Breaking News

ဖလော်ဒါဟန် - အကြောက်တရားကင်းစင်သော သင်ယူခြင်းနှင့် ဆရာတို့၏ အခန်းကဏ္ဍ

ဖလော်ဒါဟန် - အကြောက်တရားကင်းစင်သော သင်ယူခြင်းနှင့် ဆရာတို့၏ အခန်းကဏ္ဍ

မိုးမခ ၊ ဇူလိုင် ၂၉ ၊ ၂၀၂၆ 


အခုတလော ကလေးတွေနဲ့ စာအတူဖတ်ရတာရယ်၊ စာတွေ ပြန်လေ့လာနေတာတွေနဲ့ဆိုတော့ စာမရေးဖြစ်ပါ။ ကလေးတွေကလည်း ဘာစာလုပ်လုပ် ပြောင်းပြန်တွေ လုပ်ကြပါတယ်။ စာအုပ်ကို စောက်ထိုးထားဖတ်သူရယ်၊ ဗျည်းတွေကို ပြောင်းပြန်ရေးသူရယ်ပေါ့။ ‘ခ’ ခွေးဆို သဝေထိုးရေးလေရဲ့။ 

ဒီကနေ့တော့ NUG ပညာရေးရဲ့ စာသင်ကြားမှုလေး လေ့လာဖြစ်ချိန်မှာ ဗျည်းလေးတွေကို စာအုပ်ထဲ မရေးခိုင်းဘဲ လေထဲမှာ အရင်လေ့ကျင့်ခိုင်းတာလေး လေ့လာဖြစ်ပါတယ်။ ကျွန်မလည်း ‘ခ’ ခွေး ပြောင်းပြန်ရေးနေတဲ့ ကလေးအတွက် လေထဲမှာ အရင်လေ့ကျင့်ပေးလိုက်တယ်။ ချက်ချင်းပဲ သူ လေထဲမှာ ရေးနိုင်သွားတယ်။ တစ်ခါ တစ်ခါ အလွယ်ဆုံးအရာတွေက အခက်ဆုံး ဖြစ်နေတတ်ပါတယ်။

အရင်အချိန်များက Archaeology & Museum ပညာရပ်များနဲ့ပတ်သက်လို့ ဘွဲ့ရပြီးသူများကို ပြန်မျှဝေရချိန်က ပင်ပန်းမှုက အတိုင်းအတာတစ်ခုအထိ ရှိခဲ့ဖူးပါတယ်။ မိမိ တတ်ထားသည့်၊ သင်ခဲ့ရသည့် ပညာရပ်ကို ပြန်လည် Sharing လုပ်ရတာပါ၊ အသုံးချရတာပါ။ အဲဒီအတွက် ကျွန်မအတွက် ရလဒ်က သာမန်ပါပဲ။ အခု ၄ နှစ်၊ ၅ နှစ်၊ ၆ နှစ် ကလေးများကို သင်ကြားရာမှာတော့ အရေး အဖတ်သာမက သူတို့လေးတွေရဲ့ စိတ်ခံစားမှု၊ စိတ်ဝင်စားမှုကိုပါ လေ့လာရပါတယ်။ မိဘမစုံတဲ့ ဘဝတွေမှာ ကလေးတွေက အခြားကလေးများထက် အငေး၊ အတွေး၊ အရေးကစလို့ စကားပြောရာမှာ အသေးစိတ် မေးမြန်းလေ့ရှိတာမျိုးတွေပါ ရှိကြပါတယ်။ ဒီနေရာမှာ ကျွန်မရဲ့ နှုတ်ထွက်စကား၊ အမူအရာများသည် သူတို့အတွက် ကြောက်စရာမဖြစ်ရအောင် ကျွန်မ အတတ်နိုင်ဆုံး နေပြရပါတယ်။

မိဘများက ရိုက်သည်၊ ဆရာ ဆရာမများက ရိုက်သည်၊ ကျွန်မကပါ ရိုက်တဲ့ အလေ့အကျင့်ဖြင့် ကလေးတစ်ယောက်ကို အနိုင်ယူမယ်ဆိုရင် သူတို့လေးတွေရဲ့ စိတ်ပျော်ရွှင်မှုသည် စာပေမှာ မမွေ့လျော်ကြတော့ပါ။ ဒါကြောင့် တက္ကသိုလ်ကျောင်းသူများကို စာသင်ရခြင်းသည် မိမိရဲ့ ဂုဏ်ပုဒ်နှင့် သင်ကြားမှုက ပူးတွဲလျက်ရှိပြီး၊ ကလေးငယ်များကို စာသင်ကြားခြင်းသည် ကလေးများဘဝကို မြေစမ်း ခရမ်းပျိုးသလို တဖြည်းဖြည်းချင်း သင်ကြားမှု ဆိုသည့် ပညာရေးနယ်ပယ်ထဲကို ဆွဲခေါ်လာရတာပါ။

စာမကြောက်တဲ့ ကလေးက စာကို စိတ်ပါဝင်စားတယ်။ စာကြောက်တဲ့ ကလေးတွေက တဖြည်းဖြည်းနဲ့ စာရဲ့ အကြောက်တရားအောက်မှာ ကျရှုံးကြရသည်။ ကလေးတွေရဲ့ ဘဝအစသည် မိဘတွေ ဖြစ်သလို၊ ကလေးတွေရဲ့ ပညာရေးအစခရီးသည် ဆရာ၊ ဆရာမများ ဖြစ်ကြသည်။

နောင်တချိန်မှာ ကျွန်မအတွက် 'စီ' ခရီးက ရလာသည့် ပညာရေး အသိပညာအသစ်များကို အများပြည်သူတွေ သိရှိနိုင်တဲ့ အကျိုးပြုစာပေတစ်ခုအဖြစ် မျှဝေနိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ ကျရှုံးမှုများစွာမှ ပညာရေးကဏ္ဍလေးကို မိမိလက်လှမ်းမီသလောက် ပံ့ပိုးကူညီမှုက ရလာတဲ့ အတွေ့အကြုံအသစ်တွေ ဖြစ်တယ် ဆိုတာလေးကို မျှဝေလိုက်ရပါတယ်။ 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar