နန္ဒအောင် - သမိုင်းပညာရှင် ကြိုက်တဲ့ လက်ဖက်ရည် အရသာ
Photo - Credit
သမိုင်းပညာရှင် ကြိုက်တဲ့ လက်ဖက်ရည် အရသာ
နန္ဒအောင်
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၆
ကျွန်တော့်ဆောင်းပါးကို သမိုင်းပညာရှင်ကြိုက်တဲ့လက်ဖက်ရည်အရသာလို့ ခေါင်းစဉ်ပေးထားပါတယ်။ သမိုင်းပညာရှင်ဆိုတာက ဒေါက်တာသန်းထွန်းကို ရည်ညွှန်းတာပါ။ လက်ဖက်ရည် အရသာဆိုတာကတော့ ပုံမှန်၊ ချိုဆိမ့်၊ ချိုပေါ့၊ ချိုကျ၊ ချိုပစ်၊ ဖန်ချို၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ဖန်ချိုတို့ကို ပြောတာပါ။
ဒေါက်တာသန်းထွန်းက လက်ဖက်ရည်သောက်ရင် ပုံမှန်၊ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ကျဆိမ့် ဘာကိုသောက်တာလဲ၊ ဘယ်အရသာကို နှစ်သက်တာလဲကို စာပေအထောက်အထားတွေထဲကနေ ရှာဖွေကြည့်ပါ့မယ်။ ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်ကြီး တစ်ယောက်အကြောင်းကို သူနဲ့ ခေတ်ပြိုင်တွေ၊ တပည့်တွေက ရေးသားကြပါတယ်။ ဒေါက်တာသန်းထွန်း ဘယ်လိုတော်ကြောင်း၊ တတ်ကြောင်းတွေပေါ့။
ဒေါက်တာသန်းထွန်းရဲ့ ပုံရိပ်တွေကို ဖတ်ရင်းနဲ့ ဒေါက်တာသန်းထွန်းဟာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည် ခဏခဏ သောက်ဖြစ်တဲ့အကြောင်းကို တွေ့ရပါတယ်။ အဲဒီလို တွေ့မိရာကနေ ဒေါက်တာသန်းထွန်း တစ်ယောက် ဘယ်လို လက်ဖက်ရည်အရသာကို နှစ်သက်လဲဆိုတာကို စူးစမ်းရှာဖွေမိပါတော့တယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ မနက်ဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်တတ်တဲ့ ယဉ်ကျေးမှု ဖြစ်တည်လာတာ အတော်ကြာလာပါပြီ (သမိုင်းသမားအနေနဲ့ဆိုရင် ဘယ်အချိန်၊ ဘယ်ကာလတုန်းက ဖြစ်တည်လာတယ်ဆိုတဲ့ အကိုးအကား၊ အထောက်အထားနဲ့ ပြောရပါမယ်)။ ကျွန်တော်ကိုယ်တိုင်လည်း လက်ဖက်ရည်ကို နှစ်သက်သူတစ်ယောက်ပါ။ တစ်ရက်ကို လက်ဖက်ရည် တစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိသူပါ။ စကားမစပ် ကျွန်တော်က လက်ဖက်ရည်ဆိုရင် “ချိုဆိမ့်” တစ်မျိုးပဲသောက်လေ့ရှိပါတယ်။ ဒေါက်တာသန်းထွန်း ဘယ်လိုလက်ဖက်ရည်အမျိုးအစားကိုသောက်တယ်ဆိုတာ ဆရာတပည့်တွေရဲ့ စာပေမှတ်တမ်းတွေကနေ ရှာဖွေတင်ပြပါ့မယ်။
‘ ဒေါက်တာသန်းထွန်းက ပုံမှန်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုဆိမ့်သောက်တယ်လို့ ဘယ်စာအုပ်၊ စာမျက်နှာမှာ တွေ့တယ်လို့ တခါတည်းပြောလိုက်ရင် ပြီးရော မဟုတ်ဘူးလား ’ လို့ စာဖတ်သူတွေ အနေနဲ့ မေးခွန်းထုတ်နိုင်ပါတယ်။
ဒေါက်တာသန်းထွန်းက သူ့စာတွေထဲကလို သူလိုကိုယ်လို သာမာန်လူမဟုတ်ပါ။ သူသောက်တဲ့လက် ဖက်ရည်ကလည်း အများနည်းတူမဟုတ်ကြောင်းကိုလည်း စာပေမှတ်တမ်းတွေကို အထောက် အထားပြပြီး တင်ပြပါ့မယ်။
ဒေါက်တာသန်းထွန်းလက်ဖက်ရည်သောက်တဲ့အကြောင်းကို ဆရာဝင်းမောင် (သမိုင်း) ရဲ့“ ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း ” စာအုပ်ထဲက စာမျက်နှာတော်တော်များများမှာ တွေ့ရပါတယ်။
ဆရာဝင်းမောင် (သမိုင်း) က သူ့ဘဝမှာ ဒေါက်တာသန်းထွန်းနဲ့အတူ ပထမဆုံးလက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ပုံကို အခုလို မှတ်တမ်းတင်ထားပါတယ်။
‘ဘာမျှပြန်မပြော၊ လှမ်းတောင်မကြည့်။ သူ့စာအုပ်ကိုပဲ သဲသဲမဲမဲဖတ်နေတယ်။ ကျွန်တော်မေးတာ ဆရာကြားဟန်မတူ။ နောက်တော့ သိလာတယ်။ ဒီလက်ဖက်ရည်ဆိုင်က ဆရာမကြာခဏထိုင်နေကျ။ ဆရာဘယ်လိုလက်ဖက်ရည်မျိုးသောက်တယ်ဆိုတာ သိပြီးသား။ ဆရာ့အကြိုက်ကို သိပြီးသား။ နှပ်ရည် ပြင်းကျကျ သကြားလုံးဝမပါ။ ဆရာသောက်တဲ့လက်ဖက်ရည်မျိုး ကျွန်တော့်စိတ်ထဲမှာ သောက်ကြည့်မိတယ်။ ချိုလည်းမချို၊ ဆိမ့်လည်းမဆိမ့်၊ တူးတူးခါးခါးကြီး။ မျိုချလို့တောင် လည်ချောင်းထဲဆင်းသွားမှာမဟုတ်။ သူမို့လို့ ဒီလိုတူးတူးခါးခါး လက်ဖက်ရည်မျိုးသောက်နိုင်တာ။ ကျွန်တော်ထင်တယ်၊ တက္ကသိုလ်တစ်ခုလုံးမှာ ဘယ်သူမှဆရာသောက်တဲ့လက်ဖက်ရည်မျိုးသောက်နိုင်မှာမဟုတ်။ ပြီးတော့ လူငယ်တပည့်တွေနဲ့ရောနှောပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့အလုပ်ကို ကျွန်တော့်ဆရာကလွဲပြီး ဘယ်ပါမောက္ခမှ လုပ်မှာမဟုတ်၊ မလုပ်။ ’
( ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း၊ စိတ်ကူးချိုချို၊ ၂၀၂၃ ဧပြီလ တတိယအကြိမ်ထုတ် စာမျက်နှာ - ၂၃ မှ)
ဆရာဝင်းမောင် (သမိုင်း)တစ်ယောက် ဒေါက်တာသန်းထွန်းနဲ့ ပထမဆုံးထိုင်ဖြစ်တဲ့လက်ဖက်ရည် ဆိုင်က မန္တလေး တက္ကသိုလ်ကျောင်းကင်တင်းက ဒေါ်တင်မေ လက်ဖက်ရည်ဆိုင်မှာပါ။ အဲဒီလက် ဖက်ရည်ဝိုင်းမှာ ဒေါက်တာသန်းထွန်း၊ ဆရာဝင်းမောင် (သမိုင်း) နဲ့ အတူ ဦးကျော် (အခု မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင်၊ အငြိမ်းစားသမိုင်းပါမောက္ခ) လည်းပါတယ်။ အဲဒီအချိန်တုန်းက ဆရာဝင်းမောင် (သမိုင်း) နဲ့ ဦးကျော်တို့က သမိုင်းမေဂျာအထူးပြု မဟာဝိဇ္ဇာတန်းတက်နေတဲ့ကျောင်းသားကြီးတွေပေါ့။ ဆရာဝင်းမောင် (သမိုင်း) နဲ့ ဦးကျော်တို့က လက်ဖက်ရည်ဖိုး သူရှင်းမယ်၊ ငါရှင်းမယ် စကားအလှပြောနေကြလို့ ဒေါက်တာသန်းထွန်းက အဲလိုပြောတာကို ယဉ်ကျေးမှုချင်းအားပြိုင်တယ်ခေါ်တယ်၊ ပြီးတော့ ‘ မင်းတို့မှတ်ထား၊ ယဉ်ကျေးမှုချင်းအားပြိုင်ရင် အရှုံးသာပေးလိုက်။ ကိုယ်ကနိုင်တာပဲ ” လို့ ပြောလိုက်သတဲ့။
‘ ကျွန်တော်ထင်တယ်၊ တက္ကသိုလ်တခုလုံးမှာ ဘယ်သူမှ ဆရာသောက်တဲ့လက်ဖက်ရည်မျိုး သောက်နိုင်မှာမဟုတ် ’ လို့ ဆရာဝင်းမောင် (သမိုင်း) ရေးတာကို စာဖတ်မိတ်ဆွေတို့ တွေ့ကြမှာပါ။ ကျဆိမ့်လို့ ပြောရအောင်ကလည်း လက်ဖက်ရည်ဆိုင်တွေက သတ်မှတ်ထားတဲ့ ကျဆိမ့်အရသာမှာ ပါဝင်တဲ့ နို့ဆီ၊ သကြား၊ အကျရည် အချိုးအစားလည်း မဟုတ်ပြန်ဘူး။ ဆရာဝင်းမောင် (သမိုင်း) ရေးသလိုပဲ ချိုလည်းမချို၊ ဆိမ့်လည်းမဆိမ့် တူးတူးခါးခါးကြီးကို ဒေါက်တာသန်းထွန်း ဘယ်လိုများ သောက်သလဲ မသိဘူး။
စာဖတ်သူတွေသိတဲ့အတိုင်းပဲ ဒေါက်တာသန်းထွန်းက လက်ဖက်ရည်ဆိုင်ထိုင်လည်း စာဖတ်နေတာပါ။ စာအုပ်နဲ့မျက်နှာမခွာဘဲ လက်ဖက်ရည်ကို နှစ်ကျိုက် သုံးကျိုက်လောက်သောက်တယ်။ လက်ဖက်ရည်တစ်ခွက်ကုန်မှ စာအုပ်နဲ့မျက်နှာခွာပြီး လက်ဖက်ရည်ဖိုး ရှင်းတယ်။
ဒေါက်တာသန်းထွန်းက လက်ဖက်ရည်အရမ်းကြိုက်တဲ့ လူစားမျိုးပါ။ လက်ဖက်ရည်သောက်မယ်ဆိုရင် အချိန်မရွေး သောက်တဲ့သူပါ။ ဒေါက်တာသန်းထွန်း တပည့် ဆရာဝင်းမောင် (သမိုင်း) က သူ့ဆရာ လက်ဖက်ရည်ကြိုက်တဲ့အကြောင်းလေးကို အခုလို ရေးပြထားပါတယ်။
‘ ကျွန်တော်တို့က ဆရာနဲ့အတူ လက်ဖက်ရည်ဆိုင်မှာ မကြာမကြာထိုင်နေကျ။ ဆရာ့တပည့်တွေထဲမှာ ဆရာနဲ့အတူလက်ဖက်ရည်ဆိုင် မထိုင်ဖူးသူရယ်လို့ ရှိမယ်မထင်။ ဆရာက တပည့်တွေကို မကြာခဏဆိုသလို လက်ဖက်ရည်ဆိုင် ခေါ်ခေါ်သွားတတ်တယ်။
ဆရာက လက်ဖက်ရည်သိပ်ကြိုက်တာ။ သောက်လိုက်ရင်လည်း ပြင်းပြင်းကျကျ။ သကြားလုံးဝမပါ။ လက်ဖက်ရည်ဆိုမှ တကယ့်လက်ဖက်ရည်။ နို့ဆီကလည်း ပါတယ်ပြောရုံ။ လက်ဖက်ရည်အရောင်က ညိုညိုရဲရဲကြီး၊ သွေးလန့်စရာ။ ’ (ယင်းစာ - ၄၀)
“ လက်ဖက်ရည် သောက်တယ်ဆိုတာ လက်ဖက်အချိုခြောက်ရဲ့ အရည်ကို သောက်ချင်လို့ကွ၊ နို့ဆီနဲ့ သကြား ဖျော်သောက်ချင်လို့ မဟုတ်ဘူး ” လို့ ဒေါက်တာသန်းထွန်းက သူ့တပည့် ဆရာဝင်းမောင် ( သမိုင်း ) ကို ပြောဖူးသတဲ့။ ဒီအရေးအသားကို ဖတ်ကြည့် ဆင်ခြင်ကြည့်ရင် ဒေါက်တာသန်းထွန်းက အချိုခြောက်ရဲ့ အရသာကို အတော်ကြိုက်ပုံရတယ်။ အချိုခြောက် အမျိုးအစားကောင်းကောင်းကို နှပ်ထားတဲ့ အကျရည်ကောင်းကောင်းလေးဆိုရင် ဒေါက်တာသန်းထွန်း ခံတွင်းတွေ့မှာပါ။ ဒါပေမဲ့ ဒေါက်တာသန်းထွန်း သောက်တဲ့ အရသာက ကျဆိမ့်လို့ သတ်မှတ်ရမှာလည်း ခပ်ခက်ခက်ပဲ။
ဆရာဝင်းမောင် (သမိုင်း) က “ လက်ဖက်ရည်သောက်ရမယ်ဆိုရင် ဆရာက အချိန်မရွေး။ မနက်သောက်ရမလား၊ နေ့လယ်သောက်ရမလား၊ ညနေသောက်ရမလား၊ ညသောက်ရမလား၊ ဘယ်နှခွက်သောက်ရမလဲ။ နှစ်ခွက် သုံးခွက်လောက်ကတော့ ပျင်းတောင်ပျင်းသေးရဲ့ဆိုတာမျိုး။ လက်ဖက်ရည်ပြင်းပြင်းကျကျသောက်လို့ အိပ်မရပါဘူးဆိုတာလည်း မရှိ။ အစားအသောက်ပျက်ပါတယ်ဆိုတာလည်း မရှိ။ ရင်တုန်ရင်လှိုက်ဖြစ်ပါတယ်ဆိုတာလည်း မရှိ။ ဘာမှမရှိ၊ ဘာမှမဖြစ် ” (ယင်းစာ - ၄၀) လို့ ရေးသားထားပါတယ်။
ဆရာဝင်းမောင်(သမိုင်း) က “ ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း” စာအုပ်ထဲမှာပဲ ဒေါက်တာသန်းထွန်းလက်ဖက်ရည်ကြိုက်ပုံကို အခုလိုရေးထားပါတယ်။
‘ ဆရာလက်ဖက်ရည်ကြိုက်ပုံကို ပြောပြရဦးမယ်။ ကျွန်တော်က မနက် ၇:၀၀ နာရီမှာ ဆရာ့အိမ်သွား၊ ဆရာနဲ့အတူဌာနကိုလာ၊ စာအုပ်တွေထည့်ထားတဲ့ ဆရာ့လွယ်အိတ်ကြီးကိုလွာ်၊ ဌာနမတက်ခင် အနည်းဆုံး လက်ဖက်ရည်ဆိုင်နှစ်ဆိုင်လောက်တော့ ဝင်သောက်လိုက်ကြတာပဲ။ တခါကများ ဆရာလက်ဖက်ရည်သောက်ပုံကို ကျွန်တော်တော်တော်ဩချမိတယ်။
ဆရာနဲ့အတူ ရွှေမန်းအတိုင်းလာ၊ ရွှေမန်းအဆောင်က ကင်တင်းမှာ လက်ဖက်ရည်သောက်၊ မုန့်စား၊ ရွှေမန်း လမ်းပြန်ထွက်၊ ရွှေပြည်အေးအဆောင်လမ်းကနေ ရတနာပုံလမ်းအတိုင်း အနောက်သွား၊ စိုက်ပျိုးရေး တက္ကသိုလ် မအမာဆိုင်မှာ လက်ဖက်ရည်သောက်၊ ဆက်လျှောက်၊ လမ်းဆုံရောက်တော့ တောင်ဘက်တက်၊ ကိုအုန်းလက်ဖက်ရည်ဆိုင်မှာသောက်၊ ရေနီမြောင်းအတိုင်းပြန်လာ၊ ပင်မဆောင်တောင်ဘက်က ဒေါ်တင်မေ လက်ဖက်ရည်ဆိုင်မှာသောက်၊ ရေနီမြောင်းပြန်ထွက်၊ ရေနီမြောင်းဘေး ကုက္ကိုလ်ပင်ကြီးအောက် အကြော်ဆိုင်မှာ ဘူးသီးကြော်စား၊ ရေနီမြောင်းအတိုင်း ဆက်သွား၊ တက္ကသိုလ်အဝင်လမ်းဘေးက
‘ရွက်မွန်’ (Fine Leaf) လက်ဖက်ရည်ဆိုင်မှာသောက်၊ ပြီးမှ ဌာနကိုသွား။ ‘ရွက်မွန်’ လက်ဖက်ရည် ဆိုင်က ဆရာ့တပည့် သမိုင်းကျောင်းသားတစ်စု စုပေါင်းဖွင့်ထားတဲ့ဆိုင်။ ဆိုင်နာမည်ကို ဆရာက ပေးထားတာ။ ’ (ယင်းစာ - ၄၂)
တစ်မနက်တည်းနဲ့ ဒေါက်တာသန်းထွန်းက လက်ဖက်ရည်ဆိုင် ငါးဆိုင်ထိုင်ပြီး လက်ဖက်ရည်ငါးခွက်သောက်တာကို တွေ့ရပါတယ်။ ရွှေမန်းဆောင် ကင်တင်းက ဆိုင်၊ မအမာဆိုင်၊ ကိုအုန်းဆိုင်၊ ဒေါ်တင်မေဆိုင်၊ ရွက်မွန်တို့ပါ။
‘ ရွက်မွန် လက်ဖက်ရည်ဆိုင်က ဒေါက်တာသန်းထွန်း တပည့်တွေ စုပေါင်းဖွင့်တဲ့ဆိုင် ’ လို့ ဆရာဝင်းမောင် ( သမိုင်း ) ကရေးပါတယ်။ တပည့်တွေဆိုတာ ဦးခင်မောင်ကြီးတို့ အုပ်စုပါ။ ‘ ရွက်မွန် ’ ဆိုတဲ့ နာမည်ကို ဒေါက်တာသန်းထွန်း ကိုယ်တိုင်က ပေးထားတာပါ။
ဒေါက်တာသန်းထွန်း ရာပြည့်အမှတ်တရထုတ် ‘သန်းထွန်း ၁၀၀( ၆၊ ဧပြီ၊ ၁၉၂၃ - ၆၊ ဧပြီ၊ ၂၀၂၃ ) မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့မှတ်မှတ်ရရသမိုင်း’ စာအုပ်ထဲမှာ ဦးခင်မောင်ကြီးက အခုလို ရေးသားထားပါတယ်။
‘ ရွက်မွန် ကျွန်တော်တို့သူငယ်ချင်းတစ်စု မန္တလေးတက္ကသိုလ်နားမှာ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ စီစဉ်တယ်။ နာမည်ပေးဖို့အတွက် ဆရာ့ဆီကိုသွားတယ်။ ဆရာက စာရွက်တစ်ရွက်မှာ လက်ဖက်ရည်ဆိုင်အတွက် နာမည်ရေးပေးလိုက်တယ်။ “ FINE LEAF ရွက်မွန် ” တဲ့။ အဲဒီနာမည်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်တယ်။ အောင်မြင်ခဲ့ပါတယ်။ ’
[ သန်းထွန်း ၁၀၀ ( ၆၊ ဧပြီ၊ ၁၉၂၃ - ၆၊ ဧပြီ၊ ၂၀၂၃) မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း၊ ၂၀၂၃၊ ဧပြီလ၊ ပထမအကြိမ်ထုတ် စာမျက်နှာ - ၁၀ မှ]
ဆရာဝင်းမောင် (သမိုင်း) က သူ့ဆရာ ဒေါက်တာသန်းထွန်းတစ်ယောက် အိမ်မှာပဲ သုတေသနလုပ်ရင်းနဲ့ လက်ဖက်ရည်သောက်ပုံကိုလည်း အခုလိုရေးထားပါသေးတယ်။
‘ မွန်းလွဲပိုင်းကျတော့ ဌာနကိုပြန်လာခဲတယ်။ အတန်းလေးဘာလေးရှိရင် ပြန်လာတယ်။ လုပ်စရာကိစ္စမရှိရင် ဌာနကို ပြန်မလာတော့။ အိမ်မှာပဲ သုတေသနလုပ်တယ်။ အိမ်မှာလည်း အချိုခြောက်လက်ဖက်ခြောက်ကိုသန့်သန့်ပြန့်ပြန့် စွပ်ကျယ်စုတ်ထဲမှာထည့်၊ စုကြိုးချည်ပြီး ဆရာ့စကားအတိုင်း ကြီးစွာသောမတ် ခွက်ကြီးထဲထည့်၊ ရေနွေးနဲ့နှပ်ထားပြီး သကြား၊ နို့ဆီမပါဘဲ လက်ဖက်ခြောက်နှပ်ရည်ချည်းပဲ တဂွတ်ဂွတ်သောက်ရင်း စာရေးစာဖတ်လုပ်နေတော့တာပဲ။ နှပ်ရည်ကုန်သွားရင် ရေနွေးထည့်ပြီး သောက်နေတယ်။ ဘယ်နှခွက်ရယ်လို့ မပြောနိုင်ဘူး။ ’
(ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း၊ စိတ်ကူးချိုချို၊ ၂၀၂၃ ဧပြီလ တတိယအကြိမ်ထုတ် စာမျက်နှာ - ၄၂ - ၄၃ မှ )
ဆရာဝင်းမောင် ( သမိုင်း ) အရေးအသားအရ ဒေါက်တာသန်းထွန်း တစ်ယောက် တစ်နေ့ကို လက် ဖက်ရည် ငါးခွက်၊ ခြောက်ခွက်လောက် သောက်လေ့ရှိပါတယ်။ သောက်တော့လည်း သကြားမပါ၊ နို့ဆီမပါနဲ့ လက်ဖက်အချိုခြောက် နှပ်ရည်ပဲ သောက်ပါတယ်။ သကြားနည်းနည်း နို့ဆီနည်းနည်း ကျ ရည်များများဆိုရင်လည်း ဒေါက်တာသန်းထွန်း သောက်တာ ‘ ကျဆိမ့် ’ ရယ်လို့ ပြောလိုက်လို့ ရသေးတယ်။ အခုဟာက အကျရည်ချည်းပဲ သောက်တာဆိုတော့ မဆိမ့်ဘဲနဲ့ ကျဆိမ့်လို့ သတ်မှတ်လိုက်ရဖို့ကလည်း အခက်သား။
ဒေါက်တာသန်းထွန်းက လက်ဖက်ရည်အရမ်းကြိုက်တဲ့လူဆိုပေမဲ့၊ သူ သုတေသနအလုပ်တွေ အာရုံစိုက်လုပ်နေချိန်မှာ အလိုက်ကန်းဆိုးမသိ လက်ဖက်ရည် ဆိုင်သွားဖို့ ဇွတ်လာခေါ်နေရင် အဲဒီလူကိုပညာပေးတတ်ပါတယ်။ ရန်ကုန် အမရဆောင်အပေါ်ထပ်မှာ ရက်စွဲသမိုင်းအထောက်အထားတွေ စိစစ်ကူးနေတုန်းမှာ အလိုက်ကန်းဆိုးမသိဇွတ်လာခေါ်နေတဲ့သမိုင်းဌာနကဆရာမကို ဦးချစ်လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး ပညာပေးပုံကို ဦးခင်မောင်ကြီးက “သန်းထွန်း ၁၀၀ (၆၊ ဧပြီ၊ ၁၉၂၃ - ၆၊ ဧပြီ၊ ၂၀၂၃) မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့မှတ်မှတ်ရရသမိုင်း ” စာအုပ်ထဲမှာ ရေးသားထားပါတယ်။
ဆောင်းပါးအစမှာရေးခဲ့သလို ဒေါက်တာသန်းထွန်းကြိုက်နှစ်သက်တဲ့ လက်ဖက်ရည်အရသာကို စာပေမှတ်တမ်းတွေမှာ ရှာဖွေကြည့်ခဲ့ပါတယ်။ ဘယ်အရသာကို ကြိုက်ပါတယ်လို့ ကောက်ချက်ချရလောက်အောင်ထိ မတွေ့ခဲ့ပါဘူး။
လောကသဘာဝတရားကြီးထဲမှာ ဘယ်အရာမှ ပုံသေမတည်မြဲတတ်တာကတော့ အမြဲတမ်းမှန်နေတဲ့သမိုင်းမှန်လို့ပဲ ပြောချင်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းလည်း နို့ဆီနည်းနည်း (တခါတလေ နို့ဆီမပါ) သကြားလုံးဝမပါဘဲ အချိုခြောက်နှပ်ရည်ပဲ သောက်တတ်တဲ့အကျင့်ဟာ မတည်မြဲနိုင်ပါ။ ဒေါက်တာသန်းထွန်း အသက်အရွယ်အရ လက်ဖက်ရည်သောက်နည်း ပြောင်းလဲလို့လာပါလိမ့်မယ်။ ဒါပေမဲ့ ဆရာကြီးအကြိုက် ကျရည်ပြင်းပြင်းကိုတော့ မစွန့်လွှတ်နိုင်လောက်ပါဘူး။
ဒေါက်တာသန်းထွန်းရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ ‘ကျော်ဆန်း (အေးချမ်းသာ)’ ရဲ့ အရေးအသားအရ ဆရာကြီးကြိုက်တဲ့လက်ဖက်ရည်အရသာကိုမှန်းဆ ကောက်ချက်ချလို့ရပါလိမ့်မယ်။ ကျော်ဆန်း (အေးချမ်းသာ) က “သန်းထွန်း ၁၀၀ (၆၊ ဧပြီ၊ ၁၉၂၃ - ၆၊ ဧပြီ၊ ၂၀၂၃) မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း” ဒေါက်တာသန်းထွန်း ရာပြည့်အမှတ်တရထုတ် စာအုပ်ထဲမှာ ‘ M.A နဲ့ လွဲခဲ့သူ ’ ဆိုတဲ့ ဆောင်းပါးလေးရေးခဲ့ပါတယ်။ ကျော်ဆန်း (အေးချမ်းသာ) က ဒေါက်တာသန်းထွန်း လက်ဖက်ရည် ကြိုက်ပုံကို အခုလို ရေးသားထားပါတယ်။
‘ ကျွန်တော်တို့အိမ်က လက်ဖက်ရည်ဆိုင်ဖွင့်ထားတော့ ဆရာကြီး တရုတ်တန်းဈေးဝယ်လာရင် ကျွန်တော့်လက်ဖက်ရည်ဆိုင် လမ်း (၃၀၊ ၈၀ × ၈၁ လမ်းကြား) ကို ဝင်လာလေ့ရှိတယ်။ ဆရာက အဖန်ရည်ပြင်းပြင်းနဲ့ဆိမ့်ဆိမ့်ကြိုက်တယ်။ ဖျော်ပေးရင် နှစ်ခွက်ဖျော်ရတယ်။ အဝသောက်တာ။ တစ်နေကုန်သောက်တဲ့အလေ့အကျင့်ရှိတယ်။ လက်ဖက်ရည်ဆိုင်ကို ဘယ်သူခေါ်ခေါ်၊ ဘယ်နှခေါက်ခေါ်ခေါ် လိုက်တာပဲ။ အိမ်မှာလည်း ဖျော်သောက်တယ်၊ လက်ဖောက်ခြောက်တို့၊ နို့ဆီတို့ ကျွန်တော့်ကို ဝယ်ခိုင်းတယ်။ ’
[ သန်းထွန်း ၁၀၀ ( ၆၊ ဧပြီ၊ ၁၉၂၃ - ၆၊ ဧပြီ၊ ၂၀၂၃ ) မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း စာမျက်နှာ - ၁၃၇ မှ ]
ကျော်ဆန်း ( အေးချမ်းသာ ) အရေးအသားထဲမှာ “ ဆရာက အဖန်ရည်ပြင်းပြင်းနဲ့ ဆိမ့်ဆိမ့်ကြိုက်တယ် ” လို့ ရေးသားထားတာကို ဖတ်ရပါတယ်။ ဒါကြောင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကြိုက်တဲ့ လက်ဖက်ရည်အရသာကို “ကျဆိမ့်” လို့ပဲ ကောက်ချက်ချပါတယ်။
နန္ဒအောင်
၁၆. ၈ . ၂၀၂၆
** စာကိုး
ဝင်းမောင် (သမိုင်း) ။ ၂၀၂၃ ။ ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာဒေါက်တာသန်းထွန်းအကြောင်း။ တတိယအကြိမ်။ ရန်ကုန်၊ စိတ်ကူးချိုချို စာအုပ်တိုက်။
ခင်မောင်ကြီး။ ၂၀၂၃။ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း (၂)။ သန်းထွန်း ၁၀၀ မွေးနေ့အမှတ်တရ၊ ပုဂ္ဂိုလ်ကျော်နဲ့မှတ်မှတ်ရရသမိုင်း မှ၊ ၈ - ၁၂။ ပထမအကြိမ်။ ရန်ကုန်၊ စိတ်ကူးချိုချိုစာအုပ်တိုက်။
ခင်မောင်ကြီး။ ၂၀၂၃။ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း (၃)။ သန်းထွန်း ၁၀၀ မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း မှ၊ ၁၃ - ၁၅ ။ ပထမအကြိမ်။ ရန်ကုန်၊ စိတ်ကူးချိုချို စာအုပ်တိုက်။
ကျော်ဆန်း (အေးချမ်းသာ) ။ ၂၀၂၃။ M.A နဲ့ လွဲခဲ့သူ။သန်းထွန်း ၁၀၀ မွေးနေ့အမှတ်တရ ပုဂ္ဂိုလ်ကျော်နဲ့ မှတ်မှတ်ရရသမိုင်း မှ၊ ၁၃၄ - ၁၄၀။ ပထမအကြိမ်။ ရန်ကုန်၊ စိတ်ကူးချိုချို စာအုပ်တိုက်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
