Breaking News

မြန်မာနိုင်ငံ အနှံ့အပြားက စစ်မျက်နှာတွေရဲ့ အတက်အကျ (အဆက်)

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၆


မြန်မာနိုင်ငံ အနှံ့အပြားက စစ်မျက်နှာတွေရဲ့ အတက်အကျ (အဆက်)

မန္တလေးတိုင်း မြောက်ပိုင်းက MDY-PDF အဖွဲ့တွင်းခေါင်းဆောင်ပိုင်း အကွဲအပြဲဖြစ်ပွားခြင်းနဲ့ MDY-PDF နဲ့ တွဲဖက်လှုပ်ရှားတဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံရင်း တောင်းခမ်း၊ ကျောက်မဲနဲ့ သီပေါမြို့တွေ လက်လွှတ်ရပြီးနောက် အပစ်ရပ် သဘောတူလိုက်ခြင်းကလည်း MDY-PDF ရဲ့ ရပ်တည်မှုကို သက်ရောက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။ 

MDY-PDF တပ်ဖွဲ့ အနေနဲ့ မန္တလေးမြို့ အနီး ဆည်တော်ကြီး ဧရိယာ၊ ပုသိမ်ကြီးမြို့နယ်အစပ်ထိ ရောက်ရှိနိုင်ခဲ့ပြီး ပြင်ဦးလွင်၊ မန္တလေးတို့ကို ခြိမ်းခြောက်နိုင်တော့မဲ့ အနေအထားကနေ မဟာမိတ် TNLA တပ်ဖွဲ့ အပစ်ရပ်ပြီးနောက် ထိန်းချုပ်နယ်မြေတွေ တစတစ လက်လွှတ်လာခဲ့ရတဲ့ အနေအထား ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ကုန် ၂၀၂၆ ခုနှစ်ဆန်းမှာတော့ MDY-PDF ထိန်းချုပ်နယ်မြေတွေ ဖြစ်ခဲ့တဲ့ မတ္တရာ၊ သပိတ်ကျဥ်း၊ တကောင်း စတဲ့နယ်မြေတွေ လက်လွှတ်ခဲ့ရပြီး အဆိုပါနယ်မြေတွေထဲမှာ ခေတ်အဆက်ဆက် တူးဖော်ခဲ့တဲ့ ရွှေတွင်းတွေ တည်ရှိပြီး ရွှေတွင်းတွေက ရရှိတဲ့ အခွန်အကောက်ကိုလည်း လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

မန္တလေးတိုင်း မြောက်ပိုင်းက MDY-PDF ထိန်းချုပ်နယ်မြေတွေဟာ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းတိုင်း အကြား စင်္ကြန်လမ်းသဖွယ် ကူးသန်းတဲ့နေရာဖြစ်ပြီး မဟာဗျူဟာအရလည်း အရေးပါတဲ့ နယ်မြေတွေလို့ ဆိုနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်အဖို့ ၂၀၂၃နှစ်ကုန်ကနေ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ ဒီနယ်မြေတွေကို စိုးမိုးနိုင်ခြင်း မရှိခဲ့ချိန်မှာ ကချင်ပြည်နယ်ကို ပို့ဆောင်မယ့် ထောက်ပံ့ရေးလမ်းကြောင်း ဖြတ်ခံထားရသလို ဖြစ်ခဲ့ပြီး အခုအခါ ဧရာဝတီမြစ်ရှေ့ မန္တလေး-မိုးကုတ်လမ်း အဲဒီကမှ တဆင့် ကချင်ပြည်နယ်ထိကို အင်းတော်၊ မိုးညှင်းကားလမ်းတွေအထိ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ 

မန္တလေးတိုင်း မြောက်ပိုင်း ဧရာဝတီမြစ်အရှေ့ခြမ်းကနေ ကချင်အစပ်ထိ နယ်မြေတွေ၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်း ထိစပ်တဲ့ နယ်မြေတွေကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရခြင်းက KIA အဖို့လည်း ကြားခံဇုန်တွေ ဆုံးရှုံးပြီး အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အနေအထားကို ရောက်လာစေတာ ဖြစ်ပါတယ်။ 

လက်ရှိ အနေအထားမှာ KIA အနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်တို့လို နေရာတွေမှာ တပ်ဆိုင်ထားရပြီး မြစ်ကြီးနား၊ ဝိုင်းမော်လို ကချင်ပြည်နယ် အလယ်ပိုင်းမှာ ပိုနေမြဲကျားနေမြဲ အနေအထားနဲ့ ဆိုင်ထားတဲ့ သဘော တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အားကောင်းတဲ့ ကာလတွေမှာ  KIA အနေနဲ့လည်း ကချင်ပြည်နယ် မြောက်ပိုင်းက NDAK လို့ခေါ်တဲ့ ဇခုန်တိန်ယိမ်း ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေတွေကို သိမ်းယူနိုင်ခဲ့သလို ဖားကန့်လို ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ နယ်မြေမှာ အာဏာသိမ်းစစ်တပ်ကို လှုပ်ရှားမှုတွေ မလုပ်နိုင်လောက်တဲ့အထိ ထိန်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် အလယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်တွေ ဖားကန့်နယ်မြေထဲ ပြန်အားဖြည့် လာနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ဖားကန့်မှာ စစ်တပ်က လက်လွှတ်ခဲ့ရတဲ့နယ်မြေအချို့ ပြန်လည်စိုးမိုးလာတာ တွေ့ကြရတာပါ။ 

အခုဖော်ပြခဲ့တဲ့ နေရာတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၊ကချင်နဲ့ စစ်ကိုင်းအစပ် ဒေသတွေ ဖြစ်ပြီး ရှမ်းမြောက်မှာတော့ ခုနှစ်ပိုင်းအတွင်း MNDAA နဲ့ TNLA တို့ အကြားထိန်းချုပ် နယ်မြေ အနေအထားတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ် အဖို့တော့ ၂၀၂၅ နှစ်ကုန်ပိုင်းကနေ အခုလက်ရှိကာလအကြား ထူးထူးခြားခြား သိမ်းယူတာ ထိန်းချုပ်တာ မရှိပါဘူး။ ၂၀၂၅ နှစ်လယ်ကနေ ယခုအချိန်အတွင်း ရှမ်းမြောက်၊ ရှမ်းအရှေ့ နဲ့ ရှမ်းတောင်ဒေသတွေမှာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ထူးထူးခြားခြား ထပ်မံသိမ်းပိုက်နိုင်တာမျိုး မတွေ့ရပဲ ကရင်နီ (ကယား) ပြည်နယ်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က နယ်မြေအချို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ 

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA ကလည်း ပိုနေမြဲကြားနေမြဲ အနေအထားမှာသာ ဆက်လက်ရှိနေတာ တွေ့ရပြီး စစ်တပ်ဘက်ကို ထိုးစစ်ဆင်တာ မတွေ့ရသလို စစ်တပ်ဘက်ကလည်း ဆီဆိုင်၊ ဟိုပုန်း စတဲ့နယ်တွေမှာ ၂၀၂၃/၂၀၂၄ ခုနှစ်တွေကလို တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာ မတွေ့ရပါဘူး။ 

အာဏာသိမ်းစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ PNO/PNA ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ကလည်း ကြီးကြီးမားမား ထိုးစစ်ဆင်တာ တိုက်ခိုက်တာတွေ မရှိတဲ့အနေအထားဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတောင်ပိုင်းကို ကြည့်ရင် ခုနှစ်ပိုင်းအတွင်း KNU/KNLA က ထိုင်းမြန်မာနယ်စပ် တလျှောက်က စစ်တပ်ရဲ့ ခြေကုပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူတာ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ NUG လက်အောက်က PDF တပ်တွေနဲ့ KNU/KNLA တပ်တွေပူးပေါင်းပြီး စစ်တပ်စခန်းတွေကို တိုက်ခိုက်တာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မြဝတီ-ကော့ကရိတ်အကြား အာရှလမ်းကိုတော့ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ လပိုင်းက တနှစ်ကျော်ကာလအတွင်း ပထမဆုံးပြန်လည်ဖွင့်လှစ်ခဲ့တာတွေ့ရပါတယ်။ 

ယခုနှစ်ပိုင်းအတွင်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဘက်တွေမှာတော့ ဒေသကာကွယ်ရေးတပ်တွေ၊ KNU/KNLA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ရှိနေတာဖြစ်ပေမယ့် နယ်မြေထိန်းချုပ်မှုအရ ကြီးကြီးမားမား အပြောင်းအလဲ မတွေ့ရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က KNU/KNLA က မောတောင်ကုန်သွယ်ရေးစခန်းကို သိမ်းယူခဲ့ပြီးနောက် လအတန်ကြာမှာ စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင် သိမ်းယူခဲ့တာ တွေ့ရပါတယ်။ 

တနင်္သာရီတိုင်းမှာ NUG/MOD လက်အောက်မှာ လှုပ်ရှားတဲ့ တပ်အချို့ ရှိသလို ဒေသအလိုက်ဖွဲ့စည်းလှုပ်ရှားကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေကြတာ ဖြစ်ပါတယ်။ 

တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၅ အစပိုင်းကနေ ၂၀၂၆ ခုနှစ်နှစ်လယ်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ နယ်မြေပိုမိုထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး မဟာဗျူဟာအရ အရေးပါတဲ့ တောင်နဲ့မြောက် ကားလမ်းတွေ၊ အရှေ့အနောက် စင်္ကြံလမ်းတွေကို ထိန်းချုပ်ဖို့ ရည်မှန်းချက်ထားပြီး ဗျူဟာချမှတ်ကာ ထိုးစစ်ဆင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသတလျှောက်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အခွန်အကောက်ဝင်ငွေရနိုင်တဲ့ ကုန်သွယ်ရေးလမ်း၊ သယံဇာတထွက်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့မြင်နေရပြီး စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တာရဲ့ အကျိုးဆက်နဲ့ စစ်သားအင်အား သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ တိုးမြှင့်စုဆောင်းနိုင်ခဲ့ခြင်းကြောင့် အသက်ရှူပေါက်ရသွားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ၁၀၂၇ လို စစ်ဆင်ရေးမျိုး နောက်တကြိမ် မဖော်ဆောင်နိုင်သည့်တိုင် အဖွဲ့တွေအကြား ဆွေးနွေးတိုင်ပင်ကာ မဟာဗျူဟာမြောက် ထိုးစစ်လိုမျိုး ဆင်နိုင်ခဲ့ရင် အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အလားအလာရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar