ညိုထက်ညို - နွေဦးကို ပြုစားလိုက်တယ်
နွေဦးကို ပြုစားလိုက်တယ်
ညိုထက်ညို
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၆
တိမ်ကလေးဆီက
ငါ စာတွေ ရလိုက်တော့
နွေဦးပေါက်ဖို့ နေနေသာသာ
ပျံလွှားတစ်ကောင်လောက်တောင်
ရောက်မလာသေးဘူးတဲ့။
ကျသွားတဲ့အထဲမှာလည်း
ကဗျာ ပထမဆုံးပဲ
ကျန်နေခဲ့တဲ့အထဲမှာလည်း
ကဗျာနောက်ဆုံးပဲ။
တကယ်က
မရယ်ရတာ ကြာခဲ့ပြီ
ပြဿနာရှိရှိနဲ့
ပြဿနာမရှိသလို
မြုံနေမိခဲ့တာလည်း ကြာခဲ့ပြီ
မပျော်ရဲသော မြစ်ကလေးရဲ့ နံဘေးက
သောကပင်ကလေးရဲ့ အောက်မှာ
အသက်ရှင်နေရတာလည်း အသက်ငင်နေရသလိုအဆင်အသွေးနဲ့
ပန်းကလေးတွေလည်း ကြွေခဲ့ပြီ။
ဒီလိုပါ
ပြည်တွင်းဖြစ်စစ်စစ်
ပြည်တွင်းစစ်ကိုတောင်
အမြင့်ဆုံးဈေးနဲ့ သုံးနေရပါကြောင်း
လူတင်မက
လေပါညစ်ညမ်းနေပါကြောင်း
ဖောက်ပြန်ဖို့နေနေသာသာ
နောက်မှာကျန်နေခဲ့ပါကြောင်း
ညီအစ်ကိုမသိတသိမို့
ခိုးသားငါးရာနဲ့လို့ ထင်ခဲ့မိပါကြောင်း
မမေ့စရာ
တစ်နေ့မှာပေါ့
ငါးမျှားချိတ်ကို ငုံပြီး
ရေထဲခုန်ဆင်းသွားမိမှ
ဒီကမ္ဘာမှာ ငါးတွေရှိနေကြောင်း
အသိနှောင်းခဲ့ရသူတစ်ယောက်ရဲ့
နှစ်ငါးဆယ်စာ ဇာတ်ဝင်ခန်းလေ။
ဟေ့လူ ကေဇဝင်း
ခင်ဗျား ကျင်းထဲမဆင်းခင်
ကဗျာ နဲ့ သရဏဂုံ တင်သွားခဲ့တယ် မဟုတ်လား
ကျွန်တော်ကျန်ခဲ့ဖို့အရေး
ခင်ဗျားက နောက်ချန်ပေးခဲ့တာ
ခင်ဗျားသွေးနဲ့ ခင်ဗျားရေးတဲ့နွေဦးကဗျာဖြစ်မှာပါ။
တစ်ယောက်အရိပ်အပေါ် တစ်ယောက်ဖိတ်ဖို့ကလည်း
လိုနေသေးတဲ့ရေဒီယိုကလေးရေ
ရေနည်းရာအရပ်တွေမှာသာ
မိုးရွာပါစေပေါ့
ဆိုတော့ကာ
ဒါတွေဖြစ်ခဲ့တာ တကယ်ဆိုရင်
တကယ်ဖြစ်ခဲ့တာဒါတွေဆိုရင်
အရေးတော်ရယ်
အရေးပေါ် နေခဲ့ရင်လည်း
အဝေးက အေးရာအေးကြောင်း ကလေးအကြောင်း တွေးရင်း
ငါ ပြန်လည်ပြင်ဆင်ရေးသား ပေးပါ့မယ်
နွေဦးရယ်
နေမသာပေမယ့်လည်း နေသာသလိုနေရင်း
ငါ မင်းကိုပြုစားလိုက်ပြီလို့ပဲ
ဒီနေရာက ကြေညာလိုက်ပါတယ်။။
_
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
