Breaking News

နန္ဒအောင် - အဘွားအိမ်ကို လွမ်းရတယ်

Art- Aung Htet
 အဘွားအိမ်ကို လွမ်းရတယ်
နန္ဒအောင်
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၆


ဆရာတော်ဦးပညာ ( အမရပူရ )ရဲ့ တောင်သမန် အလွမ်းစာများကို ဖတ်ရတယ်။ ဖတ်နေချိန်မှာကော၊ ဖတ်ပြီးသွားချိန်မှာကော တကယ့်ကို လွမ်းလွမ်းဆွေးဆွေးပါပဲ။ စာရေးသူ ဦးပညာလွမ်းပြတဲ့အလွမ်းဟာ စာမျက်နှာ​ပေါ်တွေဆီကနေခုန်ထွက်လာပြီး စာဖတ်သူကိုလည်း အလွမ်းပေါင်းချူပ်ထဲ ခေါ်ဆောင်သွားနိုင်ခဲ့တယ်။ ဆရာတော် ဦးပညာရဲ့အရေးအသားဟာ ဒေသ ခံမဟုတ်တဲ့ကိုယ်တောင် တောာင်သမန်ကြီးပဲ လွမ်းရမလိုလို၊ ဦးပိန်တံတားကြီးပဲ လွမ်းဆွေးရမလိုလိုတောင် ခံစားမိရတယ်။

ဆရာတော် ဦးပညာ ( အမရပူရ ) ဟာ အထောက်အထား၊ အကိုးအကားတွေနဲ့ တောင်သမန်အင်း၊ ဦးပိန်တံတားအကြောင်းတို့ကို အလွမ်းခံစားချက်တွေနဲ့ ပေါင်းစပ်ပြီး ရေးသားပြထားတာပါ။ ဦးပိန်တံတားနဲ့ အပြိုင် ရှည်လျားလှတဲ့ မယ်ဇင်ပင်တန်းရဲ့ သမိုင်းကြောင်းကိုလည်း သိရတယ်။ ပုဂံမင်းတရားကြီး လက်ထက်တုန်းက မြို့စာရေးကြီး ဦးပိန်ဟာ  တအားကျယ်ဝန်းလှတဲ့ တောင်သမန်အင်း ရေပြင်ကြီးထဲမှာ မိုးရာသီဆိုရင် ဆင်းရဲသားတွေ သွားရေးလာရေး အခက်အခဲဖြစ်တာကို သိရလို့ ကူးသန်းသွားလာရေး အဆင်ပြေအောင် စိတ်ကူးရင်းကနေ `ဦးပိန်တံတား´ဖြစ်ပေါ်လာပုံပါ ဖတ်ရတယ်။

ဦးပိန်တံတား အလွမ်းစာစုဖတ်ရတော့ ကျွန်တော့်အဘွားနေတဲ့ စကုဘက်က နွားကူးချောင်းက တံတားအိုကြီးကို သတိရမိလေရဲ့။တံတားအိုကြီးလို့ သုံးရတာက တံတားကြီးက တိုင်တွေတောင်ကျိုးနေပြီ တက်လျှောက်သွားလို့တောင်မရတော့ဘူး၊ ဟိုနားတိုင်နည်းနည်း ဒီနားတိုင်နည်းနည်းလောက်ပဲ။ တံတားကြီးက လေဒဏ်၊ ရေဒဏ် သဘာဝဘေးဒဏ် အတော်ခံလိုက်ရ တယ်ဆိုတာ တံတားအိုကြီးရဲ့ပုံစံကိုကြည့်တာနဲ့ သိသာပါတယ်။ဒေသခံတွေကလည်း ပြင်ဆင်ထိန်းသိမ်းမှုမရှိခဲ့တော့ အခုဆို တိုင်တွေတောင်မရှိတော့ဘဲ၊ တံတားနဲ့တူတဲ့အရိပ်အယောင်တောင် မရှိတော့ပါဘူး။

အဘွားကတော့ နွားကူးချောင်းက တံတား​ကြီးကို သိမီလိုက်ပါတယ်၊ အဘွားနဲ့ တခြားသိမီတဲ့ လူကြီးတွေရဲ့အပြောအရတော့ တံတားပေါ်မှာ ဇရပ်ကြီးလည်း ရှိတယ်ပြောကြတယ်။ ငယ်ငယ်တုန်းက ကလေးဆိုတော့ နွားကူးချောင်းက တံတားကြီးအကြောင်းကို အမှုမဲ့အမှတ်မဲ့ပါပဲ။ စာတွေဖတ်ပြီး ဆင်ခြင်တတ်လာတော့မှ ဆရာတော်ဦးပညာစကားနဲ့ပြောရရင် သမိုင်းမသိတသိအမြင်နဲ့ နွားကူးချောင်းက တံတားကြီးအကြောင်းကို မြင်ချင်၊ သိချင်လာခဲ့ပြီ။ ကိုယ်သိချင်လာမှ တံတား​ကြီးရဲ့ သက် တမ်း၊ တံတားကြီးကို ဆောက်ဖြစ်ပုံအကြောင်းတွေကို ဘယ်ကနေ အစစွဲထုတ်လို့ထုတ်ရမှန်း မသိတော့လောက်အောင် လက်လှမ်းမမီဘူးဖြစ်နေတယ်ပဲ ပြောရ မယ်။ ပါးစပ်ပြောတွေကတော့ ရှိပါတယ်၊ ကျွန်တော့်အဘွားဟာလည်း အခုထိ နွားကူးချောင်းရဲ့ခပ်လှမ်းလှမ်းနားကအိမ်မှာနေထိုင်ဆဲပါ။

နွားကူးချောင်းဆိုတာကိုလည်း ငယ်ငယ်က “ နခူးချောင်း ” လို့ ထင်ခဲ့တာပါ။ အဲဒီချောင်းရဲ့တဘက်မှာက အင်မတန်ကျယ်ပြောလှတဲ့ ကွင်းပြင်ကြီးရှိပါတယ်။ နွားတွေအတွက် စားကျက်ကွင်းပြင်ကြီးပေါ့။အဲဒီ​ချောင်းတဘက်ကို နွားတွေကူး,ကူးပြီးသွားလို့ နွားကူးချောင်းလို့ ခေါ်ပုံပါ။ နယ်ဘက်ကျေးဘက်တွေဆီမှာက ချောင်းနားမှာ ဝက်ပေါ်လေ့ရှိရင် အဲဒီချောင်းကို ဝက်သတ်ချောင်း၊ နွားပေါ်လေ့ရှိတဲ့ ကုန်းပြင်မြင့်ကြီးဆိုရင် နွားသတ်ကုန်းလို့ ခေါ်လေ့ရှိကြတယ်။ ချောင်းကတော့ ကျဥ်းပါတယ်၊ ရေရှိတယ်လို့ကို မတွေ့ရဘူး၊ မိုးရာသီ‌ရောက်လို့ မိုးတအားများ‌တော့မှ  ချောင်းထဲမှာ ရေရှိတာပါ။

စကုဆိုတာက မကွေးတိုင်းထဲက မင်းဘူးခရိုင် စကုပါ။ မကွေးဘက်ကတော့ အနောက်ဘက်ကမ်းကလို့ ညွှန်းလေ့ရှိတယ်။ မကွေးက ဧရာဝတီမြစ်အရှေ့ဘက်မှာဖြစ်ပြီး၊ မင်းဘူးစကုက မြစ်အနောက်ဘက်မှာမလို့ အနောက်ဘက်ကမ်းလို့ ခေါ်ကြတာပါ။ စကုဆိုတဲ့ နာမည်နဲ့ ပတ်သက်လို့တော့ မူကွဲတွေရှိပြီး၊ အမျိုးမျိုးပြောဆိုကြတယ်။ စကုနဲ့ စလင်း နာမည်တွေဟာ ဆက်နွယ်မူရှိတယ်လို့လည်း ပြောကြပါတယ်။ စကု ဆိုတဲ့နာမည်ကို တကောင်းရာဇဝင်ပါ  မဟာသမ္ဘဝ၊ စူဠသမ္ဘဝ မျက်မမြင်မင်းသားနှစ်ပါးတို့ရဲ့အကြောင်းနဲ့ပတ် သက်တယ်ဆို​ပြီး ပြောဆိုလေ့ ရှိကြတယ်။ အဲဒီမျက်မမြင်မင်းသားနှစ်ပါးဟာ ဧရာဝတီမြစ်ရိုးအတိုင်း ဖောင်နှင့်မျှောလိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမက ဖောင်ပေါ်မှာ အတူစီးလိုက်ပါခဲ့တယ်။ လမ်းမှာ မင်းသား​တွေစားမယ့်စားစရာများကိုခိုးစားတဲ့ ဘီလူးမကို မင်းသား​တွေက သတ်မယ်အလုပ်မှာ၊ မျက်စိ အလင်းရအောင်ကုသပေးပါ့မယ်ဆိုတဲ့ကတိကြောင့် ဘီလူးမကို အသက် ချမ်းသာခွင့် ပေးလိုက်တယ်။ အဲဒီနေရာက‌နေစ​ပြီး မင်းသားနှစ်ပါးကို မျက်စိအလင်းရအောင် စတင်ကုသပေးတဲ့အတွက် စကုလို့ ခေါ်ကြကြောင်း သိရတယ်။ မျက်စိ အလင်းရတဲ့နေရာကိုတော့ စလင်း လို့ခေါ်ကြကြောင်း သိရတယ်။ တချို့ကတော့ စကုနဲ့စလင်း တည်နေရာကို အကြောင်းပြုပြီး၊ ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ သကု မှ စကု ဖြစ်လာတယ်လို့လည်း ပြောကြတယ်။ ဘယ်လိုပင် ဆို​ကြစေကာမူ၊ စကုဘက်က အဘွားဆီမရောက်တာလည်း ကြာပြီဆိုတော့ အဘွားနဲ့ကြောင်းလေးတွေ ရေးပြီး လွမ်းပြချင်ပါသေးတယ်။

ကျွန်တော်ဟာ အဖေဘက်ကကော၊ အမေဘက်ကကော အဘိုးအဘွားဆိုလို့ အမေဘက်က ဒီအဘွားတယောက်သာ မီခဲ့တာပါ။ အဘွားဆိုပေမဲ့ ကျွန်တော်တို့ကတော့ `မေထွေး´လို့သာ ခေါ်ကြတာပါ။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက် တူတွေ၊တူမတွေကလည်း မေထွေးလို့သာ   ခေါ်ကြတယ်။အဘွားဟာ ‘ မြေး၊မြစ် ’တွေအထိတောင် နေနိုင်သေးပြီး၊ အခုထိ အိပ်ရာထဲလဲနေတာမျိုး မရှိပါ။` အဘွား အဲဒီလောက်ကျန်းမာတာဟာ သူ့ဘဝကို နယ်ဘက်ကျေးဘက်က သဘာဝစစ်စစ်တွေနဲ့ ဖြတ်သန်းခဲ့တာကြောင့် ´လို့ ကျွန်တော်က မြင်မိပါတယ်။ အသီးအရွက်ဆိုလည်း စျေးသွားနေစရာမလို၊ အသင့်ခူးစားယုံပဲ။ မြို့ပြကကျ ကာလာစုံ၊ ဆိုးဆေးအရောင်စုံပါတယ်၊ လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ အဆင့်မြင့် ကြယ်ငါးပွင့်ဟိုတယ်ကြီးထိက ဓာတိုဆိုးဆေးလက်ချက်နဲ့ မကင်းပါဘူး။

ကျွန်တော့် အဘွားဟာ အနေအေးဆေးပြီး၊သားသမီး၊ မြေးတွေနဲ့ ပတ်သက်လို့ ဆူတာငေါက်တာကို မတွေ့ဖူးပါဘူး။ ဥပုသ်နေ့ဆိုရင် တခြားလူကြီးများနည်းအတူ ဥပုသ်ဇရပ်သွားပြီး ဥပုသ်စောင့်တယ်၊ နံနက်ခင်းတိုင်း ကိုရင်တွေ၊ ဦးဇင်းတွေကို ဆွမ်းလောင်းလေ့ရှိတယ်။ အဘွားက ဗမာ၊တရုတ်၊ ကုလား အကုန်ပေါင်းတာပဲ၊ ခွဲခြားဆက်ဆံလေ့မရှိဘူး။ ပိုက်ဆံရှိတဲ့လူကိုကော၊ မရှိတဲ့လူကိုကော ပုံစံတမျိုးတည်းနဲ့ပဲ ဆက်ဆံလေ့ရှိတယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် အမေက အဘွားရဲ့ ဇာတိ စကုဘက်ကို ပြန်လေ့ရှိတယ်။ စကုမြို့လို့ သတ်မှတ်ထားပေမယ့်၊ ကျွန်တော့်အတွက်ကတော့ အဘွားနေတဲ့နေရာအပေါ်မူတည်ပြီး ရွာလို့သာ သတ်မှတ်ထားမိတယ်။ အဘွားနေတဲ့ အိမ်က အစွန်ဆုံးလို့ ပြောရမယ်၊ အိမ်ရဲ့ အရှေ့ဘက်ကနေစပြီး မျက်စိတဆုံးကြည့်လိုက်ရင် လယ်ကွင်းတွေချည်းပါပဲ။ ခပ်လှမ်းလှမ်းမှာတော့ လယ်ကွင်းတွေကြားမှာ နွားကူးချောင်းရှိတယ်၊ နွားကူးချောင်းကျော်ပြီးမှ တခြားလယ်ကွင်းတွေဆီရောက်မယ်။ ပန်းချီဆရာတွေအတွက်တော့ အင်မတန် ပန်းချီဆွဲလို့ကောင်းမယ့် ရှုခင်းတွေပဲ။ မနက်ခင်း နေထွက်စကိုကြည့်လိုက်ရရင် အင်မတန်ကြည်နူးစရာကောင်းပါတယ်။ အဘွားအိမ်ကနေ နေထွက်တာကို လှမ်းကြည့်တဲ့အခါမှာ ကြားထဲမှာ အိမ်တွေ၊ အဆောက်အအုံတွေ ဘာမှကြားခံမရှိဘူး။ အခုနောက် ပိုင်းတော့ ကွက်သစ်တွေ တိုးချဲ့လာပြီး အဘွားအိမ်က အစွန်ဆုံးမှာ မဟုတ်တော့ဘူးဆိုတော့ အရင်လိုမြင်ကွင်းမျိုး ပြန်မရနိုင်တော့ဘူး။ ဒါကြောင့်မလို့ ဟိုအရင်ကလို မြင်ကွင်းနဲ့ ပတ်သက်လို့ အခုချိန်မှာ ပြောရမယ်ဆိုရင် `စိမ်းစိမ်းစိုနေတဲ့ လယ်ကွင်းတွေရဲ့ အပေါ်မှာ တဖြေးဖြေးတိုးထွက်လာတဲ့ နေမင်းကြီးကို ကြည့်ရတာ ကိုရဲလွင်၊ အဆို​တော် ခင်​မောင်တိုးတို့ဆိုတဲ့ သီချင်းထဲကလို ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်´လို့သာ ပြောလိုက်ချင်ပါရဲ့ဗျာ။

အဘွားရဲ့ အိမ်ကနေလှမ်းကြည့်လိုက်မိရင် လယ်ကွင်းစိမ်းစိမ်းတွေရဲ့ တော်တော်ဝေးဝေးမှာ `ပုတုန်းကုန်းတောရကျောင်းတိုက်´ကို မြင်ရတယ်။ ရွာနဲ့က နည်းနည်းလှမ်းတော့ အဲဒီကျောင်းကို အရောက် အပေါက်နည်းကြတယ်။ ဦးဇင်းကြီးတချို့နဲ့ကပ္ပိယတို့ကတော့ ဆွမ်းခံလာလေ့ရှိတယ်။ လယ်ကွင်းစိမ်းစိမ်းလေယူရာယိမ်းရတဲ့ မြက်ပင်ကြီးတွေကြားမှာ  သင်္ကန်းရွှေဝါရောင်နဲ့ ဦးဇင်းကြီးတို့ရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ပုံရိပ်ကိုတော့ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတို့ကို ခေါ်ပြလိုက်ချင်လေရဲ့။ လတ်ဆတ်အေးမြတဲ့ သဘာဝ လေနု အေးလေးတွေကိုထိတွေ့ပြီး လာရတာမလို့လား၊ ဒါမှမဟုတ် ​​လျှောက်​နေကျမလို့လား​တော့ မသိဘူး၊ ဦးဇင်းကြီးနဲ့ကပ္ပိယတို့ ရပ်ကွက်ထဲရောက်လာရင် မောတဲ့ပန်းတဲ့အရိပ်အယောင်မတွေ့ရဘူး။ ဦးဇင်းကြီးတို့ ဆွမ်းခံပြီး ကျောင်းပြန်အကြွ  ရွာကိုကျောပေးပြီး လျှောက်နေတဲ့ပုံရိပ်ကို စာရေးသူရဲ့ အခုသိမှုအခြေခံနဲ့ ပြောရမယ်ဆိုရင်တော့ `ရှုပ်ထွေးလှတဲ့ လူ့ဘောင်တွေကြားထဲကနေမှ အေးချမ်းဆိတ်ငြိမ်ရာအရပ်ဆီသို့ ညွှန်ပြနေတဲ့ ပုံရိပ်´လို့ ပြောချင်ပါတယ်။ ပုတုန်းကုန်းတောရ ကျောင်းတိုက်ကြီးကို လှမ်းပြီးငေးကြည့်နေရတဲ့ အခိုက်အတန့်ဟာလည်း အတော်စိတ်အေးချမ်းရသလို ခံစားမိတယ်။ အဲဲဒီအခိုက်အတန့်ကို အခုလက်ရှိသိမှုအခြေခံနဲ့ ပြောရမယ်ဆိုရင် `ရှိနေခြင်း၊ ဖြစ်နေခြင်းကို ခံစားနေရသလိုပဲ´ လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

အဘွားဆီအလည်ရောက်နေချိန်မျိုးဆိုရင် အဘွားက မနက်စာကို ထမင်းကြော်ပေးလေ့ရှိတယ်။ အဘွားကြော်ပေးတဲ့ ထမင်းကြော်က နနွင်းမှုန့်နဲ့ ကြော်ပေးထားတာဆိုတော့ အဝါရောင်လေးနဲ့စားလို့ကောင်းတယ်။ ကျွန်တော့်အတွက် နည်းနည်းထူးဆန်းတာလေးက အဘွားတို့အရပ်ရဲ့ မီးဖိုချောင်ပုံစံတွေပါပဲ။ ရွာတွေဆိုတော့ မီးဖိုချောင်ကို ဘယ်အိမ်ထဲမှာ လုပ်နိုင်ကြမှာတုန်း၊ အိမ်ရှေ့က ကွင်းပြင်ကြီးမှာ မြေကြီးရဲ့အောက်ကို လေးပေပတ်လည်လောက် တွင်းတူးပြီး မီးဖိုချောင်လုပ်ထားတာပါ။ မြေပြင်ရဲ့ အောက်ကိုတွင်းတူးပြီး လုပ်ထားတာဆိုတော့ ကျွန်တော်တို့အတွက်ကတော့ ​ထူးဆန်းနေတာပါ။ ဘာလို့ အဲဒီလိုတွင်းတူးပြီး မီးဖိုချောင်လုပ်ရသလဲဆိုရင်တော့၊ အဘွားတို့ရပ်ကွက်အကြောင်းလေး နည်းနည်းပါးပါးမိတ်ဆက်ပေးမှရမယ်။ အဘွားတို့ရပ်ကွက်နာမည်က အရင်တုန်းက ကိုးဆောင်ရပ်ကွက်လို့ ခေါ်တယ်။ ရပ်ကွက်က မီးခဏခဏလောင်ပြီး အိမ် ကိုးအိမ်လောက်ပဲ ကျန်ကျန်နေတတ်လို့၊ ကိုးဆောင်ဆို​ပြီးခေါ်ကြတာလို့ အဘွားတို့ကပြောတယ်။ အခုနောက်ပိုင်းကျ ကိုးဆောင်ဆိုတဲ့အမည်နာမကို မီးလောင်တာနဲ့ တွဲတွဲပြောတတ်ကြတာကို သဘောမကျလို့ထင်ပါရဲ့၊ အောင်သုခရပ်ကွက်လို့ နာမည်ပြောင်းလိုက်တယ်။ ဒါကြောင့် အဘွားတို့အရပ်က မီးရေး၊ ထင်းရေးစိတ်ပူလို့ မြေပြင်ရဲ့အောက်မှာ တွင်းတူးပြီး ထမင်းဟင်းချက်ကြတာပါ။ အခုတော့ အဲဒီလိုမျိုး တွင်းတူးထားတဲ့မီးဖိုချောင်တွေ ရှိသေးလားလို့ လှမ်းမေးကြည့်တော့ အဖြေက မရှိတော့ဘူးတဲ့။

အဘွားအိမ်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ နွားခြံကြီးရှိတယ်။ ကျွန်တော်တို့ အလည်လာတဲ့အချိန်ဆိုရင် အဲဒီခြံထဲက နွားတွေလည်း အငြိမ်မနေရဘူး၊ နွားတွေ တက်တက်စီးကြတာ။ အဲဒီခြံက မနက်ဆိုရင် နွားနို့ ညှစ်ပြီး ရပ်ကွက်ထဲကိုရောင်းလေ့ရှိတယ်။ ကျွန်တော့် အဘွားက အဲဒီခြံကနွားနို့ကို ထန်းလျက်နဲ့ကျိုပေးလေ့ရှိတယ်။ နွားနို့ညှစ်တဲ့ပညာရပ်ကို အဲဒီတုန်းကတည်းကနေ စတင်မိတ်ဆက်ကြည့်ခွင့်ရ ခဲ့တာပဲ။ ကြံကြံဖန်ဖန်လို့ပြောရင်လည်း ခံရမှာပဲ၊ ဆရာသော်တာဆွေရဲ့ ရွာတန်းရှည်က နွားအကြောင်းတွေဖတ်ရရင် အဲဒီ ကာလတွေရဲ့ဖြစ်ခဲ့ခြင်းကို သွားသွားပြီး သတိရမိလေနေရဲ့။ ပစ္စုပ္ပန်မှာ စာဖတ်နေရင်းကနေ အတွင်းစိတ်က အတိတ်ကိုအလည်ရောက်မိသွားခြင်းမျိုးပေါ့။ အဲဒီနွားခြံက နွားတွေက လွှတ်ကျောင်းနွားတွေဆိုတော့ မနက်ဆိုရင် နွားတအုပ်ကို နွားကူးချောင်းရဲ့ ဟိုဘက်က ကွင်းပြင်ကျယ်ကြီးဆီကို မောင်းသွားလေ့ရှိကြတယ်။ နွားခြံထဲကနေ နွားတွေတိုးဝှေ့ထွက်သွားကြတာ ဖုန်​တွေ တထောင်းထောင်းနဲ့ ရပ်ကွက်ထဲ ခနတော့ လူသံ၊ နွားသံ၊ ခွေးသံ၊ ကြက်သံတော့ ဆူညံသွားတာပဲ။ အဘွားအိမ်မှာက နွားတင်းကုပ်ရှိတယ်၊ နေ့ခင်းဘက် နွားတင်းကုပ်အပေါ်ကနေ လယ်ကွင်းပြင်တွေဆီဘက်ကို လှမ်းကြည့်လိုက်မိရင် အစာစားနေတဲ့ နွားအုပ်တွေ၊ ဆိတ်အုပ်တွေကို မြင်ရတဲ့မြင်ကွင်းဟာ ကဗျာဆရာဆိုရင် ကဗျာစပ်ချင်သွားမယ်၊ ပန်းချီဆရာဆိုရင် ပန်းချီဆွဲချင်သွားမယ်ဗျ။ လယ်ကွင်းတွေမှာ ရေများတဲ့အခါမျိုးမှာဆိုရင် ဘဲအုပ်တွေပါ လာကျောင်းလေ့ရှိကြတယ်။ ညနေနေဝင်သွားပြီ ဆိုရင်တော့ လူတွေပြောကြတတ်တဲ့ နွားရိုင်းသွင်းချိန် ရောက်လာပါပြီ၊ လမ်းထိပ်မှာ နွားအုပ်ထဲက ရှေ့ဆုံးကနွားမြင်ပြီဆိုတာနဲ့ နီးတဲ့အိမ်ပြေးဝင်ရှောင်ရတာပဲ။ မရှောင်လို့ကတော့ နွားအုပ်ရဲ့ တက်နင်းတာ၊ ခွေ့တာ ခံရမှာပဲ။ တနေ့ခင်းလုံး စားကျက်မှာ လွှတ်ထားတဲ့ နွားတွေ ပြန်လာချိန်ကိုတော့ နွားရိုင်းသွင်းချိန် ( ကြက်တွေဆိုရင် အိပ်တန်းတက်ချိန်) လို့ ခေါ်ကြပြီး အဲဒီအခိုက် အတန့်ဟာလည်း တလမ်းလုံးဆူညံလို့ပါ။ အခုတော့ နွားကျောင်းမယ့်သူတောင် တော်​တော်ရှားလာပြီလို့ ပြောနေကြပြီ။ ကျေးလက်က လူငယ်​တွေရဲ့ အိပ်မက်က မြို့ပြဖြစ်လာပြီး၊ မြို့ပြဟာ ကျေး​လက်ကနေ လွင့်ထွက်လာတဲ့ လုပ်အားကို စီမံခန့်ခွဲမူ့မလုပ်နိုင်ခဲ့ရင်​တော့ ဘေးထွက်ဆိုးကျိုးကတော့ အတော်များနိုင်ပါမယ်။ မဟာရန်ကုန်ဟာ အဲ့လိုမျိုးဒဏ်ကို အတော်ကို ခံစားနေရပုံပါ။ ဒီအဖြစ်အပျက်တွေကိုဆင်ခြင်မိတော့ ဆရာကြီး ပီမိုးနင်းကိုတောင် သွားပြီးသတိရမိလေရဲ့။ ဆရာကြီး ပီမိုးနင်းရဲ့စာတွေဟာ ခေတ်ထက် တော်တော်စောတယ်၊​​​ ခေတ်​ရှေ့ကို ကြိုမြင်နိုင်တယ်လို့ ပြောရပါမယ်။ ဆရာကြီး ပီမိုးနင်းဟာ ပြည်သူတွေကို စီးပွားရေး၊ နိုင်ငံရေးနဲ့ပတ်သက်လို့ နားမျက်စိဖွင့်ပေးနိုင်တဲ့ စာရေးဆရာ ကြီးပါ။ ဆရာကြီး ပီမိုးနင်းဟာ မိရိုးဖလာ လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်နေကြတာတွေကို၊ စီးပွားရေးအတွက် သစ်သီးဝလံ စိုက်ပျိုးရေးကိုလည်း အာရုံစိုက်ကြည့်ဖို့လည်း တိုက်တွန်းဖူးတယ်။ သူ့ခေတ်တုန်းက ပညာတတ်လူငယ်တွေဟာ အရာရှိ၊ အရာခံ ရုံးလုပ်ငန်းကိုပဲ ပြုံတိုးပြီး အလုပ်လျှောက်နေကြတာကိုလည်း ကျေးရွာကိုဆင်းပြီး နွားမွေး၊ နို့ချက်တဲ့ အလုပ်လုပ်ဖို့လည်း တိုက်တွန်းဖူးပါတယ်။ မြို့ပြဟာ ကျေးလက်ရဲ့လုပ်အားကို စီမံမခန့်ခွဲနိုင်ရင်တော့ဆရာကြီး ပီမိုင်းနင်းပြောသလို ကျေးလက်မှာပဲ ပုလွေအစား တူရိယာမျိုးစုံရဲ့အသံကိုနားထောင်နိုင်တဲ့ စမတ်ဖုန်းကိုင်ပြီး နွားကျောင်းသား လုပ်နေရင်လည်း အဆင် ပြေနိုင်တာပဲမလား။ ကိုဗစ်တွေ စဖြစ်တော့တောင် မြို့ကြီးပြကြီးက စက်ရုံတွေပိတ်လို့ ကျေးလက်ကို ခနပြန်ကြရသေးတာပဲ။ အဘွားကို လွမ်းတော်မူဖို့ စာစီရင်းကနေ ဟို​ရောက်ဒီ​ရောက် ​​ဖြစ်နေပြန်ပြီဗျာ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက စာသင်ရတော့ `ဝါဆိုဝါခေါင် ရေတွေကြီးလို့ ...´ သင်ရသလိုမျိုး ဝါဆိုဝါခေါင်မှာ ရေတွေတက်လာရင် အဘွားတို့ရပ်ကွက်က ရေဝင်လေ့ရှိတယ်။ အဲဒီအခါမျိုးမှာဆိုရင် အဘွားတို့က နွားတင်းကုပ်ပေါ် တက်နေလေ့ရှိကြတယ်။ အဘွားအိမ်ရဲ့ အနောက်ဘက်မှာ ရေကန်ကြီးရှိတယ်၊ ဘဲတွေ မွေးထားတော့ အဲဒီကန်ကြီးထဲမှာ ဘဲတွေပျော်မြူးလှုပ်ရှားနေတာ ကြည့်ရတာလည်း ကြည်နူးစရာပါ။ ညအခါ လသာသာအချိန်မျိုးဆိုရင်တော့ မိုးပေါ်ကလမင်းကြီးများ ကန်ထဲအလည်ရောက်နေသလား အောက်မေ့ရတယ်။

အဘွားကို လွမ်းတော်မူဖို့စာစီရင်း မျိုးဆက်သုံးဆက်နဲ့အတူ ခေတ်သုံးခေတ်ကို ဆင်ခြင်မိတယ်။ ပထမမျိုးဆက် အဘွားတို့ခေတ်၊ ဒုတိယမျိုးဆက် ကျွန်တော့်မိဘတို့ခေတ်တွေထိ တမိသားစုလုံးမှာ တယောက်ပဲ အလုပ်လုပ်တာနဲ့တင် အဆင်ပြေကြတာများတယ်။ အရမ်းကာရော မဟုတ်တောင်၊ စားရုံသောက်ရုံလောက်တော့ အဆင်ပြေပြေနေနိုင်ကြတာ များပါတယ်။ တတိယမျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့ခေတ်ကြတော့ အိမ်ရှိလူအကုန်လုံး ထွက်ပြီး အလုပ်လုပ်ကြမှ စားနိုင်သောက်နိုင်ကြတာပါ။ တချို့ဆို မနည်း ရုန်းကန်နေရတာပါ။ ဒါတွေကို ဆင်ခြင်မိခြင်းအားဖြင့် ကျွန်တော့်မှာ အရင်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာကြည့်ဖို့ အသိတခုတိုးတော့တယ်။ တချို့ ဘောဂဗေဒဆရာတွေက `မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ အရင်းစနစ်ထဲမရှိခဲ့ဘူး၊ ကမ္ဘာ့စီးပွားရေး နိုင်ငံရေးထဲကနေ လွတ်ထွက်နေတယ်´လို့ ပြောကြ၊ ဆိုကြတယ်။ ဒါဆိုရင်တော့ အရင်းစနစ်ထဲမရှိခဲ့ခြင်းရဲ့ အကျိုးဆက်ကို မြို့ကြီးပြကြီးနဲ့ နယ်ဘက်ကျေးဘက်က လူအများစုကြီးက ခံစားနေရမှာပေါ့။ အရင်းစနစ်ရဲ့ အဖွံဖြိုးဆုံးလို့သတ်မှတ်နိုင်တဲ့ အချိန်တွေဟာ ၁၉၄၅ ကနေ ၁၉၇၃ အထိလို့ အများစုက ဆိုကြတယ်။ ဒါဆိုရင်တော့ အရင်းစနစ်ရဲ့ အဖွံဖြိုးဆုံး၊ အားအကောင်းဆုံးအချိန်တွေတုန်းက အသီးအပွင့်တွေကို လူ့အလွှာ၊ အတန်းအစား အသီးသီးက လူတွေဟာ ခံစားခွင့် နည်းပါးလိမ့်မယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အရင်းစနစ်ထဲမှာ မရှိစေကာမူ၊ အရင်းစနစ်ကိုတော့ လေ့လာကြည့်သင့်ပါတယ်။ဒါမှလည်း ပထမမျိုးဆက်၊ ဒုတိယမျိုး ဆက်တွေ ဖြတ်သန်းရတဲ့ခေတ်ဟာ အရင်းစနစ်ရဲ့ အဖွံဖြိုးဆုံးအချိန်နဲ့ ထပ်တူနီးပါးကျပြီး၊ ကျွန်တော်တို့မျိုးဆက် ကြီးပြင်းလာရတဲ့ ခေတ်ကျတော့ အရင်းစနစ်ခေတ်နှောင်းဆိုတာ သိကြမှာပါ။ ဪ ကျွန်တော်တောင် အဘွားကိုလွမ်းမိလို့ တွေးနေတဲ့ ငယ်ဘဝအတိတ်ကနေပြီး ပစ္စုပ္ပန်ကို ပြန်ရောက်မိသွားပါ့လား။

စကုလို့ ဆိုလိုက်တာနဲ့ မန်းချောင်းနဲ့ တွဲမြင်ကြပါလိမ့်မယ်။ စကုမန်းချောင်းက `ဆည်တော်´ဆိုရင်လည်း လူသိများကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရှင်ပြတုန်းကလည်း ဓလေ့အရ မန်းချောင်းမှာပဲ နတ်ပြကြတာပါ။ ကျွန်တော့်အတွက်က စကုလို့ဆိုလိုက်တာနဲ့ အမှတ်တရတွေအများကြီးပါ။ ဒါပေမဲ့ စကုဆိုတာနဲ့ အဘွားရယ်၊ နွားကူးချောင်းကြီးရယ်ကိုသာ မြင်မိပါတယ်။ နွားကူးချောင်းက တံတားကြီးရဲ့ အကြောင်းအရာကိုတော့ လိုက်လံရှာဖွေစုဆောင်းကြည့်ရမှာပဲ။ ပါးစပ်ပြောသမိုင်းအနေနဲ့ပဲ ရေးသင့်ရဲ့လားဆိုတာကိုလည်း အချိန်တွေအများကြီးယူပြီး သမိုင်းဒဿနနဲ့ ချင့်ချိန်ကြည့်ရမှာပဲ။ ပါးစပ်ပြောသမိုင်း ရေးဖို့ဆိုတာကလည်း အဘွားတို့ဆီကို သွားရဦးမှာ၊ သွားဖြစ်ရင်တော့ အဘွားအိမ်ကနေပြီး ငယ်ငယ်တုန်းက မြင်ကွင်းတွေများ ဘယ်လိုပြောင်းလဲသွား​ပြီးဆိုတာ လှမ်းမျှော်ကြည့်ဦးမယ် တွေးထားတယ်။ အခုတော့ ခပ်ဝေးဝေးကနေပဲ အဘွားအိမ်ကို​ကော၊ နွားကူးချောင်းက တံတားကြီးကိုကော လှမ်း​​​ကြည့်နေလိုက်တော့မယ်။ 

နန္ဒအောင် 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar