောင်းကြောင့် ပြန်ပြောင်းသွားခဲ့ပြီ ဖြစ်တယ်။ တော်လှန်နယ်မြေက အချို့နေရာတွေမှာ စေတနာမှန်မှန်နဲ့ ပြည်သူ့အကျိုးကို ကိုယ်ကျိုးစွန့် လုပ်ပေးနေတဲ့ သူတွေကိုတောင် ထိုက်သင့်တဲ့ ကာကွယ်မှု မပေးနိုင်တော့ရင် အဲဒီလူ့အဖွဲ့အစည်းဟာ ပျက်စီးမှာ ဖြစ်ပါတယ်။

ထင်သာမြင်သာရှိတဲ့ ပြည်သူ့ကျန်းမာရေးကိုတောင် လှည့်မကြည့်နိုင်ကြရင် ပြည်သူတွေကြားမှာ ကိုယ်တိုင်ကိုယ်ကျ နေပြီး အတူရုန်းကန်ဖူးမှ သိနိုင်တဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို သိဖို့ဆိုတာ ဝေလာဝေးပါပဲ။ ပြည်သူတွေရဲ့ စိတ်ခံစားမှုကို မသိတော့ ပြည်သူတွေကြားမှာ ဘယ်လိုတွေဖြစ်ပျက်နေပြီလဲဆိုတဲ့ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ အခြေအနေကိုလည်း မမြင်တတ်ကြတော့ပါဘူး။ သူတို့ခံစားချက်ကို လျစ်လျူရှုခြင်း ခံထားရတဲ့ ပြည်သူတွေထဲက အချို့ပြည်သူတွေဟာ ကိုယ့်ဘဝ အဆင်ပြေဖို့ကိုပဲ တွေးကြတော့တာဟာ သဘာဝကျတယ်လို့ပဲ ပြောရမလို ဖြစ်နေပါပြီ။

မောင်လူမွှေးတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ သူရဲကောင်းဝါဒကို လက်ခံယုံကြည်မှုများတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှေ့တန်းတင်ကြတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ဆွေမျိုးကောင်းစားရေးဝါဒကို လက်ကိုင်ထားကြဆဲ ဖြစ်တယ်။ ဒီလို လူ့အဖွဲ့အစည်းဟာ မှန်ကန်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အမေစုကို ရခဲ့တယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး အမေစုကို နေရာမှန်ကနေ ဖယ်ရှားပြီး အကျဉ်းချထားတယ်။ အမေစု အသက်ရှင်နေတယ်ဆိုတာကို သက်သေပြပေးဖို့ တောင်းဆိုနေကြပေမဲ့ စစ်အုပ်စုက လိုက်လျောခြင်း မရှိသေးပါ။ အမေစု မရှိတော့ဘူးဆိုရင် မောင်လူမွှေးတို့နိုင်ငံက မျိုးဆက်သစ်လူငယ်ထုဟာ အမေနောက်ကို လိုက်ပါသေဆုံးခဲ့တဲ့ ကလေးလေးလို ပျက်စီးကိန်း ဆိုက်သွားမလား။ စိတ်ဓာတ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ မျှော်လင့်ချက်တွေ၊ ဂုဏ်သိက္ခာတွေ သေသွားမလား။ တကယ်ကို ထိတ်လန့်စရာ အခြေအနေတွေကို မောင်လူမွှေး မြင်နေရပါတယ်။

ဒီလိုအဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ သူရဲကောင်း မဟုတ်ရင်တောင် မှန်ကန်တဲ့ ခေါင်းဆောင်တွေ လိုအပ်နေပြီ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ယုံကြည်မှုမဲ့ရောဂါ စွဲကပ်နေရှာတဲ့ လူ့အဖွဲ့အစည်းကို အသက်ကယ်ပေးနိုင်မဲ့ ပုဂ္ဂိုလ်တွေ လိုအပ်နေပြီ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar