Breaking News

ဆယ်ပေါင်တူ. - ‘ရေမြောင်းရှင် ဘဝင်ကြီး’၏ ‘ကင်းမ်ဘဲလ်ချာလီ’ နှင့် မကျေပွဲအင်တာဗျူး



ဆယ်ပေါင်တူ. - ‘ရေမြောင်းရှင် ဘဝင်ကြီး’၏ ‘ကင်းမ်ဘဲလ်ချာလီ’ နှင့် မကျေပွဲအင်တာဗျူး
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၆

‘ရေမြေ့ရှင် ဘုရင်ကြီး’ ဆိုတာပဲ ကြားဖူးပါတယ်လို့တော့ လာပြောကြမယ့်သူတွေ ရှိမယ်မထင်။ အနှီသူဟာ အဲဒီလို ဂုဏ်ပုဒ်တပ် ခေါ်ဝေါ်ဖို့ ဘယ်နည်းနဲ့မှ ထိုက်တန်သူ မဟုတ်ကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သိရှိလေသောကြောင့်ပင်။

ရေမြောင်းရှင် ဆိုတာကတော့ ဖြစ်နိုင်တယ်။ ဒါတောင် အနံ့တထောင်းထောင်းနဲ့ ရေပုပ်၊ရေဆိုးတွေ စီးနေတဲ့ ရေမြောင်း၊ ‘ဘဝင်’ ဆိုတဲ့စကားလုံးကလည်း ဘုရင် ဆိုတာထက် ပိုပြီး လိုက်ဖက်နေပြန်ရော။ အလိုလိုနေရင်း ဘဝင်ကိုင်နေတာ၊ တခါတလေကျပြန်တော့ လည်း သူ့ကိုယ်သူ လူပိန်းမှန်းတော့ သိရှာသားပဲ။ လူပိန်းနားလည်အောင် ပြောတဲ့၊ အဲဒီလို ခိုင်းသေးတာ။

‘တိုင်းမ်’မဂ္ဂဇင်းနဲ့ ပထမအင်တာဗျူးမှာ သွေးအလိမ်းလိမ်းနှင့် ဖူးယောင် ထမ်းထုတ် ခေါ်သွားခံရတဲ့ ‘ဘဝင်ဘပု’က ‘ငါလိုနေပြည်တော်အုပ်ကြီးကိုများ မခန့်လေးစားနဲ့ကွာ’ ဆိုပြီး အခဲမကြေ ဖြစ်လို့နေတယ်။ ငါလို ဆင်မမည်းတမည်း ဘယ်နှစ်ကောင် ပိုင်ရှင် မြန်ပြည်၏ပြည့်ရှင် ဘာညာဘုရင်ကွိကွလို့တော့ သူထည့်မပြောရဲတော့၊ မပြောရဲဆို သူအုပ်ချုပ်နိုင်တဲ့နေရာက နေပြည်တော် ကွက်ကွက်လေးလောက်ပဲ ကျန်နေတော့တာကို၊ သူကိုယ်တိုင်က သိနေလို့ပဲပေါ့။

‘ဝယ်ပစ်မယ်ကွာ အဲဒီ ‘တိုင်းမ်’မဂ္ဂဇင်းကို ၊ ပြီးတော့ ‘ချာလီကမ်းဘဲလ်’ကို အလုပ် ဖြုတ်ပစ်မယ်၊ ဝယ်နိုင်တယ်ကွ ငါ့များဘာထင်နေကြလဲ၊ ငါခိုးထားသမျှရဲ့ အစွန်း ထွက်လောက်တောင် တန်မှာမဟုတ်ဘူး’

‘ဟုတ်ပါတယ် ‘ဘပု’ ဝယ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီ ဒေါ်လာသန်းရာချီကို ဘယ်ကနေ ဘယ်လို မေဒိကားကို လွှဲမလဲ၊ ‘ဘပု’ကို နံမည်ပျက်စာရင်းထဲထည့်ထားကြတာလေ’

သူ့လူတွေဝိုင်းပြီး သတိပေးကြမှ ကြင်စိုး အားမတန် မာန်လျှော့လိုက်တယ်။အညှိုးကြီးလှတဲ့ကြင်စိုး မကျေမချမ်းနဲ့ သူဘာဆက်လုပ်ရင် ကောင်းမလဲဆိုပြီး ထပ် စဉ်းစားနေတယ်။ အဲဒီမှာပဲ ‘ဆယ်ပေါင်တူ’ လက်ဆော့ထားတဲ့ ‘တိုင်းမ်ပြောင်းပြန်’ ကမ္ဘာကျော် အင်တာဗျူး မဂ္ဂဇင်းကြီး ဆိုတဲ့ပိုစ့်ကို သွားတွေ့တယ်။ ‘ဇူကာဘတ်’ က အကောင့်ပိတ်ထားပေမဲ့၊ ကြင်စိုးက သူ့အကောင့်တုတွေ၊ သူများအကောင့်တွေကနေ ဝင်ဝင်ဖတ်လေ့ရှိတယ်။

တကယ်ကတော့ ‘တိုင်းမ်ပြောင်းပြန်’ ဆိုတာ ဘယ်ရှိပါ့မလဲ၊ ‘တိုင်းမ်’ မဂ္ဂဇင်းနဲ့ ကြင်စိုးတို့ ဇာတ်လမ်းအပြီး ကိုယ့်ဖာသာခွီချင်လို့ လျှောက်လုပ်ထားတာ။ ဒါပေမဲ့ ‘တိုင်းမ် ပြောင်းပြန်’ ဆိုတဲ့ နံမည်က ကြင်စိုးကို စိတ်ဝင်တစား ဖြစ်သွားစေတယ်။ သူ့အင်တာ ဗျူးထဲမှာ သတိထားမိကြမှာပါ၊ စာဖတ်ဝါသနာပါတယ်လို့ ထည့်ဖြေထားတာ။ ဘယ် လိုစာပေမျိုး ဖတ်ဖို့ဝါသနာပါတယ် ဆိုတာကို ထည့်မပြောသွားဘူး။ တကယ်က သူစွဲစွဲ လမ်းလမ်း ဖတ်တတ်တာတွေက သိုင်းဝတ္ထုလောက်ပဲရှိတာ။ ဒီတော့ သိုင်းပြောင်းပြန်တို့ဘာတို့ဆိုတာတွေက ကြင်စိုး အသည်းစွဲ၊ အထင်တကြီး တလေးတစား ဖြစ်စရာ စကားလုံးတွေပဲပေါ့။

အခုလည်း တိုက်တိုက်ဆိုင်ဆိုင် ‘တိုင်းမ်’ မဂ္ဂဇင်းကို ကတုန်းကတိုက် လုပ်ချင်နေတဲ့ အချိန်မှာ ‘တိုင်းမ်’နဲ့ ပြောင်းပြန်လို့ အဓိပ္ပါယ်ရတဲ့ ‘ဆယ်ပေါင်တူ’ ရဲ့ ‘တိုင်းမ်ပြောင်းပြန်’အင်တာဗျူး မဂ္ဂဇင်းဆိုတာကြီးကို တွေ့လိုက်ရတော့ ကြင်စိုးတော်တော် စိတ် ဝင်စားသွားတယ်။ စိတ်လှုပ်ရှားသွားတယ်လို့တောင် ပြောနိုင်တယ်။ ဒါပေမဲ့ တိုင်းမ် ပြောင်းပြန်’နဲ့ မကျေပွဲ အင်တာဗျူးထပ်လုပ်ဖို့ ကြင်စိုးကို ဆုံးဖြတ်ချက်ချသွားစေနိုင်တာကတော့ ‘ကင်းမ်ဘဲလ်ချာလီ’ ကြောင့်ပါ။


‘ကင်းမ်ဘဲလ်ချာလီ’ ဆိုတာ တခြားလူ မဟုတ်ပါဘူး၊ ‘ဆယ်ပေါင်တူ’ကိုယ်တိုင်ပါပဲ။ ကြင်စိုးလူတွေ လှမ်းဆက်သွယ်တော့ ‘ဆယ်ပေါင်တူ’ဆိုရင် မတော် ဟိုရှာဒီရှာလုပ်လို့ ကြင်စိုးကို တလျှောက်လုံး သရော်စာရေးနေတဲ့သူလို့ သိရင်သိသွားနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ‘ကင်းမ်ဘဲလ်ချာလီ’ဆိုပြီး မိတ်ဆက်လိုက်တယ်။ ကြင်စိုး ‘ချာလီကမ်းဘဲလ်’ကို အမုန်းကမ္ဘာမကြေ ဖြစ်နေတာကို သိတယ်လေ။ ဒါ့ကြောင့် သူ့နံမည်နဲ့ပြောင်းပြန် ‘ကင်းမ်ဘဲလ် ချာလီ’ လို့ ပြောလိုက်တာ။

‘ချာလီကမ်းဘဲလ်’နဲ့ ပြောင်းပြန် ‘ကင်းမ်ဘဲလ်ချာလီ’ ဆိုတာနဲ့တင် အကျေကြီးကျေ နပ်သွားတဲ့ ကြင်စိုးက ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွားပြီး ‘တိုင်းမ် ပြောင်းပြန်’နဲ့ အင်တာဗျူးလုပ်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။

ဒီတကြိမ်မှာတော့ ကြင်စိုးတို့တတွေက နပ်သွားပြီ၊ စည်းကမ်းချက်တွေ တလှေကြီးနဲ့။ တိုတိုပြောရရင်တော့ သူပြောချင်တာပြောမယ်၊ ရေးတာတွေကိုလည်း ပြန်စစ်မယ်၊ ဓါတ်ပုံကိုလည်း သူ့လူတွေနဲ့သူ ရိုက်မယ်၊ ‘တိုင်းမ်’ က ထည့်သလို လူမြင်ရင်ဆဲချင်တဲ့ ဓါတ်ပုံမဟုတ်ပဲ၊ ကြည့်ကောင်းအောင် ပုံကိုဟိုပြင်ဒီပြင်လုပ်မယ်၊ မျက်နှာဖုံးဆောင်းပါး ဖြစ်ရမယ်၊ အဆဲမခံရအောင်လည်း ‘ကင်းမ်ဘဲလ်ချာလီ’ က တာဝန်ယူရမယ် စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ပြီးပြီးရော ဆိုပြီး သူပြောသမျှ ခေါင်းပဲညိတ်လိုက်တယ်၊ အေးရော။

အသံသွင်းဖို့ရော၊ ဗီဒီယိုရိုက်ဖို့ရော ၂ဖွဲ့ ၊ ၃ဖွဲ့ မက ရှုပ်ရှက်ခတ်အောင် စီစဉ်ထားတယ်၊ ‘ချာလီကမ်းဘဲလ်’ ပေးတဲ့ သင်ခန်းစာတွေ တသီတတန်း ကြုံပြီးပြီဆိုတော့။ ဒါပေမဲ့ အပြောခံရလို့လား မသိဘူး၊ ဟိုစျေးကြီးတဲ့ မှန်ကြီးတော့ မတွေ့ရတော့ဘူး။ ဒီတခါကျ မှန်ဝိုင်းလေးပါတဲ့ မိတ်ကပ်ဗူးလေးကိုဖွင့်ပြီး အမူအရာလုပ်လိုက် ကြည့်လိုက် ပြန်ပိတ်လိုက်နဲ့၊ ကြင်စိုးက နွဲ့တောင်နွဲ့နေသလိုပဲ။ ကြင်စိုးကိုကြည့်ရင်း ည အချိန် လမ်းမကြီးဘေး ပလက်ဖေါင်းတွေပေါ်မှာ လူစောင့်လိုက်၊ မှန်ကြည့်လိုက် မိတ်ကပ်ဖို့လိုက် လုပ်နေတတ်တဲ့ သူတွေကိုတောင် သွားအမှတ်ရမိသေးတယ်။

ထုံးစံအတ်ိုင်း ပိုးလုံချည် တရွှမ်းရွှမ်းနဲ့၊ အရောင်ကာလာတွေက အရင်တခေါက်ထက်တောင် ပိုတောက်တောက်ပြောင်ပြောင်ဖြစ်နေသလိုပဲ။

‘ကင်းမ်ဘဲလ်ချာလီ’က စာပေနယ်ကဆိုတော့ ဒီပိုးပုဆိုးမြင်တော့ ဟိုစကားပုံ သွား အမှတ်မရဘူးလား’

ကြင်စိုးက အဲဒီလိုစကားခေါ်လိုက်တယ်၊ သူက ‘ရှင်ဘုရင့်ပုဆိုး ပိုးချည်း’ ဆိုတာကိုကြားချင်တာလေ။ ‘ကင်းမ်ဘဲလ်ချာလီ’က အချဉ်မှ မဟုတ်တာ၊ ‘ဟို…ပိုးသာကုန် မောင်ပုံ စောင်းမတတ်’ ဆိုတာကို ပြောတာလား’ ဆိုပြီး ပြန်ဖြေလိုက်တယ်။ ကြင်စိုး သူကြားချင်တဲ့ အဖြေမရတော့ စိတ်တိုင်းမကျ ဖြစ်သွားပုံရတယ်။ ဒါပေမဲ့ ဓါတ်ပုံလှလှပပ ထွက်ဖို့ပဲ သူ့ အာရုံကရောက်နေတော့ ဘာမှထပ် အတွန့်မတက်တော့ဘူး။

အင်တာဗျူးမစမီ ဟိုဟိုဒီဒီပြောရင်း သူသိချင်တာတခုကိုမေးတယ်။

‘ ကင်းမ်ဘဲလ်ချာလီ’ က စာပေလောကကို ဘယ်တုန်းကရောက်တာလဲ’

‘ အာဏာသိမ်းပြီးပြီးချင်းပဲ ဆိုပါတော့၊ ။ အာဏာသိမ်းပြီ ဆိုကတည်းက တိုင်းပြည် ကမောက်ကမတွေ ဖြစ်တော့မှာဆိုပြီး စာပေလောကမှာ အင်္ဂလိပ်၊ ဂျပန်၊ကိုရီးယား စကားပြောစာအုပ်တွေ သွားဝယ်တာ၊ သူများတိုင်းပြည်ထွက် အလုပ်လုပ်ရမယ့်ကိန်း ဆိုက်တော့မှာကို ကြိုပြီးတွေးမိလို့။ ပန်းဆိုးတန်း စာပေလောကရော၊ လှည်းတန်းစာ ပေလောကရော ခဏခဏ ရောက်ဖူးပါတယ်’

ကြင်စိုးစိတ်လေသွားပုံပေါက်တယ်၊ ဒါပေမဲ့ သူပိုအာရုံစိုက်မိတာက အာဏာသိမ်းတယ် ဆိုတဲ့စကားလုံး။

‘အာဏာထိန်းတာပါကွ၊ နောက်ကို အာဏာထိန်းတယ်လို့ပဲပြော။ ပြီးတော့ ငါကြိုပြောထားရဦးမယ်၊ ကြက်ဥစျေးနှုန်းအကြောင်း အင်တာဗျူးထဲ မေးစရာ မလိုဘူး၊ နောက်ပြီး ငါကယဉ်ကျေးတဲ့ပုံ ဟန်ဆောင်ပြီး ခင်ဗျား၊ ကျနော်လို့ အင်တာဗျူးထဲ ပြောတာကို အဟုတ်မမှတ်နဲ့၊ မင်းတင်မဟုတ်ဘူး တပြည်လုံး အဲ..ငါ့မိန်းမ မပါတဲ့ တပြည်လုံးကို သောက်ဂရုမစိုက်ဘူး၊ မင်းကငါ့ကို ‘ယူအာရ် အိတ်ဆယ်လင်စီ’ လို့ ဘိုလိုခေါ်ရမယ် အခုစမ်းခေါ်ကြည့်’

‘ယူအာရ် အိတ်ဆယ်လင်စီ’

‘ယူအာရ် အိတ်ဆယ်လင်စီ’

အခွင့်သာတုန်းဆိုပြီး ကြင်စိုးမျက်နှာတည့်တည့် တံတွေးတသီတတန်းကြီး စင်သွား အောင်ချိန်ပြီး အသားကုန်အော် ပြောလိုက်တယ်။ ‘ ကင်းမ်ဘဲလ်ချာလီ’ရဲ့ တံတွေးတွေ မစင်အောင် ကြင်စိုး အလျင်အမြန် ရှောင်လိုက်ပေမဲ့ အကုန်ဘယ်လွတ်ပါ့မလဲ။ တစ်ရှုးစနဲ့ မျက်နှာကိုသုတ်ရင်း ကြင်စိုးက

‘ယူအာရ် အိတ်ဆယ်လင်စီ’ အစား ‘မစ္စတာ ပရဲစီးဒင့်’လို့ ပြောင်းခေါ်ကွာ လို့ ပြောတယ်။ သူထင်တာ ‘မစ္စတာ ပရဲစီးဒင့်’ဆိုရင် သူ့ကို တံတွေးမစင်လောက်ဘူးပေါ့။

’ ကင်းမ်ဘဲလ်ချာလီ’က အကြံသမားဆိုတော့ အခွင့်အရေးရတုန်းဆိုပြီး တံတွေးမစင်စင်အောင် လုပ်ပြီးပြောပြန်တယ်။

‘မစ္စတာ ပရဲစီးဒင့်’

‘မစ္စတာ ပရဲစီးဒင့်’

’ ကင်းမ်ဘဲလ်ချာလီ’က တံတွေးကို ချိန်ထွေးလိုက်၊ ကြင်စိုးက လွတ်အောင်ရှောင်လိုက်နဲ့ နောက်ဆုံးကြင်စိုး လက်လျှော့သွားပုံရတယ်။ သူ့တိုက်ပုံအိပ်ကပ်ထဲက တစ် ရှုးတထုပ်လည်း ကုန်သလောက်ရှိသွားပြီဆိုတော့။

‘မြန်မာလိုပဲ ‘ဘပု’လို့ခေါ်ကွာ’ လို့ ခွင့်ပေးလိုက်တယ်။ အင်တာဗျူးမစမီ ‘ကင်းမ်ဘဲလ်ချာလီ’က အကြံတခု ကြင်စိုးကိုပေးကြည့်တယ်။

‘အဓိကက ဘပုပြောသမျှ ကမ္ဘာကြီးက ယုံကြည်စေချင်တာမဟုတ်လား’

‘အေး..ဟုတ်တယ်’

‘ဒီလိုဆိုရင် ဘပုကို မုသားဖေါ်စက်နဲ့ ဆက်ထားပြီး အင်တာဗျူးလုပ်ကြရအောင်လေ၊ အဲဒါဆို ဘပုပြောတာတွေ ပိုပြီးယုံကြည်သွားကြမှာ’

‘ဟေ့..ဟေ့ …မလုပ်ဘူး…မလုပ်ဘူး၊ ဒီအတိုင်းပဲ ဗျူးကြမယ်’

သူပြောတာအကုန်လုံးက အလိမ်အညာ မုသားတွေ ဆိုတာ သူ့ဖာသာသိနေတဲ့ ကြင်စိုးက ပျာပျာသလဲ ငြင်းတယ်။

ဒီလိုနဲ့ပဲ သူပြောချင်တာ တမေ့တမောကြီး လျှောက်ပြောတဲ့ အင်တာဗျူးကို လုပ်ဖြစ်သွားတယ် ဆိုပါတော့။ ‘ချာလီကမ်းဘဲလ်’နဲ့ အင်တာဗျူးတာထက်တောင် ပိုကြာသေးတယ်။ မဟုတ်မဟတ် တွေချည့်ပါပဲ၊ သူမို့လည်း ပြောနိုင်တယ်ဆိုပြီး သရော်စာရေးတဲ့သူတောင် သရော် ချင်စိတ် ပျောက်သွားရလောက်အောင် စိတ်ကုန်သွားတယ်။

အင်တာဗျူးပြီးသွားတော့ ကြင်စိုးက လက်ဆွဲနှုတ်ဆက်တယ်။

‘ငါအကြိုက်ဆုံး ဓါတ်ပုံ ရွေးပြီးပို့လိုက်မယ်၊ အချိန်ယူပြီးသေချာရေးနော်၊ ပျံနေအောင် ကောင်းပါစေ၊ ဖတ်တဲ့သူတွေ ဝိုင်းဆဲတာမခံရဖို့ သေချာဂရုစိုက်၊လိုတာရှိရင် ‘အိုင်မြတ်ခူး’တို့ တတွေက ထပ်ရှိုင်းပေးကြလိမ့်မယ်။ ကြားဖူးတယ်မဟုတ်လား သူတို့က အင်တာဗျူးနဲ့ လုပ်စားလာတာ အံတိုနေပြီ’

ဒီလိုနဲ့ မကြာပါဘူး ကြင်စိုးတို့ဆီကို ‘တိုင်းမ်ပြောင်းပြန်’ မဂ္ဂဇင်းကြီးမှာ ဖေါ်ပြဖို့ ‘ကင်းမ်ဘဲလ် ချာလီ’ ရေးတဲ့ ကြင်စိုးအင်တာဗျူး မျက်နှာဖုံးဆောင်းပါးကို လှမ်းပို့ပေးလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ အူယားဖားယား ပြန်ဆက်သွယ်လာကြတယ်။

‘ကင်းမ်ဘဲလ် ချာလီ’…. ဖိုင်မှားပို့သလား၊ မျက်နှာဖုံးဓါတ်ပုံနေရာကလဲ ဗလာ၊ ဆောင်း ပါး စာမျက်နှာကလည်း ဗလာတွေ ဖြစ်နေတယ်၊ ပြန်စစ်ပါဦး’

ဒါနဲ့ပဲ နားလည်အောင် ပြန်ရှင်းပြပေးလိုက်ရတယ်။

‘စည်းကမ်းတွေထဲမှာ အဆဲမခံရအောင် လုပ်ပေးရမယ်လို့ ပါတယ်လေ၊ အဲဒါ ‘ဘပု’ ရဲ့ ဘယ်ဓါတ်ပုံထည့်ထည့် မြင်တာနဲ့ဆဲကြမှာပဲ၊ ဆောင်းပါးလည်း အဲဒီလိုပဲ၊ ဘာတွေ ဘယ်လိုရေးရေး မဖတ်ပဲနဲ့ကို ဆဲကြမှာ၊ အဲဒါကြောင့် ဓါတ်ပုံလည်းဗလာ၊ စာ သားလည်းဗလာပဲ လုပ်ပေးလိုက်တော့တာ’

ကြင်စိုးတို့ဆီက နောက်ထပ်ရောက်လာတဲ့ အသံဖိုင်တွေ၊ မက်ဆေ့ချ်တွေကို ဖွင့်ကြည့်မနေတော့ပါဘူး၊ အသားကုန် ဆဲဆိုထားတာတွေပဲ ဖြစ်မှာပေါ့။ စဉ်းစားကြည့်လေ

‘ကင်းမ်ဘဲလ်ချာလီ’ ကတော့ အမှန်ကို အမှန်အတိုင်းပဲ ပြောရမှာပေါ့။ ကြင်စိုးကို မဆဲချင်တဲ့ သူဆိုတာ ဘယ်သူရှိမှာမို့လဲ၊ ‘ကြူခေါဘရဏီလှ’တောင် စိတ်ထဲက ကျိတ် ပြီး ဆဲရင် ဆဲနေမှာ၊ အသည်းကောင်းလို့ အဆဲတောင်းတဲ့ ကြင်စိုး၊ ဒင်းပဲ အရူးထပြီး အာဏာထသိမ်းခဲ့တာ မဟုတ်ဘူးလား။

ဆယ်ပေါင်တူ

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar