ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ရေကြီးတာနဲ့ စိုးရိမ်ရေမှတ်ရောက်ရှိနေ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ရေကြီးတာနဲ့ စိုးရိမ်ရေမှတ်ရောက်ရှိနေ
ယခုနှစ် မိုးရာသီဝင်ရောက်ပြီး ၁ လကျော်အကြာမှာ နေ့စဥ်ရက်ဆက် မိုးသည်းထန်ပြီး မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးအခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ပြည်သူလူထုတွေ အနေနဲ့ စစ်ဘေးတိမ်းရှောင်နေရချိန်၊ တနေရာမှ တနေရာ လွတ်လပ်စွာကူးသန်းသွားလာခွင့် မရှိတဲ့အခြေအနေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ငွေကြေးရှားပါးချိန်မှာ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေဟာ စိတ်မကောင်းစရာ၊ ကူရာမဲ့ ကယ်ရာမဲ့ အနေအထားလို့ ဆိုရမယ့် သဘောလည်း ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၅ ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေပြီး ယခုရက်တွေအထိ မိုးရွာသွန်းတဲ့ အခြေအနေ ဆက်ဖြစ်ပေါ်နေပြီး နေအိမ်တွေ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦတွေ ရေနစ်မြုပ်တာ၊ ရေစီးနဲ့ မျောပါပြီး အသက်ဆုံးရှုံးတာတွေ ရှိနေတဲ့ အကြောင်း ရခိုင်အခြေစိုက်သတင်းဌာနတွေရဲ့ သတင်းဖော်ပြမှုတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
မိုးလေဝသ ပညာရှင်တွေရဲ့ ခန့်မှန်းချက် အရ ရခိုင်ပြည်နယ် မြောက်ပိုင်းရေကြီးတဲ့အခြေအနေဟာ ဇူလိုင်လ ၂၃-၂၄ ရက်နေ့တွေအထိ ရေပြန်ကျဖို့ ခဲယဥ်းတဲ့အခြေအနေဖြစ်ကြောင်း ခန့်မှန်းထားကြတာလည်းတွေ့ရပါတယ်။
ယခု ဇူလိုင် ၁၁ ရက်နေ့အထိ ရက်အနည်းငယ်အတွင်းမှာပဲ လူ၁သိန်းကျော် ရေကြီးတဲ့ ဒဏ်ခံစားနေရတယ်လို့ ဖော်ပြထားကြပြီး ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းတွေတော့ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ်ကို ထိန်းချုပ် အုပ်ချုပ်နေတဲ့ ULA/AA အနေနဲ့ ရခိုင်ပြည်နယ်ရေကြီးမှုကို အရေးပေါ် ကူညီရေးနဲ့ ရေဘေးဒုက္ခသည်တွေ အတွက် လိုအပ်မယ့် ရိက္ခာ၊ ဆေးဝါးစတဲ့ အရာတွေကို ထောက်ပံ့ပေးဖို့ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။ ယခုရေကြီးတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား အစရှိတဲ့ မြို့နယ်အားလုံးဟာ ULA/AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့နဲ့ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားပြီး ULA/AA ထိန်းချုပ်ဒေသတွေဆီ ကုန်ပစ္စည်းတွေ ပို့ဆောင်ခွင့် မပေးတာကြောင့် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဆီက နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တင်သွင်း နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ယခုရေကြီးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ် အစိုးရဘက်အနေနဲ့ အကူအညီပေးရေးလို ကိစ္စရပ် ဆက်နွယ်ပြီးတစုံတရာမျှ ပြောဆိုခြင်း မရှိတာတွေ့ရပါတယ်။ ၄င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေ မဟုတ်တာကြောင့် လက်ရှိထိန်းချုပ်ထားတဲ့ ULA/AA က ရေဘေးကယ်ဆယ်ရေး နဲ့ အကူအညီပေးရေး ကိစ္စရပ်တွေ တာဝန်ရှိတယ်လို့ မှတ်ယူထားတာ ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းစစ်တပ်ကို ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ULA/AA ကိုသာ အကူအညီတောင်းပါ ဆိုတဲ့ လှောင်ပြောင် ရေးသားနေကြတာလည်း တွေ့ရပါတယ်။
၂၀၂၃ ခုနှစ် မေလ မုတ်သုန်ရာသီအစပိုင်းမှာ မိုခါမုန်တိုင်းဝင်ရောက်စဥ်က အာဏသိမ်းစစ်တပ်က ရခိုင်ပြည်နယ် ရဲ့နယ်မြေ အများအပြား ထိန်းချုပ်ထားတဲ့ အချိန်ဖြစ်ကာ မိုခါမုန်တိုင်း ဘေးအန္တရာယ်ကနေ ကယ်ဆယ်ကူညီရေးတွေကို အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ယခုတကြိမ်မှာတော့ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားတဲ့ ULA/AA ကသာ တာဝန်ရှိတယ်လို့ ပြောဆိုလိုပုံရပါတယ်။
စစ်ပွဲဖြစ်ပွားစဥ်က ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ မြို့နဲ့ ကျေးရွာတွေက အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့ အပိုင်းတွေကို ပြန်ပြီးမထူထောင်နိုင်သေးခင်မှာ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ရေကြီးမှုနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ULA/AA အနေနဲ့ ရေဘေးအန္တရာယ်ကို ပြည်သူနဲ့အတူ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရမယ့် တာဝန်ရှိနေတဲ့သဘောလည်း ဖြစ်ပါတယ်။
လက်ရှိ ရေကြီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာ ရခိုင်ပြည်နယ်တခုထည်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရှိ မြစ် ၄ စင်းဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး ဖြစ်ကြောင်း မိုးလေဝသ ထုတ်ပြန်ချက်တွေမှာ တွေ့ရှိရပါတယ်။ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ် နဲ့ ဘီးလင်းမြစ်တို့ဟာ စိုးရိမ်ရေမှတ်ရောက်နေသလို ချင်းတွင်းမြစ်ဟာလည်း ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်နဲ့ နီးကပ်နေတယ်လို့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေပြီး ဘီးလင်းမြစ်ဟာလည်း ဘီးလင်းမြို့မှာ စိုးရိမ်ရေမှတ်ထိရောက်ရှိကာ ရွှေကျင်မြစ်ရေက ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေတာ ဖြစ်ပါတယ်။
နှစ်စဥ် နှစ်တိုင်း အခုလို မုတ်သုံမိုးရာသီရဲ့ မိုးအများဆုံးလတွေဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မြစ်ရေကြီးတာနဲ့ ကြုံတွေ့ရလေ့ ရှိပေမယ့် ယခု ၂၀၂၆ ခုနှစ်ဟာ အယ်လ်နီညို သက်ရောက်မှုခံစားရတဲ့ နှစ်ဖြစ်ပြီး အစွန်းရောက်တဲ့ ရာသီဥတုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေတာလည်း ဖြစ်ပါတယ်။
၅ နှစ်ကျော်ကြာ ပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ တောက်လောင်နေတဲ့ မြန်မာနိုင်ငံအဖို့ အစွန်းရောက်တဲ့ ရာသီဥတုဖြစ်စဥ်တွေ ကြောင့် သက်ရောက်မှုကို ၂ ဆ ခံစားရမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ငွေကြေးအရင်းအမြစ် အများစုကို စစ်ပွဲစရိတ်တွေအဖြစ် အသုံးပြုနေကြတဲ့အနေအထားမှာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ကယ်ဆယ်ရေး၊ ကူညီရေးတွေအတွက် ငွေကြေးအရင်းအမြစ် ရှားပါးနေကြတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
ပြည်သူလူထု အနေနဲ့လည်း သန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရချိန်မှာ ရေဘေးအန္တရာယ်နဲ့ပါ ထပ်ဆင့်ကြုံတွေ့ရတဲ့အခါ ကူရာမယ့် ကယ်ရာမဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ကြရတာမျိုး ဖြစ်ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ကာလအတွင်း သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြရတဲ့အခါ စစ်ဆင်နွှဲတိုက်ခိုက်မှုတွေကို ယာယီဆိုင်းငံ့ပြီး ပြည်သူလူထု ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေကို ကူညီဖို့ နှစ်ဖက်လက်နက်ကိုင်တပ်တွေ ပူးပေါင်းဆောင်ရွက်မှုမျိုးကို အချို့က မျှော်လင့်ကောင်း မျှော်လင့်ကြမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်စဥ်မှာ အဲလို ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်နိုင်ခြေ မတွေ့ရပါဘူး။ ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာပင်လျှင် မြေပြင် တိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အနည်းငယ်မျှ ရပ်နားသွားတာ မရှိဘဲ စစ်ရေးလှုပ်ရှားမှုတွေ တိုက်ခိုက်မှုတွေကိုသာ အာရုံစိုက်လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
သဘာဝဘေးအန္တရာယ်တွေက စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးအောင် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ လူထုအပေါ် ဘေးဒုက္ခတွေကို ထပ်ဆင့်ကျရောက်စေတဲ့ အဖြစ်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar