Breaking News

မောင်နွေထက် ခေတ်ပြိုင်ပင်မရေစီးအဆန်ထဲက ငါ့ကဗျာ ပန်းချီကားသစ်

Art- Naing Zaw

ခေတ်ပြိုင်ပင်မရေစီးအဆန်ထဲက
ငါ့ကဗျာ ပန်းချီကားသစ်
မောင်နွေထက်
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၆

ငါက
ငါ့ခေတ်ကြီးကို
ငါ့ ဘဝတခုလုံးရဲ့ နှလုံးသားနဲ့ဖတ်နေတုန်း

ငါက
ရပ်ကြည့်နေတဲ့ ပွဲကြည့်ကောင်မှ မဟုတ်တာ

ငါက
ပုဆိုးခြုံထဲက လက်သီးပုန်းပြ
ဝါးလုံးခေါင်းထဲ လသာပြနေတဲ့ ကောင်လဲမဟုတ်

အစားထိုးမရတဲ့ အသက်တွေနဲ့
ငါတို့ဟာ
ငါတို့ကြုံတွေ့နေရတဲ့
ငရဲခန်းထဲက လွတ်မြောက်ရေးအတွက်
ဝိညာဉ်တွေနဲ့ ရေးနေကြ

တကယ်က
ငါ့ ခေတ်ကြီးကို ငါဖတ်ပြီး
ငါ့ သွေးမျက်ရည်တွေကျနေရတဲ့ကောင်ပါ

ငါ့ မျက်ရည်က
သံမဏိနှင်းဆီမျက်ရည်
ဝေဒနာ ကြေကွဲမှုနဲ့ လွမ်းစရာ
ငါ တမ်းတ
ငါ မျှော်လင့်စေင့်စားနေတာ
ငါတို့ အနာဂတ်ခေတ်ဦးကိုပါ

ငါ့
ဘဝကို နင်းသွားကြစမ်းပါ
ရဲရဲသာနင်းသွားကြစမ်းပါ
ငါ့ နှလုံးသားကို ခင်းထားလိုက်ပါရဲ့
ငါ ချစ်တဲ့ ကလေးငယ်လေးတွေ
ရေစုန်မျှောမလိုက်တဲ့
အဆန်လမ်းထဲက လူငယ်သစ်တွေအတွက်

ငါ က
တနေ့သေချာပေါက်
သေနေ့ကိုရောက်တော့မယ်

ငါ မသေခင်
ငါ့ ခေတ်ကြီးကို 
ငါ မြင်တွေ့သွားပါရစေ

ငါ့ ဘဝတခုလုံးနဲ့ တန်ဘိုးထားခဲ့ရတဲ့
ကဗျာ

ဘာအရာနဲ့ကိုမှ
အလဲအလှယ် မလုပ်ခဲ့တဲ့
ကဗျာ

ငါ့ ဘဝကို
ငွေအတွက် ငဲ့လည်းမကြည့်
ကဗျာ ယုံကြည်ချက်ကို
ကဗျာအရေခြုံပြီး
ရောင်းမစားခဲ့တဲ့ကောင်က ငါပါ

ကဗျာအရေခြုံ
ငွေကုန်မကူးခဲ့တဲ့ကောင်က ငါပါ

ငါက
လမ်းကြုံလို
ကဗျာဝင်ရေးနေတဲ့ကောင်မှ မဟုတ်တာ

အပေါစားကျော်ကြားမှုတွေထဲ နစ်မွန်း
ကိုယ့်ကြော်ငြာကိုယ်ရေးပြနေတဲ့ကောင်မှ မဟုတ်တာ

ခေတ်ကြီးက
ငါတို့ခေတ်ကြီးက
ငါ့ ကဗျာအနုပညာကို
သံမဏိလိုမာကြောစေခဲ့ပြီ
ကောင်းကင်လို ဟင်းလင်းပြင် ကျယ်စေခဲ့ပြီ
ပင်လယ်ဒီရေသစ်တွေလို အဟုန်ပြင်းစေခဲ့ပြီ
ရိုးမသစ်ကြီးတွေထက်ကို မာကြောစေခဲ့ပြီ

လာပြီ
အနာဂတ်ဇာတ်ဝင်ခန်းကို ရေးဖို့
အဆန်လမ်းထဲက လူငယ်သစ်ထုအတွက်
ယုံကြည်မှုပိတောက်သစ်သရဖူကိုဆောင်း
အဟောင်းအအိုအနတွေကို ဖယ်
အစားထိုးမရတဲ့ အသက်နဲ့ရင်း
အလင်းနှင်းဆီခင်းပေါ်က
 ကဗျာရွတ်ပွဲတော်

ကြည့်စမ်း
တကယ့်ငြိမ်းချမ်းရေးလမ်းကလေးဆီ
ကလေးငယ်လေးတွေရဲ့ ခေတ်ပြိုင်ကဗျာရွတ်သံက
သံပြိုင်ညီ

လာပြီ
ဂွာရာနီကာပန်းချီကားကြီးလို
နွံအိုင်ဆိုးထဲကထွက်
အရှေ့ဘက်အလင်းပွင့်ရာဆီ
သံပြိုင်တေးသစ်သီ
ကောင်းကင်သစ်ကြီးကတောင်
မော့ ကြည့်နေပြီ

၆-ဇူလိုင်-၂၀၂၃
ကြာသပတေးနေ့

-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia 
#WhatsHappeningInMyanmar