Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၄)

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၄)

မိုးမခ ၊ ဇူလိုင် ၂၉ ၊ ၂၀၂၆

 

 

လူငယ်တွေ၏ စိတ်အားထက်သန်မှု လူထု၏ စေတနာနှင့် လက်တွေ့တရား

နတ်ချောင်းမှာရှိနေစဉ် ရဲဘော်လူငယ်အချို့နှင့် စကားပြောဖြစ်သည်။ ရဲဘော်တွေက တက်ကြွသည်။ တိုက်ခိုက်လိုစိတ် အပြည့်ရှိသည်။ 

"သူတို့ အကြောက်ဆုံးဒဏ်ကတော့ ရှေ့တန်းထွက်ခွင့် အပိတ်ခံမှာကိုပဲ ဆရာ" ဟု ဒုတပ်ရင်းမှူး ရဲဘော်နေလင်းက မောင်လူမွှေးကို ပြောဖူးသည်။ ရဲဘော်တွေသည် အခြားပြစ်ဒဏ်တွေထက် ရှေ့တန်းထွက်ခွင့် အပိတ်ခံရမှာကို ကြောက်ကြသည်။

ရဲဘော်တွေနှင့် ပြည်သူလူထု ဆက်ဆံရေးမှာ ကောင်းမွန်သည်ကို တွေ့ရသည်။ 

"အဓိကကတော့ ပြည်သူကို မထိနဲ့။ ပြည်သူကို ထိရင် ရဲဘော်ချင်းလည်း ပယ်ပစ်တာပဲ။ ဒီတော့ တော်တော်တန်တန် ရဲဘော် ပြည်သူကို မထိရဲကြဘူး" လို့ ကိုမျိုးပြောတာကိုလည်း မှတ်မိနေသည်။ တပ်ရင်းတွေကလည်း ရဲဘော်တွေ အရက်ဆိုင်မှာ မူးအောင်သောက်ရင် မပျက်မကွက် အပြစ်ပေးသည်ကို တွေ့ရသည်။ မည်သည့်ရဲဘော်မျှ ယူနီဖောင်းနှင့် အရက်ဘီယာ မသောက်ရပါ။

မိုင်းတပ်ဖွဲ့က တပ်ရန်ပုံငွေအတွက် ဒံပေါက်သွားရောင်းသည့်နောက်ကို မောင်လူမွှေး လိုက်သွားဖူးသည်။ ပြည်သူတွေက ကြည်ကြည်ဖြူဖြူပင် လာဝယ်ကြသည်။ နှမ်းပေါင်းထိုးနေသည့် အဖွဲ့တွေကလည်း အခင်းတွေထဲကနေ လာဝယ်ကြသည်။ စွံအောင် အတင်းရောင်းရတာမျိုး မတွေ့ခဲ့ရ။ ပြည်သူတို့၏ စေတနာသည် ထက်သန်နေသည်။

ကလေးတောင်ပိုင်းသည် တော်လှန်ရေးတပ်ဖွဲ့တွေကိုမှ မဟုတ်ပါ။ ပြည်သူအချင်းချင်းလည်း တတ်နိုင်သလောက် ကူညီကြသည်။ လမ်းမှာ ဆိုင်ကယ် ဆီပြတ်လို့ ပိုက်ဆံမပါလျှင် ကူညီပြီး ဆီထည့်ပေးတတ်ကြသည်။ ပစ္စည်းမနိုင်လျှင် သူ့ဆိုင်ကယ်ပေါ် မျှတင်ပေးတတ်ကြသည်။ စစ်ရှောင်လာသူတွေကို ကူညီပေးတတ်ကြသည်။ ဖော်ရွေစွာ ပြောဆိုဆက်ဆံတတ်ကြသည်။

အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်နေတော့ သည်အပေါ်မှာ လူငယ်အချို့က အမြင်သိပ်မကြည်တာမျိုးကိုလည်း ကြားရသည်။ "ကြက်ဝိုင်းတွေ ဖဲဝိုင်းတွေ ဖမ်းနေရင်လည်း အလုပ်ရှုပ်တယ်။ ပိုက်ဆံကောက်လိုက်။ တော်လှန်ရေးရန်ပုံငွေအဖြစ် သုံးလိုက်။ ကျွန်တော်တို့ တိုက်မယ်" ဟု ရဲဘော်တစ်ယောက်က သူ့အမြင်ကို ဖွင့်ပြောပါသည်။

တကယ်တော့ သည်လိုလုပ်လို့မရပါ။ မိမိအုပ်ချုပ်သည့် နယ်မြေမှာ တရားဥပဒေစိုးမိုးရေးသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ထို့အပြင် ပြည်သူတွေ၏ ကိုယ်ကျင့်တရားကို ထိခိုက်ပျက်စီးပြီးမှ ရလာသည့်ငွေဖြင့် တော်လှန်ရေးလုပ်ခြင်းသည်လည်း နည်းလမ်းမမှန်။ ရေရှည်မတည်မြဲနိုင်ပါ။ သို့သော် အဆိုပါစကားကိုပြောသည့် လူငယ်ရဲဘော်သည် စိတ်အားထက်သန်လွန်းနေခြင်းသာ ဖြစ်ပါသည်။ သူပြောသည့် စကားထဲတွင် မောင်လူမွှေး သဘောကျသည့် အချက်တွေလည်း ပါဝင်ပါသည်။

"ကျနော်တို့ တော်လှန်ရေးမှာက ထိန်းကြောင်းရမယ့် လူစားသုံးမျိုး ရှိတယ်။ လူမိုက်ရယ်။ လက်နက်ပွဲစားရယ်။ ရာထူးစည်းစိမ်ခံနေတဲ့သူရယ်ပဲ" ဟု သူက ဆိုသည်။

လူမိုက်သည် မစဉ်းစားတတ်။ တစ်ခုခုဆို သတ်ဖို့ဖြတ်ဖို့လောက်သာ ဆုံးဖြတ်တတ်သည်။ ထို့ကြောင့် ဒလန်ဟု နာမည်ထွက်ရုံနဲ့ ရှင်းချင်တတ်ကြသည်။ တကယ်မဟုတ်သောအခါ တဖက်လူမှာ အနစ်နာကြီးနစ်နာရသလို တော်လှန်ရေး၏ ဂုဏ်သိက္ခာလည်း ကျဆင်းရသည်ဟု သူကဆိုသည်။

တော်လှန်ရေးနယ်မြေမှာ လက်နက်လိုအပ်ချက်အရ လက်နက်အရောင်းအဝယ်တွေ လုပ်ကြရသည်။ သည်မှာ လက်နက်ပွဲစား၊ ကျည်ပွဲစားတွေ ပေါ်လာသည်။ တော်လှန်ရေးနှင့် နီးစပ်သူတွေထဲက အချို့သည် တော်လှန်ရေးထက် လက်နက်ပွဲစားလုပ်ကာ ငွေကို ရှာလာကြသည်။ ဆိုင်ကယ်ကနေ ကားတွေနဲ့ ဖြစ်ကုန်ကြသည်။ ရဲဘော်တွေမှာတော့ ချို့ချို့တဲ့တဲ့ နေထိုင်ရပြီး စစ်တပ်ပြုတ်ကျရေးကို အသက်ပေးတိုက်နေကြရသည်။ လက်နက်ပွဲစားတွေကို ထိန်းကြောင်းသင့်သည်ဟု ရဲဘော်က ယုံကြည်သည်။ ရဲဘော်စကားကို ကြားပြီးနောက် မောင်လူမွှေးသည် မင်းသားကြီး နီကိုလ်းလပ်စကိတ် သရုပ်ဆောင်ထားသည့် Lord Of War ဆိုသည့် လက်နက်ပွဲစားအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ကို သတိရမိပါသည်။

ရာထူးစည်းစိမ်ခံတတ်သည့်သူတွေ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီးလျှင် တော်လှန်ရေးကာလမှာ ပြဿနာများစွာ ဖြစ်ပွားခဲ့ပါသည်။ သည်လိုပုဂ္ဂိုလ်တွေရှိနေခြင်းသည် တော်လှန်ရေးရဲဘော်တွေကို စိတ်ပျက်စေပါသည်။ တော်လှန်ရေးအပေါ် ပြည်သူတွေ၏ ယုံကြည်မှုကို ပျက်ပြားစေပါသည်။ စစ်အာဏာရှင်စနစ်ကို အသစ်ထူထောင်နေခြင်းလည်း ဖြစ်ပါသည်။

ရဲဘော်ထောက်ပြခဲ့သည့် တော်လှန်ရေးမှာ ထိန်းကြောင်းသင့်သည့် လူသုံးမျိုးထဲတွင် လူမိုက်တွေ နည်းသွားသော်လည်း လက်နက်ပွဲစားတွေကတော့ ပိုမိုတိုးပွားလာပါသည်။ ရာထူးစည်းစိမ်ခံနေကြသူတွေလည်း တော်တော်များများ ရှိနေသေးဟန်တူပါသည်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar