Breaking News

မောင်ဘဦး - ကျောင်းဆရာနှင့် ကျောင်းသား

မောင်ဘဦး - ကျောင်းဆရာနှင့် ကျောင်းသား

မိုးမခ ၊ ဩဂုတ် ၁၅ ၊ ၂၀၂၆


အဖေက မြို့မှဝယ်လာသော ကျောက်သင်ပုန်းဘောင်ထိပ်တွင် စူးလေးဖြင့် ဖောက်ကာဖောက်ကာ 'မောင်ဘဦး' ဟု အမည်လေးရေးထိုးပြီး မြေဖြူဖြင့် ပွတ်လိုက်ရာ၊ စူးပေါက်လေးများထဲသို့ မြေဖြူမှုန့်များ ဝင်သွားသဖြင့် ကျောက်သင်ပုန်းဘောင် ခပ်ဝါဝါထဲမှ အမည်နာမ အဖြူစက်ကလေးများမှာ ပိုမိုကြွတက်၍ လာလေတော့သည်။ ကျောက်သင်ပုန်းပိုင်ရှင်သည်ကား ကျောင်းသားအသစ်စက်စက်ကြီး 'မောင်ဘဦး' ဖြစ်ပေသတည်း။

မောင်ဘဦး အသက် ၇ နှစ်ခန့်တွင် ဖခင်ကြီးက ရွာနှင့် ၅ ရွာတွင်းခန့် ဝေးကွာသည့် အောက်ချင်းတွင်း အညာဒေသရှိ 'ရွှေကိုမလို ရေကိုသာလိုသည်' ဟူသော ဆိုင်းဘုတ်ကြီးတင်ထားသည့် ကျေးရွာအုပ်စု မူလတန်းကျောင်းလေးသို့ ကျောင်းအပ်ပေးလေ၏။ ကျောင်းအပ်မည့်နေ့က အမေက ရေချိုး၊ သနပ်ခါးလိမ်းပေးကာ အင်္ကျီဘောင်းဘီအသစ်ကို ဝတ်ဆင်ပေး၏။ ပိတ်စအတိုလေးများဖြင့် ကြိုတင်ချုပ်လုပ်ထားသော လွယ်အိတ်တောင်း (လွယ်အိတ်) လေးထဲတွင် ကျောက်သင်ပုန်းနှင့် သစ်သားပေတံတို့ကို ထည့်သွင်းကာ စလွယ်သိုင်းလွယ်စေ၏။ ကျောက်တံ ၂ ချောင်းကိုမူ ကျောက်ပြားပေါ်တွင် ချွန်ထက်အောင် အနည်းငယ်သွေးပြီးလျှင်၊ ရှုံ့ကြိုးလေးဖြင့် ဝိုင်းပတ်၍ချုပ်ထားသော 'ကျောက်တံအိတ်' လေးအတွင်းသို့ ထည့်သွင်းကာ လည်ပင်းတွင် ဆွဲပေးရင်း၊ နှုတ်မှလည်း "ငါ့သားလေး... ဘွဲ့ရပညာတတ် လခစား... ကျောင်းဆရာကြီး ဖြစ်ပါစေတော်..." ဟု ဆုပေးလိုက်လေ၏။ ဆာလျှင်မုန့်ဝယ်စားရန် ရှုံ့အိတ်ထဲသို့ ဆယ်ပြားစေ့ တစ်စေ့ကိုလည်း ထည့်ပေးလိုက်လေ၏။ လည်ပင်းတွင် ကပ်၍ဆွဲထားသော ကြာသပတေးနံ အဆောင်ကြွက်ရုပ်နှင့်ပါဆိုလျှင် မောင်ဘဦး၏ လည်ပင်းတွင် ဆွဲကြိုး ၂ ကုံးပင် ရှိသွားပြီဖြစ်ပါလေ၏။ 'သီးသီးမှည့်' ကို အညှာနေရာမှ ဖောက်ကာ ထိုအပေါက်ထဲသို့ ထန်းဖိုထန်းလျက်ကိုထု၍ ဝါးတံလေးဖြင့် နည်းနည်းချင်းစီ ထိုးသွင်းကာ မွှေထားသော 'သီးသီးမှည့်' ကိုလည်း ပေးလိုက်သေး၏။ ဝါးတံထိပ်လေးတွင် ကပ်၍ပါလာသော သီးသီးအနှစ်လေးကို ပါးစပ်ထဲတွင် ထိုးစုပ်လိုက်၊ သီးသီးမှည့်ထဲသို့ ပြန်ထည့်မွှေလိုက်ဖြင့် အဖေ့နောက်မှ မလိုက်ချင်လိုက်ချင်ဖြင့် ကျောင်းသို့ လိုက်ပါခဲ့လေသတည်း။

ကျောင်းစဖွင့်သည်မှာ ရက်အတန်ကြာပြီဖြစ်သော်လည်း 'ကျောင်းမနေချင်' ဟု ငိုယိုငြင်းဆိုနေ၍ ဝါဝင်ခါနီးမှသာ သွားအပ်ရခြင်း ဖြစ်၏။ မနက်ပိုင်း စာသင်ချိန်အပြီး ထမင်းစားခေတ္တနားချိန်တွင် အကြော်တပန်းကန်ဖြင့် ကျောင်းသွားအပ်ခြင်း ဖြစ်၏။ လက်ထောက်ဆရာ၊ ဆရာမများနှင့် ဝိုင်းဖွဲ့၍ ထမင်းစားနေရင်းကပင် ကျောင်းအုပ်ဆရာကြီးက မွေးနေ့ ရက် လ နှစ်ကို မေးရာ၊ အဖေက အဝတ်ဖြင့်ပတ်၍ အသင့်ယူဆောင်လာသော 'အသက် ၁၂၀ ရှည်စေသောဝ် ပေရွက်ဇာတာ' ကို ပြလိုက်ရာ ချက်ချင်းစာရင်းသွင်းပေးလိုက်သဖြင့် မောင်ဘဦးတယောက် မူလတန်းကျောင်းသားကြီးအဖြစ်သို့ ရုတ်ခြည်း ရောက်ရှိသွားလေတော့၏။

ကျောင်းအပ်ခ ကုန်ကျစရိတ်ကား အကြော်တစ်ပန်းကန်သာဖြစ်၏။ အကြော်မပါ လက်ဗလာဖြင့် ကျောင်းလာအပ်လျှင်လည်း ဆရာ၊ ဆရာမကြီးတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံကြပါမည်လေ။ ဘာကြေးညာကြေး လုံးဝမပေးရ။ "...သားဖွားဆရာမထံမှ မွေးစာရင်းမဟုတ်၍ လက်မခံ..." ဟူ၍ မပြော။ "...မေလကုန် ဇွန်လဆန်း ကျောင်းအပ်လက်ခံတဲ့နေ့တွေတုန်းက ဘာလို့လာမအပ်သလဲ...၊ တစ်နှစ်နောက်ကျသွားပြီ...၊ တစ်နှစ်နောက်မကျချင်ရင် အိမ်လာခဲ့..." ဟူ၍လည်း မဆို။ စာသင်ခုံဖိုး၊ စာအုပ်ဖိုးများလည်း မကောက်ခံလိုက်။ အင်္ကျီလက်မောင်းကပ်ဖို့ ကျောင်းတံဆိပ် (badge) ကိုလည်း ရိုက်နှိပ်မရောင်း။ "ဘယ်ကျူရှင်မှာ ထားမလဲ" ဟုလည်း တီးတိုးကပ်၍ မမေး။ ကျောင်းစိမ်းဘောင်းဘီနှင့် အင်္ကျီဖြူကိုလည်း တီးတိုးပြောဆိုကာ မရောင်းချလိုက်...။ ကလေးကို မူလတန်းပညာ သင်ကြားစေဖို့ကသာ အဓိက။ ရွာထဲမှ ကလေးဟူသမျှ ကျောင်းလာတက်အောင် စည်းရုံးဖို့သည်သာ ထိုခေတ်ထိုအချိန်က ဆရာ၊ ဆရာမတို့၏ အဓိကအလုပ် ဖြစ်ပေသတည်း။

သို့ပါသော်ငြား၊ ဦးသောင်းလှိုင်၏သား 'ကျောင်းဆရာ-ဂျပု' ကိုတော့ ကျောင်းနေအောင် မစွမ်းဆောင်နိုင်ကြပါလေ။ "...ကျုပ်လင် သောင်းလှိုင်ရဲ့ မယားငယ်လုပ်ပြီး ကျွန်ခံပါ့မယ်ဆိုရင်တောင် ဒီတစ်သက်... မိထောင်သားသမီးတွေကို ဘယ်တော့မှ ကျောင်းမထားဘူး..." ဟု ကျောင်းထားဖို့ လာရောက်ဆွေးနွေးသော ဆရာမလေးတွေကိုပင် အော်ဟစ်ပြောဆိုလွှတ်လေသည်တဲ့...။ နောက်မှ ထပ်မံကြားသိရပြန်သည်ကား၊ "...ဘာ သားဆက်ခြားလဲ...၊ ဘာပညာပေးလဲ...။ အမျိုးနဲ့ မကျယ်နဲ့... အဖိုးနဲ့ မဝယ်နဲ့...တဲ့။ မိထောင် မွေးချင်သလောက် မွေးမယ်...။ နောက် မိထောင်ဆီ ဘယ်တော့မှ မလာကြနဲ့..." ဟု ကျန်းမာရေးဆရာမလေးတွေကိုလည်း အော်လွှတ်သေးသည်ဟူသတတ်...။

'ကျောင်းဆရာ-ဂျပု' ဟူသည်ကား တစ်ရွာလုံးကခေါ်ကြသော အရပ်ပုပုဂင်တိုတို ဂျစ်ကန်ကန် ဥပဓိရုပ်နှင့် 'ခင်မောင်အေး' ၏ အနွတ္ထအမည်ပေတည်း။ 'ခင်မောင်အေး၊ ခင်မောင်ဌေး၊ မိငို၊ မိပို' ဟူ၍ တစ်နှစ်ကြီးတစ်နှစ်ငယ် မောင်နှမ ၄ ယောက်အပြင် အထီးအမ မကွဲပြားသေးသော နေ့စေ့လစေ့ကိုယ်ဝန်ကြီးကလည်း ရှိလေသေး၏။

ဦးသောင်းလှိုင်ကို ဘယ်ရပ်ဘယ်ဇာတိကရယ်လို့တော့ မသိကြ။ ရွာပြင်က 'ဗကား' ခေါ် မြေကြမ်းသည်၊ မြေဘုတ်ဘီလူးရှိသည်၊ ဆိုပြီး ပလပ်ထားကြသည့် ယာမြေမလုပ်ရဲသော ဆယ်ပေပတ်လည်ခန့် ကုန်းလေးပေါ်တွင် တဲထိုး၍နေသူဖြစ်၏။ တချို့ကလည်း 'ရန်ကုန်က ခါးပိုက်နှိုက်လူဆိုး' ဟု ဆိုကြ၏။ တချို့ကမူ 'တပ်ပြေး' ဟု ဆိုကြ၏။ သူ၏မိန်းမ မမိထောင်၊ ကလေး ၂ ယောက်နှင့်အတူ မောင်ဘဦးတို့ရွာလေးသို့ ရောက်ရှိလာသည်မှာ မိငိုအသက်နှင့်အမျှ ရှိပြီဖြစ်၏။ 'မိငို' ကို ဤရွာရောက်မှ မွေးဖွားပြီး၊ မွေးဖွားသည်နေ့မှစ၍ အချိန်တိုင်း အကြောင်းမရှိ ငို၍သာနေလေ၏။ ငိုတိုင်းလည်း မမိထောင်က၊ "...ငို...ငို၊ သေအောင်ငို...၊ အချိန်ရှိသရွေ့ နို့ချည်း တိုက်မနေနိုင်ဘူး၊ မိထောင်တဲ့၊ ထောင်ထဲမှာမွေးလာတာ၊ ဘာမှတ်သတုံး..." ဟု ပြန်အော်လေသတည်း။

ဦးသောင်းလှိုင်မှာ မနက်တိုင်း ကုလားတက်မခေါက်မီကတည်းက စာရင်းငှားလုပ်သည့်အိမ်အတွက် နွားသွားကျွေးရ၏။ ပြီးလျှင် မိန်းမနှင့် ဂျပုကိုနှိုးကာ ထန်းတက်၏။ ထန်းအငှားတက်ခြင်းဖြစ်၏။ ထန်းပင် ၃၀ ကျော်ကို မနက် ညနေ တက်ရ၏။ ဝေလီဝေလင်းတွင်မူ ဦးသောင်းလှိုင်မှာ ယာထွန်ထွက်လေပြီ။ ဂျပုတို့သားအမိကား မြူအိုးကောက်၊ အိမ်သို့သယ်ကာ မြေကြီးကိုတူး၍ မိုးဗြဲဒယ် ၂ လုံးစာ တစ်ဆက်တည်း ပြုလုပ်ထားသော ထင်းမီးဖိုပေါ်တွင် ထန်းလျက် (ထညက်) ချက်ကြလေ၏။ ရာသီချိန်တွင် တစ်နှစ်တစ်နှစ် ထန်းလျက် အချိန် လေးငါးခြောက်ဆယ်ကျော် ထွက်သည်ဆို၏။ ထန်းပင်ပိုင်ရှင်က အိုးဖိုး (မြူအိုးဖိုး)၊ ကြိုးဖိုး ကြိုတင်ထုတ်ပေးပြီး၊ ထွက်ရှိသော ထန်းလျက်တစ်ဝက်ကို ထန်းပင်ပိုင်ရှင်သို့ ပေးရလေသည်။ အိုးဖိုး၊ ကြိုးဖိုးကိုလည်း ငွေပေါ်သည်နှင့် ပြန်ဆပ်ရလေသည်။ သို့သော် 'တယ်ခေါက်၊ မုံခေါက်' များထည့်၍ ထန်းရည်ခါးကိုမူ ထန်းပင်ပိုင်ရှင်များ မသိအောင် ရောင်းချလေ၏။

'ဂျပု' ကား နေထွက်သည်နှင့် အရီးလေးတို့နွားခြံမှ 'မိတွဲ' ၅ ကောင်နှင့် မျိုးသမ (ဇီးရှိနေသောနွားမ) ၂ ကောင်တို့ကို ကျောင်းရလေသည်။ 'မိတွဲ' ဆိုသည်ကား နို့စို့နွားသားအမိစုံတွဲပင်တည်း။ နွားခြံမှ စထွက်ထွက်ချင်း ၁၂ ကောင်သာရှိသော်လည်း၊ ရွာလယ် 'မနီမ' အိမ်မှ ၆ ကောင်၊ မြောက်ပိုင်း ရွာအထွက် 'ဦးစံရ' မှ ၈ ကောင်၊ ပေါင်း ၂၁ ကောင်တိတိ 'မွေးဘက်ပေး' ဖြင့် နွားကျောင်းရလေ၏။ တကယ့် ကျောင်းဆရာပါပေတည်း။ နွားမတစ်ကောင်စီမှ မွေးလာသော နွား၏တန်ဖိုး တစ်ဝက်တိတိ နွားကျောင်းခအဖြစ် ပေးရသည်ကို 'မွေးဘက်ပေးသည်' ဟု ခေါ်ပါ၏။ နွားမတို့သည်ကား ပိုက် (သင်းကွပ်) ထားသော ခိုင်းနွားကြီးတွေလို မငြိမ်သက်။ နွားမဒန်း (နမဒန်း - ပထမဆုံးအကြိမ် သားမတင်ရသေးသော နွားပျိုမ) ဆိုလျှင် ပိုဆိုး၏။ ထိန်းရသိမ်းရ အလွန်ခက်လေ၏။ သားကျ (သားမွေး) ပြီး တစ်နှစ်ဝန်းကျင်ရှိ မြိုင် (ရာသီ) ပြန်လာနေသော နွားမတွေသည်လည်း ထိန်းသိမ်းရမလွယ်။ သမီးတစ်ကောင် နွားတစ်ထောင် ဆိုရိုးပင် ရှိသည်မဟုတ်ပါလော။

ကျောင်းဆရာ-ဂျပုမှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် နွားကျောင်းပေးရ၏။ စနေ၊ တနင်္ဂနွေ ပိတ်ရက်မရှိ။ တစ်နေကုန် မိုးသည်းထန်စွာရွာလျှင် သို့မဟုတ် မိုးစွေ (နေ့ရောညပါ ၄-၅ ရက်၊ တစ်ခါတရံ တစ်ပတ်ဆယ်ရက် မရပ်မနား မိုးဆက်တိုက်ရွာနေခြင်း) နေလျှင်မူ ထိုနေ့အတွက် နွားကျောင်း နားရလေ၏။ အပေါ်ထပ်တွင် နွားစာများကို သိမ်းဆည်းကာ အောက်ထပ်တွင် ခိုင်းနွားကြီးများကို ချည်ထားသောတဲထဲမှ၊ ခိုင်းနွားကြီးများအတွက် ရည်ရွယ်စုဆောင်းထားသော နွားစာအနည်းငယ်ကို နေသာရုံ ကျွေးရလေ၏။ 'ဂျပု' ကျောင်းရသော နွားမများမှာ ထိုနွားတဲအောက်တွင် မနေကြရ။ နွားခြံတွင် ထည့်သွင်း၍လည်ကောင်း၊ ကွင်းပြင်ဘက်တွင် ငုတ်ရိုက်၍လည်ကောင်း ထားကြလေ၏။

မောင်ဘဦးခမျာ ကျောင်းသို့ရောက်သည်နှင့် ဆရာ၊ ဆရာမများကို မော့ကြည့်၏။ "...နားကားလေးနဲ့ ဉာဏ်ကောင်းမည့်ရုပ်ပဲ..." ဟု ပြောဆိုကာ ပြုံးပြကြရင်း စားစရာနှင့် ရေနွေးကြမ်းကို စားသောက်ကြလေ၏။ တစ်ဖန် ဆော့ကစားနေသော ကျောင်းသားများကို လှည့်ကြည့်၏။ မိမိထက်ကြီးသော ကလေးများက မိမိကို လုံးဝမကြည့်၊ အဆော့ပင်မပျက်ကြ။ အရွယ်တူကလေးများကမူ စူးစမ်းကြည့် ကြည့်ကြ၏။ ထိုခေတ်အခေါ် 'ကကြီးခခွေးတန်း' သို့မဟုတ် 'သူငယ်တန်း' မှ ကလေးများ ဖြစ်ကြလေ၏။

စားသောက်၍ပြီးကြသည်နှင့် ဆရာကြီးက ကြမ်းပြင်ပေါ်တွင် ထိုင်၍ရေးစရာ သစ်သားခုံတန်းလေးများရှိရာသို့ လိုက်ပို့လေ၏။ ဒူးတုပ်၍လည်ကောင်း၊ တင်ပလ္လင်ခွေထိုင်၍လည်ကောင်း စာရေးရ ဖတ်ရ၏။ ရွာမှ မိမိနှင့် ဟိုဘက်ရွာသည်ဘက်ရွာတို့မှ ကလေးများ... ၁၅ ယောက်ခန့် ရှိလေ၏။

ကျောင်းအပ်ပြီး အဖေပြန်မည်နှုတ်ဆက်သည်နှင့် ထလိုက်လေ၏။ "...အဖေ အလုပ်သွားလုပ်လိုက်ဦးမယ်...၊ ညနေကျောင်းဆင်းချိန်ကျမှ လာကြိုမယ်...၊ နေရစ်ခဲ့နော်...။" ပြောသော်လည်း မရ။ ကျောင်းမနေချင်ဘူးပြော၍ ငို၏။ အဖေက "...စာမတတ်လျှင် သူများဖိနပ်ကိုင်ရမည်..." ဟု ပြော၏။ မရ။ ကျောင်းမနေချင်ဘူးသာ ပြော-ငို ငိုလေ၏။ အဖေက အိမ်မပြန်ဘဲ ကျောင်းဝန်းထဲမှာ ကျောင်းဆင်းသည်အထိ ထိုင်စောင့်ပေးရတော့၏။ ဤသို့ဖြင့် ဥပုသ်တစ်ပတ်ကျော်လောက် စောင့်ပေးရ၏။

တစ်ရက်တွင် အဖေစောင့်ပေးနေကျ ထနောင်းပင်ရိပ်ကို စာသင်ခန်းထဲမှ လှမ်းကြည့်မိ၏။ အဖေ့ကို မမြင်ရ။ ကိစ္စမရှိ။ ညနေ ကျောင်းဆင်းချိန် လာကြိုပေလိမ့်မည်။ မောင်ဘဦးလေး ကျောင်းပျော်သွားလေပြီတည်း။ တစ်နည်းအားဖြင့် မောင်ဘဦးလေး သူငယ်ချင်းအသစ်တွေနှင့် ကျောင်းတက်တတ်သွားလေပြီတည်း။

အစပိုင်းက စနေ၊ တနင်္ဂနွေ၊ လခထုတ်ရက်၊ ကျောင်းပိတ်လျှင် ပျော်၏။ နောက်ပိုင်းတွင် ကျောင်းပိတ်လျှင်ပင် မပျော်တော့။ ကစားဖော်ကစားဖက် သူငယ်ချင်းများ၊ စိတ်ဝင်စားဖွယ် ကျောင်းသင်ခန်းစာများက ဆွဲဆောင်သွားလေပြီတည်း။ အော်...၊ မေ့လို့။ သွားတက်ကလေးနှင့် လှနေသည့် အတန်းပိုင်ဆရာမကလည်း ကျောင်းတက်ချင်အောင် ဆွဲဆောင်နေလေပြီတည်း...။

သည်လိုနှင့် သူငယ်တန်းမှစ၍ ၁-၂-၃-၄ တန်းအထိ၊ ၅ နှစ်ကြာ မူလတန်းတက်ရ၏။ မူလတန်းအောင်မြင်ပြီး၍ မြို့မှ ဦးကြီး၏အိမ်တွင်နေကာ၊ ၅-၆-၇-၈ တန်း အလယ်တန်း ၄ နှစ်နှင့် ၉-၁၀ တန်း အထက်တန်း ၂ နှစ်ကို ဆက်တက်ရ၏။ ၁၁ နှစ်ရှိလေပြီတည်း...။ ဆယ်တန်းအောင်ပြီးသည်နှင့် ဒေသကောလိပ် ၂ နှစ်တက်ရပြန်၏။ မုံရွာတွင် အဆောင်ငှား၍ နေရ၏။ ၁၃ နှစ်ကြာလေပြီ။ ဘာကောင်မှ မဖြစ်သေး။ ၁၃ နှစ်ကြာ ပညာတွေကတော့ 'သစ္စကပရိဗိုဇ်' ကြီးလို အပြင်သို့ထွက်အန်ကျမည်စိုး၍ ဗိုက်ကို ကြိုးနှင့်ချည်ထားရမလောက် ဖြစ်ပြီ...။ ဒေသကောလိပ် ၂ နှစ်ပြီးပြန်လျှင် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ပထဝီမေဂျာ တက်ခွင့်ရ၏။ အဆောင်လည်းရ၏။ နောက်ထပ် ၂ နှစ်ကျောင်းတက်ပြီးသောအခါ 'ဘီအေ (ပထဝီ)' ဘွဲ့ကြီးကို ဂုဏ်ထူးဆောင်နှင့်တကွ ရရှိလေတော့၏။ ၁၅ နှစ်ကျော် ကြာလေပြီတည်း...။ တစ်ဖန် ပါမောက္ခ ဌာနမှူးမှ 'မာစတာ၊ အမ်အေ' ဆက်တက်ပါဦးဆို၍ ၂ နှစ် ထပ်တက်ရပြန်၏။ စုစုပေါင်း ၁၇ နှစ်ကျော်အကြာ 'အမ်အေ' ဘွဲ့ ရပါလေပြီ။ အလုပ်က ဘယ်ဆီဘယ်ဝယ်မှန်း မသိရသေး...။ မုံရွာဈေး အသိဆိုင်တွင် ဈေးကူရောင်းပေးရင်း အလုပ်လျှောက်ထားလိုက်၏။ စစ်ကိုင်းမြို့ရှိ ပညာရေးမှူး၏ နေအိမ်သို့လည်း ချောင်းပေါက်မတတ် သွားခဲ့ရ၏။ လအတန်ငယ်ကြာ...၊ ရပါပြီ...။ မုံရွာမြို့ အ.ထ.က(၃) တွင် အလယ်တန်းပြ (လယ်ပြ) ကျောင်းဆရာ...။

ဘွဲ့ရအပြီး အလုပ်မရခင်စပ်ကြား ရပ်ရွာသို့ ခေတ္တပြန်ရောက်စဉ် 'ကျောင်းဆရာ-ဂျပု' အိမ်နှင့်စိတ်ဆိုးပြီး စစ်ထဲ ဝင်သွားသည်ဟုတော့ သိလိုက်ရ၏။ သည်ကနောက်တော့ 'ကျောင်းဆရာ-ဂျပု' နှင့်ပတ်သက်၍ လုံးဝ မေ့လျော့နေတော့သည်။

လုပ်သက် ၃ နှစ်အကြာ အထက်တန်းပြ (ထက်ပြ) လျှောက်လေရာ ဒီပဲယင်းမြို့၊ မရကန်-အင်ကြင်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အထက်တန်းကျောင်းတွင် 'ထက်ပြ' ရပါလေ၏။ ဘဝကြင်ဖော် အိမ်ထောင်ဖက်လည်း ရခဲ့ပါ၏။ ဘဝတူ 'ထက်ပြ' ဆရာမနှင့်ပါတည်း...။

အကျဉ်းချုပ်ရသော် သားတစ်ယောက် ထွန်းကား၏။ လင်မယား ၂ ယောက်စလုံးမှာ 'ပြန်တမ်းဝင်အရာရှိ' များ မဟုတ်ကြ။ ပညာရေးဝန်ထမ်းတွေအဖို့ ပြန်တမ်းဝင်အရာရှိဖြစ်ဖို့က၊ တစ်နည်း၊ လစာ ၄၅၀ိ/- ရဖို့က အထက်တန်းကျောင်းအုပ်ကြီး၊ သို့တည်းမဟုတ် မြို့နယ်ပညာရေးမှူးကြီးဖြစ်ဖို့ လိုသေးသည်။ လင်မယား ၂ ယောက်ပေါင်း၏ လစာမှာ တစ်လတစ်လ Both-the-ends-meet အလျင်မီရုံ လောက်ငှရုံသာဖြစ်၍ သားတစ်ယောက်သာယူပြီး သားဆက်ခြားဖို့ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမတွေနှင့် ဆွေးနွေးတိုင်ပင် အကြံဉာဏ်တောင်းခံမှု ပြုကြရလေ၏။ ယခုချိန်တွင် သားသမီးတွေ တစ်ပြုံကြီးနှင့် ရွာကမမိထောင်တို့အဖို့...၊ ဆက်၍ပင် မတွေးချင်တော့...။

အရပ်ဘက်ဝန်ထမ်းများအဖို့ လစာတိုးရန် ရာထူးတိုးဖို့လို၏။ စစ်တပ်ဘက်မှ မိုးကျရွှေကိုယ်တော်များလို မဟုတ်။ သူတို့သည်ကား မိုးပေါ်က မကျခင်ကတည်းက ပြန်တမ်းဝင်အရာရှိလစာ (Officer Scale) ရရှိပြီးသူများချည်းသာ ဖြစ်ကြပါ၏။

ရာထူးတိုးရန်ကလည်း ဖောင်ကြီး၊ ဇီးပင်ကြီးကဲ့သို့သော သက်ဆိုင်ရာသင်တန်း သို့မဟုတ် ဘွဲ့ လိုပြန်၏။ ဗခ. ခင်ညွန့်လက်ထက် ၎င်း၏နှုတ်မိန့်နှင့် Jump Promotion ခုန်ပျံကျော်လွှား ရာထူးကြီးရသွားသူတစ်ဦး ရှိခဲ့ဖူးသည်ဟု ကြားဖူး၏။

'ဇီးပင်ကြီး'...၊ နောက်မှတက်တော့မည်။ Dip. in Ed. အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘီအီးဒီ (B.Ed.) ၂ နှစ်သင်တန်း တက်၏။ 'ထက်ပြ' မှ A-TEO လက်ထောက်ပညာရေးမှူးဖြစ်၏။ သင်ကြားရေး (Teaching) မှ စီမံခန့်ခွဲမှု/အုပ်ချုပ်မှုပိုင်းဆိုင်ရာ လက်တွေ့ပညာရပ်များကို ဆက်လက်သင်ယူရပြန်၏။ လက်ထောက်ပညာရေးမှူးအဖို့ Field Admin လက်တွေ့စီမံအုပ်ချုပ်မှုပညာအတွက် ရုံးထိုင်နေ၍မရ။ နယ်ကျောင်းတွေကို လိုက်လံစစ်ဆေးရ၏။ သည့်နောက် လယ်/အုပ် ဖြစ်၏။ လယ်အုပ်ဖြစ်မှ ဟိုပြေးသည်ပြေး ဟိုပြောင်းသည်ပြောင်းဘဝမှ အထိုက်အလျောက် ငြိမ်လာရလေ၏။ သားလေးသည်ပင် မုံရွာတက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ ရရှိလေပြီ။

ဇာတိရွာတွင် ဖင်မြဲ အခြေချနိုင်လာ၏။ ဇာတိရွာတွင် အခြေချလေမှ ရွာလေး၏အကြောင်း၊ 'ကျောင်းဆရာ-ဂျပု' တို့အကြောင်း၊ သောင်းပြောင်းထွေလာ စုံစီနဖာ သိလာရတော့သည်။

ဦးသောင်းလှိုင်နှင့် ဒေါ်မိထောင်တို့ကား မရှိတော့ပြီ။ သို့ပါသော်ငြား သားသမီးတို့သည်ကား ရွာအပြင်ဘက် 'ဗကား' မြေတွင်၊ ဟိုးအရင်လို အခြင်မြေစိုက် ထန်းလျက်အငှားချက်သော တဲလေးနှင့် မဟုတ်တော့...။ ရွာဦးထိပ် ကားလမ်းမကြီးဘေးဝဲယာတွင် ၂ ထပ်တိုက်ကြီးတွေနှင့် ဖြစ်ကုန်ကြလေပြီ။ ဖခင်လက်ထက် တက်ခဲ့သမျှ ထန်းပင်များသည်လည်း ၎င်းတို့အပိုင်ချည်းဖြစ်ကုန်ကာ၊ အားလုံးမှာ ကားလမ်းသစ်ဖောက်စဉ်က လမ်းအူကြောင်းနှင့်မလွတ်ဟုဆိုကာ ခုတ်လှဲရောင်းချပစ်လိုက်ကြပြီးပြီဆို၏။ ဂျပု၏ညီ ခင်မောင်ဌေးမှာ ၈ လေးလုံးအပြီး ရွာ၏ ငြိမ်ပိဥက္ကဋ္ဌဖြစ်လေ၏။ ၈ လေးလုံးနောက်ပိုင်း ကျေးရွာငြိမ်ပိဥက္ကဋ္ဌရွေးရန်ဟု ဆိုကာ ရွာအနီးရှိ စစ်တပ်မှ တပ်ရင်းမှူးနှင့်အဖွဲ့ ရောက်လာချိန်တွင်၊ ဥက္ကဋ္ဌလုပ်ချင်လှသော ခင်မောင်ဌေးက ဘယ်ဆီရောက်၍ ဘယ်ပေါက်နေမှန်းမသိရသော 'အစ်ကို-ဂျပု' အကြောင်း ပြောပြသည်နှင့် ဥက္ကဋ္ဌ တန်းခန့်လိုက်ခြင်း ဖြစ်၏။ ကျောင်းမနေဖူး စာမသင်ခဲ့ဖူးသူဖြစ်၍ ဥက္ကဋ္ဌလုပ်စဉ် တလကျော်ခန့် နေ့ရောညပါ လက်မှတ်ထိုးတတ်အောင် ကျင့်ယူရလေ၏။ ဘယ်လိုပုဂ္ဂိုလ်က သင်ကြားပေးလိုက်သည်မသိ၊ အင်္ဂလိပ်လိုပင် လက်မှတ်ထိုးလေ၏။ ငြိမ်ပိလက်ထက်...၊ ခြေဥအကြို လက်ထက်...၊ သိန်းစိန်လက်ထက်...၊ သူချည်းဥက္ကဋ္ဌလုပ်မည်ပြော၍ လုပ်လေ၏။ "...စစ်တပ်ထဲမှာ သူ့အစ်ကိုရှိသတဲ့..." ဟူသောစကားကြောင့် မည်သူမျှ ဝင်မပြိုင်ရဲကြ။ ရွာနီးချုပ်စပ်က ဥက္ကဋ္ဌဆိုသူများကလည်း လေးစားမှုပြုကြလေ၏။ နမခမှ အရာရှိအရာခံတွေနှင့်ကလည်း ပလဲသင့်ပနံသင့်အောင် ပေါင်းတတ်၏။ ကျေးရွာအုပ်စုစာရေး၊ မြေစာရင်းဌာန၊ လဝကဌာနတို့ကမူ သူ၏ လက်ဆွဲပုံးများ ဖြစ်ပါလေသတည်း...။

အထက်ချင်းတွင်း ဟုမ္မလင်းအထက်ဘက်၊ ဗခ. သာအေးလက်ထက်၊ 'ရွှေပြည်အေး' မြို့သစ်ကဲ့သို့လည်ကောင်း...၊ ဗခ. လှမြင့်ဆွေလက်ထက်၊ 'ရွှေပြည်မြင့်' မြို့သစ်ကဲ့သို့လည်ကောင်း...၊ ရွာဦး ကားလမ်းဘေးတစ်ဝိုက်ရှိ ယာမြေများကို ကွက်စိတ်ရိုက်ရောင်းချခဲ့လေရာ ခင်မောင်ဌေးအမည်တစ်လုံးကိုယူ၍ 'ပြည်တော်ဌေးရပ်ကွက်' ဟုပင် အမည်တွင်လေ၏။ ၎င်းဥက္ကဋ္ဌဖြစ်စဉ် ဖအေလက်ထက်က စာရင်းငှားလုပ်ရသော ယာမြေများမှာ ပုံစံ(၇) ဖြင့် ၎င်းတို့အပိုင်ချည်း ဖြစ်ကုန်လေ၏။ လယ်လုပ်သူသာ လယ် (လုပ်) ပိုင်ခွင့်ဆိုသကိုး။ ဥက္ကဋ္ဌ ခင်မောင်ဌေးမှာ NLD အစိုးရတက်လာမှသာ ပြုတ်ကျလေတော့သည်။ လူပြုတ်သော်ငြား သူ၏ ကွက်စိတ်မြေများ၊ ပုံစံ (၇) များကတော့ ပြုတ်ကျမသွားပါလေ...။

မိငို၏ယောက်ျားမှာ ဆောက်လုပ်ရေးဘက်က လမ်းကန်ထရိုက်ရ သူဌေး၏ ယာဉ်မောင်းဖြစ်ပြီး၊ "...ယခု ရွာလမ်းတွေ ကတ္တရာမဲမဲနှင့် ဖြစ်ရသည်မှာ ၎င်း၏ ကျေးဇူး..." ဟုပင် ပြောဆိုကြလေ၏။ လမ်းကန်ထရိုက်ပေးစဉ်က လမ်းဘေးဝဲယာ လမ်းပခုံး၊ ရေမြောင်း၊ လှည်းသွားလမ်း၊ အသေးစိတ် ပါပြီးဖြစ်ငြား၊ တကယ်တမ်း လမ်းဖောက်သည့်အခါ နီးစပ်ရာ ကျေးရွာတိုင်းကို 'လုပ်အားပေး' ခိုင်းစေပြီး လုပ်အားခငွေများ တနင့်တပိုး ရသွားကြသည်ကိုမူ မသိကြ၍လား၊ မပြောရဲကြ၍လား မသိ...။ ပြီးတော့ ခရိုင်ချင်းဆက်လမ်း၊ ကျေးလက်လမ်း၊ လမ်းအမျိုးအစား ကတ္တရာ၊ ကျောက်ကြမ်း၊ ဂျင်းလမ်း စုစုပေါင်း လမ်း၏ အလျား အနံ ပေပေါင်း စသည် စသည်ဖြင့် ပွင့်လင်းမြင်သာစွာ ဆိုင်းဘုတ်မချိတ်ဆွဲ။ ချိတ်ဆွဲလျှင်လည်း မည်သူကမျှ အရေးတယူ ဖတ်ရှုတိုင်းတာနေမည်မဟုတ်။ ဖတ်ရှုတိုင်းတာသူ ရှိပြန်ပါကလည်း လုပ်ငန်းနှောင့်ယှက်မှုဖြင့် 'ဂျောင်းအေး-ဂျေးအောင်း' ။ NLD လက်ထက်တုန်းကပင်လျှင် လမ်းကန်ထရိုက်ရသူ၏ကားကြုံနှင့် ရွာသို့ လိုက်ပါလာသော လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာတာဝန်ရှိသူတို့ လမ်းနှင့်ပတ်သက်ပြီး စကားများရသေးသည်ဆိုပါလျှင်...။

'မိငို' ညီမ 'မိပို' သည်လည်း အိမ်ထောင်ကျပြီး လမ်းဘေးတွင် စက်သုံးဆီဆိုင်ကြီး ဖွင့်လှစ်ထားရှိလေ၏။ 'မီပိုးကုမ္ပဏီလီမိတက်...။' အနီရောင်အောက်ခံတွင် အင်္ဂလိပ်လို ရွှေစာလုံးကြီးများဖြင့် ရေးထားသည်ကို တွေ့မြင်စက တရုတ်ကုမ္ပဏီကြီးဟုပင် ထင်မိ၏။ မြို့တွင်လည်း ဆိုင်ခွဲ (၁) (၂) (၃) ဟူ၍ ရှိသေးသည်ဆိုပါ၏။ အိမ်ထောင်ဖက်မှာ မြို့မျက်နှာဖုံး နာမည်ကြီးဘောစိ... 'ရေတင်ဝင်းဆိုလား ကုန်းတင်ဝင်းဆိုလား'... ၏ ပီအေဖြစ်သည်တဲ့...။ မိငို၊ မိပိုတို့အောက် ကောင်လေးတစ်ယောက်သည်ကား ကျောက္ကာရေနံဖိုတွင် 'လူကြီး' ပင် ဖြစ်နေသည်ဟူ၏။

မောင်ဘဦး၏ ဘူမိဗေဒဘွဲ့ရ တဦးတည်းသော သားလေးမှာမူ အလုပ်ကလည်း တော်တော်နှင့်မခေါ်။ သူ၏ဘွဲ့ကိုက မြန်မာပြည်အတွက် ကိုးလိုးကန့်လန့်ဘွဲ့ ဖြစ်နေဟန်တူပါ၏။ ဟုတ်သည်လေ။ ဖော့ဆဲလ် (fossils) ခေါ် ကျောက်ဖြစ်ရုပ်ကြွင်း၊ နှစ်သန်းပေါင်း မည်၍မည်မျှ ကြာလှချေပြီဆိုသည်ထက်၊ လက်တွေ့ထမင်းစားဖို့က လိုသည်လေ။ မြေအနေအထား ပျော့သည် မာသည်၊ ငလျင်ဒဏ် ခံနိုင် မခံနိုင်ဆိုသည်ထက် ကန်ထရိုက်တိုက်ကြီး 'ဟီးခနဲ' ပေါ်ပေါက်ကာ တိုက်ခန်းငှားရမ်းခတွေ မြိုးမြိုးမြက်မြက် မြန်မြန်ရဖို့က အရေးကြီးပါသည်လေ။ ပြိုကျရင်ကော...၊ လူတွေ တိုက်ပိလို့ သေကြကျေကြရင်ကော...။ 'ဒီလို'..နဲ့သာ ပြီးသွားမှာဘဲဖြစ်သည်လေ။ ဒီနေရာ ရေနံထွက်တော့ကော၊ မိမိတို့၏နည်းပညာ၊ မိမိတို့၏ မစွန့်စားရဲသော အရင်းအနှီးလေးမျှဖြင့် လောက်လောက်လားလား မထုတ်ယူနိုင်။ စစ်အာဏာရှင်အဆက်ဆက် ဖျက်ဆီးခဲ့သည့် စာရိတ္တကြောင့်၊ မိမိတို့လူမျိုးအများစုသည်ကား နည်းနည်းသာရင်းနှီးပြီး များများကြီး အမြတ်အစွန်းရချင်သော လူမျိုး ဖြစ်ကုန်ကြလေပြီတည်း။ သို့မဟုတ် ရင်းနှီးမြှုပ်နှံ မလုပ်ကိုင်ဘဲ အချောင် အမြတ်အစွန်းရလိုအားကြီးသူများ ဖြစ်ကုန်ကြပြီတည်း။ 'ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း...' ဟူသည် ရွတ်ဆိုရုံသက်သက် 'လေ' ထဲတွင်သာ ရှိနေပြီး၊ လက်တွေ့ဘဝသို့ ရောက်ရှိမလာကြပါချေ။ 'လေ' ထဲတွင်လည်း 'ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုရီးယား' စသည်တို့၏ လေထုထဲ၌သာ ရောက်အောင်ပို့မည်ထင်ပါ၏...။ ဒီတော့ သပိတ်ဝင်အိတ်ဝင် သေချာပေါက် မရှုံးနိုင်သည့်နည်းက နိုင်ငံခြားကို အပြတ်သဘော ရောင်းလိုက်တာကမှ 'လုံးကနဲ' ငွေရမည်လေ...။ ဒီလို ပညာမပါ ထင်ရာတွေလုပ်နိုင်ဖို့အတွက်ဆိုလျှင် တစယောက်တပေါက် ထမပြောဝံ့ကြသည့် စီမံအုပ်ချုပ်သူ အာဏာရှင်ဖြစ်ဖို့သာလျှင် အရေးတကြီး လိုပါသည်လေ...။ ဒုတိယအနေဖြင့် အာဏာရှင်နောက်လိုက် ဖြစ်ဖို့သာ အလိုအပ်ဆုံး ဖြစ်ပါသည်လေ...။

သားလေးမှာ မိဘများနည်းတူ အစိုးရအလုပ်ကို စောင့်စားရင်း ကျပန်းလေးတွေ လုပ်နေရလေသည်။ တစ်နေ့သ၌၊ TTC ဆရာအတတ်သင်ကျောင်းမှ (PPTT) ခေါ်၊ အခြေခံမူလတန်းဆရာဖြစ်သင်တန်း ခေါ်သည်ဟု ကြားသိရ၏။ လျှောက်ခိုင်းထားပြီး သားလေးအတွက် သင်တန်းတက်ခွင့်ရအောင် ဘယ်ပုဂ္ဂိုလ်တွေဆီ 'လိုက်' ရမည်ကို မေးမြန်းစုံစမ်းရလေ၏။ နောက်ဆုံးတွင်မတော့ ရွာရှိစက်သုံးဆီဆိုင်ကြီး၏ ပိုင်ရှင်ထံ သွားရောက်တောင်းပန် အကူအညီတောင်းခံလေမှ ဇာတ်ရည်လည်ပါတော့သတည်း...။

သားလေးမှာ ဆရာအတတ်သင်ကျောင်း၏ (PPTT) အခြေခံမူလတန်းဆရာဖြစ်သင်တန်းသို့ တက်ရောက်သင်ကြားခွင့် ရခဲ့ပါ၏။ ကျောင်းပြီးသည်နှင့် မူပြကျောင်းဆရာအလုပ်လည်း ရခဲ့ပါ၏။ ဆရာအတတ်သင်ကျောင်း၏ ကျောင်းအုပ်ဆရာကြီးကား (နွား)ကျောင်းဆရာ ဂျပု တဖြစ်လဲ ဗိုလ်ကြီး (ဟောင်း) ခင်မောင်အေး ဖြစ်နေပါလေသတည်း...။ ဘုရားစူးရစေ့၊ 'ကျောင်းဆရာ' ပါလေ...။ ကျောင်းဆရာတို့၏ ဆရာကြီး၊ ဆရာအတတ်သင် ကျောင်းအုပ်ဆရာကြီးပါလေ...။ မောင်ဘဦးသည်ကား လူ့သက်တမ်းတ ဝက်ကျော်ထိ မပြီးနိုင်မစီးနိုင်သည့် ပညာတွေကို သင်ယူနေခဲ့ရသော...၊ ဘုရားစူးရစေ့၊ 'ကျောင်းသား' စစ်စစ်ကြီးပါလေ...။

စစ်အာဏာရှင်စနစ် အမြန် ပျက်သုဉ်းပါစေသတည်း။

မှတ်ချက်
(၁) ကျေးရွာလေးတစ်ခုကို စီမံအုပ်ချုပ်ခွင့်ရ၍ ဤရွေ့ဤမျှအထိ တစ်ဆွေတစ်မျိုးလုံး သူဌေးသူကြွယ် ဖြစ်ကုန်ကြသည်ဆိုပါလျှင်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ တစ်ပြည်လုံးအတိုင်းအတာဆိုလျှင်ကား...။
(၂) အကယ်၍များ၊ အထက်ပါ ကျောင်းဆရာနှင့် ကျောင်းသားတို့ ၂ ဦးသား ဤယခု တော်လှန်ရေးကြီးတွင် တက်ညီလက်ညီ CDM ဝင်ခဲ့ကြသည်ရှိသော်...၊ သေနတ်နှင့်တကွ...၊ မြေဖြူနှင့်တကွ...၊ ဝင်ရောက်လာကြသူ ၂ ဦးတို့အပေါ် တော်လှန်ရေးအဖွဲ့များ၏ ကြိုဆိုမှု၊ ဆုကြေးငွေ ချီးမြှင့်ထောက်ပံ့မှု၊ ဦးစားပေးမှု စသည်တို့ကား ...။

(၃) တော်လှန်ရေးကြီးကား ဆက်လက်၍ဆက်လက်၍ ချီတက်နေရဦးမည်သာ ဖြစ်ပါကြောင်း ...

သုခိတာ ဟောထ၊ တော်လှန်သူရဲကောင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။ 

မောင်ဘဦး

(၁၃၈၈၊ ဒုဝါဆို ကွယ်)

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar