Breaking News

ကိုပုည - ကြားကြားသမျှ ပစ္စက္ခ

 

ကိုပုည - ကြားကြားသမျှ ပစ္စက္ခ

မိုးမခ ၊ ဩဂုတ် ၁၅ ၊ ၂၀၂၆
 

ဖက်ဒရယ် နှစ်မျိုး ရှိ၏။ ဒီမိုကရေစီဖက်ဒရယ်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို မဆိုလို။ စစ်အာဏာရှင်မရှိသော ဖက်ဒရယ်နှင့် စစ်အာဏာရှင်နှင့် တွဲဖက်ရသည့် ဖက်ဒရယ် နှစ်မျိုးကို ဆိုလိုသည်။ စစ်အာဏာရှင် မရှိဖို့ဆို ဒီမိုကရေစီဖက်ဒရယ် ဖြစ်ရမည်လား၊ စစ်အာဏာရှင် မရှိမှ ဒီမိုကရေစီဖက်ဒရယ် ရမှာလား။ ဒီမိုကရေစီဖက်ဒရယ် ဆိုတာ စစ်အာဏာရှင် မရှိတော့ခြင်းကို ဆိုလိုတာလား။ ဒါမှမဟုတ် စစ်အာဏာရှင်ပြုတ်အောင် တိုက်ပြီးမှ ဖက်ဒရယ်လုပ်ပြီး ဒီမိုကရေစီစနစ် ထူထောင်မည်လား။ အဲဒါမျိုးကို ဖက်ဒရယ်ဒီမိုကရေစီလို့ ဆိုလိုတာလား။ အခု စစ်အာဏာရှင်ကို လက်ခံပြီး ကိုယ်ပိုင်ပြည်နယ်ရရေး၊ ဖက်ဒရယ်ရရေး ဆွေးနွေးနေကြသလို ဟာမျိုးလား။ အဲဒါမျိုးကို ဖက်ဒရယ်ဒီမိုကရေစီ ဆိုလိုသလား။ စဉ်းစားလိုက စဉ်းစား၊ မစဉ်းစားလိုကလည်း မစဉ်းစားပါနှင့်။ တစ်ချိန်တုန်းက စစ်အုပ်စုက ဖက်ဒရယ်ဆို တွယ်တယ်လုပ်ရာကနေ အခုတော့ တစ်ဆင့်လျှောပြီး စစ်တပ်နည်း စစ်တပ်ဟန် ဖက်ဒရယ်စကားတွေ ပြောလာတာ ကြာပြီ။ ၂၀၀၈ ခြေဥအတိုင်း သွားတာကို ဆိုလိုသည်။ အဲဒီအတိုင်း သွားမည့်သူက ဘယ်နှဖွဲ့ ရှိမည်နည်း။ ရှမ်းပြည်က လက်နက်ကိုင်အားလုံးလား။ သူတို့အပြင် တခြားရှိသေးလား။

အဲဒါ မစဉ်းစားချင်လည်း စစ်အာဏာရှင်ဆီက ပြည်နယ် သွားတောင်းတဲ့ ရွှေပလောင်၊ ငွေပလောင်တို့ အဖြစ်တော့ လှည့်ကြည့်သင့်။ သူတို့ခမျာ နေပူတော်က ပြည်နယ်လိုချင် လွှတ်တော်ထဲဝင်ဆိုတော့ ဖွတ်မရ ဓားမ ဆုံးရမလို။ သူတို့နယ်ရှိသမျှ တပ်ပေါင်းစုံကြောက်လို့ ထွက်သွားကြတဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့ မြို့တွေက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ကြီးပြင်း၊ တချို့ အခြေကျနေတဲ့ ပလောင်ပညာတတ်တွေ ပြန်မလာလို့ CDM တွေနဲ့ လည်ပတ်နေတဲ့ ပညာရေးလေးပါ ကွေးတော့မယ်။ မအလအောက် ဒူးထောက်တော့ CDM တွေက အန်ချင်သည်၊ ပြန်ချင်ပြီ လုပ်လာပြီ။ လေးဖြူကို BC မသိလို့ သပိတ်မှောက်ပို့စ်တင် (တကယ်မှောက်၊ မမှောက် မသိ) တဲ့ တာဘုန်းကျော်လည်း ဘာသံမှ မထွက်တော့။ စကစဆီက ပညာရေးအကူအညီ တောင်းတော့လည်း သူတို့ ပညာရေးအတိုင်း သွားဆိုတော့ အကူအညီ ယူရမယ်ဆိုရင်လည်း အုပ်ချုပ်ရေး ဘာရေး ညာရေးပါ ပြန်ပေးရပြီး ပြည်နယ်မရ ဘာဒေသ ညာဒေသပဲ လုပ်ရတော့မဲ့ကိန်း။ တပ်ကလည်း တော်လှန်ရေးတပ်မှသည် BGF ဖြစ်ရမည့်သဘော။ ညီနောင်သုံးဖော်ကနေ စုတိပြတ်ကြွေ ရှောဘရားသား ဖြစ်နေ။ ပအိုဝ်းတွေကတော့ ဝဆီ လက်နက်သွားဝယ်ပြီ။ ရှမ်းကို ဟန့်ဖို့လား၊ ကရင်နီဘက် ကာဖို့ တိုးဖို့လား၊ ပြင်ဆင်ပြီ။

ချင်းမှာလည်း အခုလောလောဆယ် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ မပေါင်းမသင်း ခေါင်းချင်းကွဲနေမှုကို စိတ်ပျက်လို့၊ ခေါင်းဆောင်တွေရဲ့ မိသားစုတွေက စစ်ကောင်စီ ထိန်းချုပ်မြို့တွေမှာ နေနေကြလို့၊ ခေါင်းဆောင်အမျိုးတွေ Non-CDM ပြန်လုပ်ကြလို့၊ နိုင်ငံရေးအမြင် မဖွင့်နိုင်တော့ ကိုယ် လုပ်မှ ကိုယ် စားရတာ ဆိုတဲ့ သဘောပိုက်ထားကြလို့ စတာတွေကြောင့် စစ်အုပ်စု ပြန်ထိန်းချုပ်မြို့တွေမှာ ပြန်ဝင်နေကြတယ်လို့ အဲဒီဘက်က တစ်ယောက် ပြောတာ ကြားလိုက်ရ။ ကလေး-တမူးလမ်းလည်း စကစ လက် ပြန်ရောက်၊ မုံရွာကနေ ဒိုးယိုပေါက်။ ကချင်-မန္တလေးလည်း နေ့ချင်းပြေး။

နောက် ပရောဂျက် အလွန်တရာ ပေါများသော ကရင်နီပြည်နယ်လေးမှာ လူတယောက်က ပရောဂျက် လေး ငါးခု ကိုင်ထား၊ လစာ လေး ငါးထပ် ယူ၊ ရီဆီးလီးရင့် (Resilience) ဆိုတဲ့ ခံနိုင်ရည်အကြောင်း စစ်ရှောင်သူတွေ၊ ရွာသူတွေကို လိုက်ဟောပြောပြီး ကိုယ်တိုင်ကကျ တခြားသူတွေပါ ရပ်တည်နိုင်အောင် ပရောဂျက်မမျှ၊ ဝန်ထမ်းတိုးချဲ့မခန့်တော့ သူတို့ပဲ သိသိသာသာ ချမ်းသာလာ၊ အဲဒါကို အမြင်မကြည်သူတွေ များလာ၊ ပိုဆိုးတာက ဝန်ထမ်းသစ် ဟုတ်တိပတ်တိ မခန့်ဘဲ ပရောဂျက်မှန်သမျှ ရှိတဲ့ အခိုင်းအစေ ဝန်ထမ်းလေးတွေနဲ့ပဲ လုပ်နေကိုင်နေကြတော့ လူငယ်တွေက အလုပ်အကိုင်မရှိ၊ မရှိတော့ ထိုင်းဘက် ထွက်ကြတဲ့အပြင် တပ်ခေါင်းဆောင်တွေ မညီကြလို့ တဖြည်းဖြည်း ရဲဘော်လုပ်မဲ့သူပါ ပျောက်လာတာတွေ ပြောပြတယ်။ ပရောဂျက် ၁ ခု လူ ၅ ယောက် ခန့်နိုင်ရင် ပရောဂျက် ၅ ခု၊ လူ ၂၅ ယောက် မျှပေးမဲ့အစား ၇ ယောက်လောက်နဲ့ လုပ်နေတယ်။ ဗော်လန်တီယာ ဆိုပြီး ညစ်ခိုင်းနေတာတွေ များသတဲ့။ လူငယ်တွေဟာ ဖွင့်ထားတဲ့ ဆိုရှယ်ကျောင်းတွေက ဆင်းလာပေမဲ့ အလုပ်အကိုင် မရှိကြ၊ ဆိုရှယ်ဝါ့ကာ (Social Worker) တွေ မွေးထုတ်နိုင်တဲ့ အခွင့်အလမ်း ရှိနေရက်နဲ့ မွေးမထုတ်ကြ၊ ခြေလက်အင်္ဂါထိခိုက် ရဲဘော်လူငယ်လေးတွေအတွက်လည်း ဘာအစီအစဉ်မှ မရှိတော့ လူငယ်တွေ တော်လှန်ရေးကို ရွေးချယ်မှုနည်းလာ၊ ထိုင်းထွက်များလာသတဲ့။ စတားလင့် (Starlink) မရှိရင် သတင်းနဲ့ ငွေကြေးစီးဆင်းရေးအပြင် အွန်လိုင်းပညာရေးပါ ခက်လာမယ်လို့လည်း ပြောပြတယ်။ နောက် လူကြီးပိုင်းတွေကလည်း ပြုပြင်ပြောင်းလဲရေး မလုပ်ချင်၊ ပြုပြင်ပြောင်းလဲရေးဆို သူတို့ အထိုင်ပျောက်မယ်လို့ပဲ ထင်ကြ၊ သူတို့နေရာ ကျုံ့မယ်လို့ပဲ တွေးကြ၊ မဆွေးနွေး မညှိနှိုင်းကြ၊ နေရာမပေးချင်ကြ၊ အဲဒီအကျင့်တွေက အခုမှ တော်လှန်ရေးထဲ ပါလာသူ ခေါင်းဆောင်ငယ်တွေထိ ကူးလာ၊ ရဲဘော်တွေလည်း မကျေနပ်မှုတွေ များလာသတဲ့ဗျ။

ကရင်ဘက်ကလည်း ပြောတယ်။ ဘာပြောတုံး ဆိုတော့ သူတို့ဆီမှာ လက်နက်ကိုင်တပ် တဝက်မက ကျားဖြန့် အုံနာ (Owner) တွေတဲ့။ ကျားဖြန့် နန်းပိုင်တွေပေါ့။ တကမ္ဘာလုံးက လူတွေကို လူကုန်ကူးပြီး တကမ္ဘာလုံးက လူတွေကို လိမ်စားနေတာတဲ့။ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာလောက်က အသေးအမွှား၊ ကလီစာပါ ထုတ်ရောင်းသေးသတဲ့။ အခု DKBA ခေါင်းဆောင်ပိုင်းတွေ ဖမ်းဝရမ်းထုတ်ခံထားရတော့ နုကြည် (NUG) ရဲ့ တောင်ပိုင်း စစ်ဗျူဟာမှူး စောကျော်သက်ကို ရာထူးကြီးကြီး ဆက်ခံရဖို့ ဆွယ်လိုက်တာ နောက်လိုက်နောက်ပါ ၃၅၀ တောင် ပါသွားသေး။ စစ်ရေးအခြေအနေတွေ အကုန်သိတဲ့အပြင် သူ့ခွင်တွေမှာ သွားတိုက်လို့ပါ မရနိုင်တော့ဘူးလေ။ နုကြည်ခမျာ အုအိအုတောင် မအော်နိုင်ရှာဘူး။ ညီနောင်သုံးဖော် ကျားဖြန့် ဆော်သလို ကရင်ချင်းမှ မဆော်နိုင်တော့ရင် အမေရိကန်က ထိုင်းနဲ့ စစ်အုပ်စုနဲ့ပါ ပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေး လုပ်လာနိုင်တယ်။ အခုတော့ ကရင်မြေဟာ ကရင်လွတ်မြောက်ရေး တိုက်ပွဲမြေ တဝက်၊ ကမ္ဘာ့လူကုန်ကူးငွေလိမ်ဂိုဏ်း ဌာနချုပ်မြေ တဝက် ဖြစ်လာ။ ဒါတွင်မက မူးယစ်ဆေးပြား ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်ဖောက်ကားရာပါ ဖြစ်လာသတဲ့။ ကရင်သင်တိုင်းဟာ အိတ်ထောင်မပါ၊ သင်တိုင်းလိုက်ချွတ်ထုတ်တဲ့အဆင့် ဖြစ်လာသတဲ့။

အာဆီယံက ဒေါ်စု ရှိမှုကို မဲနေချိန်မှာ ဒေါ်စုကို ထုတ်ရှိုးပြီး မင်းအောင်လှိုင်က ထိုင်းကို လာတော့မည်။ ဒေါ်စုက ကြည်ကြည်လင်လင်၊ ပီပီပြင်ပြင်။ ဆိုတော့ ဘုံသဘောတူညီချက် ရပ်တည်ချက်ကို ထပ်နှဲ့ကြည့်လို့ ရသည်။ ဒေါ်စုကို အကျဉ်းသားတဦးအပေါ် လူသားချင်းစာနာမှုအရသာ လုပ်တယ်လို့လည်း ဖော်ပြဖို့ ICRC ကို အသုံးချလိုက်သည်။ အခြားသူတွေနဲ့ နိုင်ငံရေးအရ တွေ့ခွင့်မပေးဟု ဆိုလိုသည်။ NLD ကို ထပ်မံလှုပ်လိုက်သည်။ NUG, CRPH နဲ့ ပတ်သက်လို့ ထပ်စာထုတ်ခိုင်းမဲ့ သဘော။ တစ်ဖက်က ကြည့်ရင်တော့ နိုင်ငံတကာဖိအား နည်းနည်းလျော့နိုင်ပေမဲ့ ဒေါ်စုကို မြင်ရလို့ အားတက်သွားသူတွေ အများကြီး ပေါ်လာသည်။ PDF တွေကို စိတ်ပျက်လာသူတွေ၊ PDF တွေထဲမှာ စိတ်ပျက်လာသူတွေ ပြန်လည်အားတက်လာကြသည်။ အညာဘက်မှာ NUG က မကျွေးနိုင်၊ တပ်ရင်းမှူးတွေမှာ စားစရိတ်ဝန် မထမ်းနိုင်ကြတော့။ သိပ်လေးလာပြီ။ ခဲယမ်းလက်နက်ထားလို့ စားဖို့ပင် အနိုင်နိုင်ဖြစ်လာလို့ စိတ်ပျက်လာကြသည်။ COC မူပိုင်လုပ်ပြီး နုကြည်အောက် မရှိတဲ့အဖွဲ့မှန်သမျှနဲ့ တိုက်ခိုင်းနေတာကလည်း ဆိုးရွားလှသည် မဟုတ်ပါလား။ ယူနစ်အစိုးရတွေလည်း ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်နေသည်ဟု ပြောလာကြသည်။ အခွန်ခွဲဝေစီမံမှု ကျကျနန ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်ခံ တာဝန်ယူမှုရှိဖို့ အမြန်ဆုံးလုပ်ဖို့ လိုလာပြီ။ အခု တဖြည်းဖြည်း နုကြည်အခွန်ရနယ်တွေကို စစ်တပ်က ထိန်းချုပ်ဖို့ တစတစ တိုးလာပြီ။ ဒီက မိတ်ဆွေကို ရန်သူလုပ်လို့က မပြီးသေး။

မတိုက်တဲ့အဖွဲ့တွေနဲ့ စစ်တပ် စကားပြောကြတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေကတော့ အနှစ်သာရမဲ့နေဦးမှာ သေချာ။ စကစက ထုံးစံအတိုင်း အပေါ်စီးက မတန်မရာတွေပြော၊ မူလပိုင်ရှင်လို့ သဘောမထား။ သူ ပေးတာပဲ ရမယ်ဆိုတဲ့ မူလသဘောထားအတိုင်း ရှိသည်။ တိုက်နေတဲ့ အဖွဲ့တွေ မပါတော့ တန်ဖိုးကမဲ့။ တိုက်နေတဲ့ အဖွဲ့တွေကလည်း ဆက်တိုက်ကြမည်။ ဘာလို့ဆို စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ဆို တိုက်မှ ဖြစ်မယ်လေ။ ခြေဥအောက် ရောက်ရင်တော့ စစ်တပ်ကို နိုင်ငံရေးဦးဆောင် အခန်းကဏ္ဍမှာ ဆက်ထားပေးတယ် ဖြစ်မှာပေါ့။ အဲဒီတော့ လက်ရှိတော်လှန်ရေး အခြေအနေအတိုင်း ကိုယ်ရထားတဲ့နယ် ကိုယ်ထိန်းရင်း ဆွေးနွေးသူတွေပါ ပြန်ပါလာမဲ့ အချိန်တစ်ခုကို စောင့်ရင်း တိုက်နေကြမည်သာ။ SCEF ရဲ့ ပြင်ဆင်စုဖွဲ့ ဦးဆောင်အားနဲ့ တော်လှန်ရဲဘော်တွေကတော့ ဆက်ဆော်ကြမည်သာ။ စစ်တပ်ကို ဆော်ဖို့ထွက်လာ၊ ဖွဲ့ထားကြတာ မဟုတ်လား။ စစ်တပ်ကလည်း ထင်သလောက် အင်အားရှိတော့တာ မဟုတ်၊ တရုတ်၊ ရုရှားအကူအညီနဲ့ စစ်မှုထမ်း မုဒိမ်းကျင့် ရနေလို့သာ၊ မဟုတ်ရင် မအလ ငလမ ကြင်စိုး ဖြစ်တာ ကြာပြီ။ အခုတောင် အလုပ်အကုန်ပျက် ကုန်ဈေးနှုန်းပဲ တက်နေလို့ တုတ်တပြက် ဓားတပြက် ဖြစ်နေကြပြီ။ အထွေထွေအကျပ်အတည်း ဆိုက်ရင် တချက်ရိုက်ရုံနဲ့ လဲမဲ့အခြေအနေ၊ ဟန်ကိုယ့်ဖို့ လုပ်နေတာသာ ဖြစ်သည်။ သူတို့ထဲမှာလည်း တပ်ချုပ်တောင် အလိမ်တလိမ် လွှဲထားရတာ မဟုတ်လား။ ကြံ့က ဖွတ်ကြံကြံပြီး ခွေးက ခွေးချောင်း ချောင်းနေသူတွေနဲ့ ပုန်ကန်ဖို့ ပြင်နေတဲ့ မုဆိုးမထုကြီးကို ရင်ဆိုင်နေရသည်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar