Breaking News

နေပြည်တော်သိမ်းအောင် - ဆိုရှယ်မီဒီယာပေါ်က ‘ပွဲ’



နေပြည်တော်သိမ်းအောင် - ဆိုရှယ်မီဒီယာပေါ်က ‘ပွဲ’

မိုးမခ ၊ ဇူလိုင် ၁၈ ၊ ၂၀၂၆


‘တစ်ခါတရံကျရင်လေ အဲဒါလည်း ဘာအကျင့်လဲ မသိဘူး၊ ကဲ Live, မင်းနဲ့ငါနဲ့ Live လွှင့်ပြီးတော့ ပြောကြမယ်ဆိုတဲ့ဟာတွေက၊ အဲဒါတွေက ကျွန်တော်ကတော့ သိပ်မကြိုက်ဘူးဗျာ’

ဆိုရှယ်မီဒီယာပေါ်မှာ ပွဲ’ တွေဖြစ်ပြီး ဆူညံပွက်ကုန်တာတွေ မြင်ရတဲ့အခါ အပေါ်မှာ ပြောခဲ့သလို ခေါင်းထဲ အတွေးဝင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ပါးစပ်ကကို ထုတ်ပြောဖြစ်ကြတဲ့ သူတွေလည်း ရှိနိုင်တယ်။ မဆန်းပါဘူး၊ ဒါပေမဲ့ PVTV ရဲ့ နွေဦးမှန်ကူကွက်များ episode- 61 မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က အဲဒီစကားလုံးတွေအတိုင်း ထုတ်ပြောလာခဲ့ရပြီ ဆိုရင်တော့ အဲဒီ ပွဲ’ လုပ်ကြတဲ့ကိစ္စတွေဟာ NUG အတွက် ‘အကျိုးနဲ့ အပြစ်’ ဘာက ပိုများလာနေလို့လဲ ဆိုပြီး အလေးအနက် စဉ်းစားရတော့မှာပါ။ ပြီးပြီးရောဆိုပြီး မထားသင့်တော့ပါဘူး။

ဆိုရှယ်မီဒီယာခေတ်ရယ်မှ မဟုတ်ပါဘူး၊ ပင်မရေစီးသတင်းမီဒီယာကို အားပြုနေရတဲ့ခေတ်တုန်းကလည်း သတင်းစက်ဝိုင်းမှာ သတင်းတစ်ခုကြောင့် ဆူညံပွက်နေတဲ့ အခိုက်အတန့်တွေ ရှိကြတယ်။ ဒီလိုအချိန်မျိုးကျရင် အာရုံဝင်စားမှုက အဲဒီမှာ စုပြုံရောက်နေတော့ သက်ဆိုင်ရာအစိုးရတွေ၊ အဖွဲ့အစည်းတွေက ပေးချင်တဲ့ သတင်းစကားသံတွေက တိုးသွား၊ သူတို့ချပြချင်တဲ့ ဆောင်ရွက်ချက်တွေ မှိန်ပျောက်သွားတတ်ကြတယ်။

အဲဒီပွဲဖြစ်နေတဲ့တလျှောက်လုံး ဆူညံသံတွေက ပြောသင့်၊ သိသင့်၊ မြင်သင့်တဲ့ သတင်းစကားတွေကို နေ့စဉ်သတင်းစက်ဝိုင်းထဲက ဖယ်ထုတ်လိုက်တယ်။ အခု ဆိုရှယ်မီဒီယာပေါ်  ပွဲတစ်ခုခု ဖြစ်နေပြီ ဆိုပါတော့၊ ရာခိုင်နှုန်းတော်တော်များလို့ ပြောနိုင်တဲ့ သုံးစွဲသူတွေရဲ့ အာရုံက အဲဒီကို ရောက်သွားကြတယ်။

ပြီးတော့ နဂိုကတည်းက တသံတည်း စုစုစည်းစည်းထွက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရတဲ့အထဲ၊ ဆိုရှယ်မီဒီယာမှာ ပွဲဖြစ်ပြီးတိုင်း သိသိသာသာ နှစ်ခြမ်းကွဲပြီး မျက်နှာချင်းဆိုင်မရလောက်တဲ့အထိ ကွဲပြဲကျန်ရစ်ခဲ့တာပဲ။ အဲဒီထက်ပိုဆိုးတာက အငြင်းအခုံတွေကို အာရုံနောက်ကုန်ကြတဲ့ ပြည်သူတွေ ရှိလာပါတယ်။ ‘ဒီပုံနဲ့တော့ကွာ’ ဆိုပြီး စိတ်ပျက် အားလျော့သွားတဲ့ ပြည်သူတွေ ပေါ်လာတယ်။ ဆိုရှယ်မီဒီယာပေါ်က ပွဲ’ ဆိုပြီး ပေါ့ပေါ့လေးတွေးလို့ မရတော့ပါဘူး။ အဲဒီ ပွဲ’ တွေရဲ့ နောက်ဆက်တွဲဂယက်က တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်သွားစေနိုင်တယ်။

ဒါကြောင့်လည်း ဆိုရှယ်မီဒီယာမှာ အုတ်အော်သောင်းနင်း ဆူညံပွက်မယ့်ဟာမျိုးကို အရှည်မြော်တတ်၊ ကြည့်တတ်သူတွေက မဖြစ်စေချင်ကြတာ၊ ‘ဘာအကျင့်လဲ မသိဘူး’ လို့ မှတ်ချက်ပေးလိုက်တာက နည်းတောင် နည်းပါသေးတယ်။ အဲဒီ ပွဲ’ တွေရဲ့ နောက်ဆက်တွဲဂယက်တွေကို အစကတည်းက မြော်တတ်၊ မြင်တတ်၊ ရှောင်ကြဉ်တတ်ကြဖို့ လိုအပ်တယ်။

စကားစစ်ထိုး အပြန်အလှန် ငြင်းခုံကြတာမျိုးတွေက နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ အဆန်းတကြယ်ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအစီအစဉ်တွေက ပွဲကို ဘယ်လိုထိန်းကျောင်းမယ် ဆိုတာအပါအဝင် အကျိုးအပြစ် စဉ်းစားချင့်ချိန်ပြီး အချိန်ယူ ပြင်ဆင်လေ့ရှိကြတယ်။ နိုင်ငံနဲ့ချီပြီး အရေးကြီးတဲ့ လေးလေးနက်နက် အကြောင်းအရာအတွက် လုပ်ရမဲ့ပွဲ၊ တစ်ဖက်နဲ့တစ်ဖက် အကဲဆတ်နိုင်တဲ့ အချီအချပြောစရာ ပွဲမျိုးဆိုရင်တော့၊ ဘယ်သူကမှ စိတ်ကူးပေါက်ရင် ပေါက်သလို ထပြီး လက်တန်းမလုပ်တတ်ကြပါဘူး။ အခုလည်း အနည်းဆုံးတော့ ဒီဖေ့စ်ဘွတ်ခ်ပေါ်ကပွဲကို ‘ဘယ်သူလာရင် ဘယ်သူလည်း ပါမယ်’ ဆိုတာလောက်တော့လည်း ကြိုစဉ်းစားသင့်တယ်။ အယူအဆရေးရာ ငြင်းခုံမှုတိုင်းမှာ သူ့ဘက် ကိုယ့်ဘက် ထောက်ခံအားပေးသူတွေက ရှိကြတာပဲ။

ဒါတွေနဲ့ NUG နဲ့ ဘာဆိုင်လို့လဲဆိုရင်၊ ခလုတ်တိုက်လည်း NUG၊ ဖားပြုတ်ကိုက်ပြန်ရင်လည်း NUG လို့ ပြောရလောက်အောင် ဆိုင်ဆိုင် မဆိုင်ဆိုင် NUG ဆိုတဲ့စကားလုံးက ကပ်ပါလာတတ်တဲ့ အတွက်ပါ။ ကြားကနေ ငထွား ခါးနာရတာတွေက ခပ်များများ ဖြစ်နေတာလည်း သတိထားမိကြလိမ့်မယ်။

သူ့အလုပ်တာဝန်နဲ့သူတောင် ဒေါင်ချာဆိုင်းနေရတဲ့ကြား ငွေရေးကြေးရေး ငြင်းကြခုံကြရင်လည်း NUG လာစစ်ပေးဖို့၊ ပွဲမှာ အငြင်းအခုံတွေဖြစ်ပြီး ဆူကြ ဆဲကြပြန်ရင်လည်း NUG ဝင်ထိန်းပေးဖို့ တောင်းဆိုခံရပြန်ရော။ ဝါးလုံးရှည်နဲ့ ပတ်ရမ်းသလိုမျိုး ‘NUG လော်ဘီတွေ’ ဆိုတဲ့ စကားလုံးနဲ့ မြင်မြင်သမျှ သိမ်းကျုံးပြောလို့ မရနိုင်ပါဘူး။

တော်လှန်ရေးဦးဆောင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကာကွယ်ပေးလိုကြတာ အဆန်းမဟုတ်သလို၊ ကိုယ့်ထမင်းကိုယ်စား ကာကွယ်ပေးကြသူတွေက အများအပြားပါ။ ဒါပေမဲ့ ဒီလိုပြောဆိုကြသူတွေရဲ့ အဆိုးအကောင်း မှန်သမျှကို NUG နဲ့ သွားတွဲလို့ သင့်တော်ပါ့မလား။ ဒီလိုလူတိုင်းအတွက် NUG မှာ တာဝန်ရှိတယ်လို့ ပြောဆိုသင့်ရဲ့လား။ ဒါက မေးသင့်တဲ့ မေးခွန်းဖြစ်သလို အခုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ထွက်ပြောဖို့လာရတာကလည်း မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်က ’ပွဲ’ ရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့်လို့လည်း ပြောနိုင်တယ်။

တလက်စတည်း ထည့်စဉ်းစားရမှာက ဒီလိုအပြောအဆိုတွေနဲ့ လွတ်ဖို့ မလွယ်ကူတဲ့နောက်မှာ၊ NUG အတွက် ကိုယ့်အသိနဲ့ကိုယ် ပြောဆိုရေးသားကြသူတွေဘက်ကလည်း ‘နှုတ်စည်း၊ ကီးဘုတ်စည်း’ စောင့်ကြဖို့လိုတယ်၊ ဆင်ခြင်တုံတရား မကင်းမဲ့သင့်ဘူး။ အခုဖြစ်ခဲ့သလို စကားအချေအတင် ဖြစ်တာနဲ့ပဲ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အောက်လုံးထိုးပြီး အောက်တန်းကျကျ ပို့စ်တင်၊ ကွန်းမန့်ရေးတာမျိုးက လက်ခံလို့ရတဲ့အရာ မဟုတ်ပါဘူး။ မိခင်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလို့ ယူဆနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာအကြောင်းနဲ့မှ လက်ခံလို့မရတဲ့ ဆိုရှယ်မီဒီယာကို အောက်တန်းကျကျ အသုံးချမှုဖြစ်တယ်။

စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ရေးနေကြတာတွေ ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရတာပဲ၊ အခုပြဿနာက အောက်တန်းကျတဲ့စာတွေကို ရေးသူတွေက NUG လော်ဘီဝတ်ရုံတွေနဲ့ ဖြစ်နေတဲ့အတွက်ပါ။ ကိုယ်တိုင်ပဲခြုံတာလား၊ သူများတွေကပဲ ခြုံပေးလိုက်တာလားတော့ မပြောတတ်ဘူး။ NUG က ခြုံပေးထားတာ မဟုတ်ဘူးဆိုတာတော့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်တွေအရ သိနိုင်ပါတယ်။ NUG ဘက်ကလည်း မသတီစရာ စကားလုံးတွေနဲ့ အောက်တန်းကျတဲ့ ပို့စ်ရေးသူတွေနဲ့ တွဲတံဆိပ်ကပ်ခံလို့ မရပြန်ဘူး။ ဘယ်အဖွဲ့အစည်းတိုင်းမဆို အဲဒီလိုကျင့်ဝတ်ဖောက်ဖျက် ရေးသားသူတွေဟာ မိမိတို့နာမည်နဲ့ ဆက်စပ်ထားပေမဲ့၊ မိမိတို့နဲ့ ပတ်သက်မှု မရှိရင် မရှိကြောင်းကို ထွက်ရှင်းဖို့ လိုပါတယ်။

ပို့စ်တင်သူ၊ မန့်သူ၊ အားပေးအားမြှောက် ရီအက်ရှင်လုပ်သူတွေကိုလည်း NUG ဆိုတဲ့စကားလုံးနဲ့ တွဲအမြင်ခံဖို့ သင့်သေးရဲ့လား ဆိုတဲ့ မေးခွန်း ပြန်မေးရတော့မယ်။ အခုဆိုရင် NUG အနေနဲ့တော့ ပတ်သက်သင့်သူနဲ့ မပတ်သက်သင့်သူ ပိုခွဲခြားလာနိုင်ပြီး၊ အရင်ကတည်းကလည်း စဉ်းစားသတ်မှတ်ထားပြီး ဖြစ်နိုင်ပါတယ်။

NUG လော်ဘီဝတ်ရုံ ဘယ်နည်းနဲ့ပဲ ခြုံကြခြုံကြ၊ အဲဒီလူတွေက စည်းမဲ့ကမ်းမဲ့ မဖြစ်ဘဲ၊ စည်းနဲ့ကမ်းနဲ့ ပြောကြ ဆိုကြ ရေးကြရမှာပါ။ ဒီဝတ်ရုံကြီးနဲ့ လမ်းသလားနေတဲ့နောက် ပြောဆိုရေးသားနေကြတာတွေ မှန်သမျှကို NUG နဲ့ ဆက်စပ်သွားကုန်မှာကလည်း ပြဿနာပါပဲ။ အထက်တန်းကျကျ NUG ကို ဝန်းရံပေးနေသူတွေ အများကြီး ရှိပါတယ်။ သူတို့တတွေထဲမှာ NUG လော်ဘီ နာမည်တပ်ခံရသူ ရှိမယ်၊ မခံရသူလည်း ရှိမယ်။ ဒါပေမဲ့ အဲဒီသူတွေရဲ့ အပြောအဆို အရေးအသားက NUG သိက္ခာကို မထိပါးစေဘူး၊ NUG နာမည်ကို မထိခိုက်စေဘူး။ စဉ်းစားကြည့်ရင် နမူနာယူရမယ့်သူတွေလည်း ဒီလောက် မရှားပါးပါဘူး။

အခုအဖြစ်အပျက်ဟာ NUG အတွက် အချက်ပေး ခေါင်းလောင်းသံတွေပါ။ NUG လော်ဘီတွေထဲမှာ ‘အနားကပ်ခံလို့မရတဲ့ NUG လော်ဘီအဝန်းအဝိုင်း’ ဆိုတဲ့ ခေါင်းစဉ်တစ်ခု ထပ်ခွဲဖို့ လိုအပ်လာတယ်။ ကိုယ့်သဘောနဲ့ကိုယ် လော်ဘီဝတ်ရုံ ခြုံတဲ့သူတွေကို ’ငါတို့ကို လော်ဘီ မလုပ်ပေးနဲ့’ လို့ ပြောဖို့ ခက်တဲ့နောက်၊ ဒီလိုပဲ စည်းနီတားထားရပါလိမ့်မယ်။ အခုပြဿနာရဲ့ လက်သည်တွေနဲ့တင် မဟုတ်ပါဘူး၊ တခြား လက်ညှိုးထိုးစရာ နောက်ကြောင်း အမည်းစက်တွေရှိတဲ့ ဘယ်လော်ဘီအမည်ခံတွေကြောင့်မှ NUG ပုံရိပ်ကို ကျဆင်းသွားစေလို့ မရဘူး။

ဒီပွဲရဲ့နောက်ဆက်တွဲတွေက NUG တစ်ခုတည်းအတွက်ပဲ ဆိုင်တာမဟုတ်ဘူး။ နိုင်ငံတကာကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြပြီး၊ နွေဦးတော်လှန်ရေးမှာ Make or Break လို့တောင် ပြောနိုင်တဲ့ SCEF အတွက်ကိုလည်း ဒီဂယက်အကြောင်း ထည့်ပြောနေရတာဖြစ်တယ်။ SCEF ကို ဘယ်လောက်အချိန်ယူ ခက်ခက်ခဲခဲ ဖွဲ့စည်းယူခဲ့ရသလဲဆိုတာ သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။

ပေါ်ပေါက်ခဲ့တဲ့ တပ်ပေါင်းစုများ၏ သမိုင်းကြောင်းများအရလည်း လက်ရှိစုဖွဲ့မှု ခိုင်မြဲကျစ်လျစ်နေဖို့ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။ SCEF မှာ တောင်ပိုင်းက အဓိက ERO ကြီးတစ်ခု ပါပါတယ်။ အဖွဲ့အစည်းနဲ့ ဦးဆောင်သူများ ကြုံတွေ့ ဖြတ်သန်းလာခဲ့ရမှုတွေအပေါ် မူတည်ပြီး ကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေနဲ့ NUG အပေါ် သုံးသပ်ရှုမြင်မှုတွေ ထားရှိကြတယ်။ ဒါတွေကြောင့်လည်း အချိန်ယူခဲ့ရတဲ့ ကိစ္စတွေရှိခဲ့တယ်။

အခု ဦးတည်ပြီးပြောနေတဲ့ ‘ပွဲ’ နောက်ဆက်တွဲ ဂယက်ထဲမှာ မိသားစုဝင်ဖြစ်သူ အဲဒီ ERO ၏ အမြဲတမ်း ဗဟိုကော်မတီဝင်တစ်ဦးရဲ့ နာမည်ပါ တွေ့လာရတယ်။ သူ့ရဲ့ အယူအဆ သုံးသပ်ရှုမြင်မှုတွေကိုလည်း သိကြပြီးသားပါ၊ NUG ဘက်ကလည်း တော်လှန်ရေးမျက်နှာကိုပဲကြည့်ပြီး လက်ခံလို့ မရတာတွေကို ထိပ်တိုက်ရှင်းလင်း တုံ့ပြန်တာတွေ မလုပ်ခဲ့ဘူးလို့ပဲ နားလည်မိတယ်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်က အဲဒီ ERO ရဲ့ ရပ်တည် ဆုံးဖြတ်ချက်တွေပေါ် ဘယ်လိုမှ သက်ရောက်မှု ရှိနိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ အရေးကြီးတဲ့ လက်တွဲဆောင်ရွက်မှုတွေ ပြုလုပ်နေရချိန်မှာ ဆိုရှယ်မီဒီယာပေါ်မှာ မလိုလားအပ်တဲ့ ပုဂ္ဂိုလ်ရေး အစဆွဲထုတ်မှုတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အထူးသဖြင့် NUG လော်ဘီလို့ ကိုယ့်ဖာသာ တံဆိပ်တပ်ထားသူတွေအနေနဲ့ သတိကြီးကြီး ထားသင့်တယ်။

NUG အနေနဲ့လည်း ဆိုရှယ်မီဒီယာပေါ်က လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပါဝင်တဲ့ ငြင်းခုံပြောဆိုမှုတွေကို လိုလားမှာ မဟုတ်ပါဘူး။ ဒါတွေဟာ တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ခံစားမှု ရှေ့တန်းတင်တဲ့ အပြန်အလှန် စွပ်စွဲတုံ့ပြန်မှုတွေကို မပြုလုပ်မိစေဖို့ နှစ်ဖက်ပတ်သက်သူ အားလုံးက ထိန်းချုပ်ကြဖို့ လိုပါပြီ။

NUG ကို ဝန်းရံထောက်ခံကြသူတွေ အနေနဲ့ ကိုယ့်ရေးသားပြောဆိုမှုတွေကို လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ စံနှုန်းစံထားအောက် ခုန်ဆင်းရေးတာမျိုး မဖြစ်စေဖို့ တာဝန်ရှိပါတယ်။ ဘယ်သူကမှ ထိန်းကျောင်းလို့မရဘဲ ကိုယ့်သဘော ကိုယ်ဆောင် ကိုယ်ရေးချင်တာ ရေးနေရင်တော့ COC အောက်မရှိတဲ့ LDF တွေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဘာများ ထူးခြားနေဦးမှာမို့လဲ။ ပြောတော့ NUG ရဲ့ သဘောထားကို ထင်ဟပ်ဖို့ ကြိုးစားတဲ့ NUG လော်ဘီ၊ ဖြစ်နေတာက စံနှုန်းမဲ့ ‘ကီးဘုတ်သမား’ ပါပဲ။

NUG ကို ဝိုင်းကြ ဝန်းကြ လော်ဘီပေးကြ ညွှန်းပေးကြတာကတော့ ကြိုဆိုရမှာပါ။ ပွဲဈေးတန်းမှာ Food bloggers တွေက ဆိုင်ရှေ့ကနေ ‘စားကြည့်ကြပါဦး ဒီအကြော်လေးက ကြွပ်နေ ရွနေတာပဲ၊ ဆီကောင်းဆီသန့်လေးနဲ့ပဲ ကြော်ထားတာ‘ ဆိုပြီး အကြော်တွေ ပါးစပ်ထဲ လိုက်ခွံ့ကျွေး၊ ဆိုင်ကိုညွှန်းပေးနေတာဆို ဆိုင်ရှင်ဘက်ကလည်း သဘောကျမှာပါ။ စားကောင်းသောက်ဖွယ်တွေကို စေတနာအပြည့်နဲ့ အချိန်ကုန်ခံပြီး ကိုယ့်အသိနဲ့ကိုယ် ကြော်ငြာပေး၊ အမြည်းလိုက်ကျွေးပေးတာကို အပြစ်မမြင်နိုင်ပါဘူး။ ဒါပေမဲ့ နှပ်ချေးပေတဲ့ လက်နဲ့ စားစရာတွေကို ကိုင်ပြီး လိုက်ကြော်ငြာပေးနေရင်တော့ ကူညီရာမရောက်တော့ပါဘူး။

NUG ကို ကိုယ့်ဘာသာ လော်ဘီလုပ်ပေးလို့ရတယ်၊ ဒါပေမဲ့ ကိုယ် ပို့စ်ခဲ့၊ မန့်ခဲ့၊ လိုက်ခ်ခဲ့၊ ရှဲခဲ့တာတွေ အရင်ပြန်စစ်ကြည့်လိုက်ကြပါဦး။ နှာခေါင်းရှုံ့စရာ၊ မသတီစရာ၊ ယုတ်ယုတ်ညံ့ညံ့ ဖရုဿဝါစာတွေ ပါနေရင်တော့၊ လော်ဘီ လုပ်ပေးချင်စိတ်ကို ဖျောက်နိုင်အောင်ပဲ ကြိုးစားကြပါ။ ကိုယ့်ရဲ့အမည်းစက်တွေကြောင့် ‘ချစ်ရာမရောက် ညစ်ရာရောက်’ မသွားစေဖို့ သတိရှိကြရမယ်။ အဲဒီလို အမည်းစက်တွေ ရှိမလာအောင်လို့လည်း NUG လော်ဘီဝတ်ရုံ ခြုံကြသူများ အနေနဲ့ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေအပေါ် အလျော့အပါးမခံဘဲ၊ လေးလေးနက်နက် ထားကြဖို့ လိုပါတယ်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar