ထိုင်းနိုင်ငံ ဘန်ကောက် ပြီးနောက် တနင်္သာရီတိုင်း လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ ရေဘေးအန္တရာယ်
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၈ ၊ ၂၀၂၆
ထိုင်းနိုင်ငံ ဘန်ကောက် ပြီးနောက် တနင်္သာရီတိုင်း လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ ရေဘေးအန္တရာယ်
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့မှာ ၂ ရက်တာနီးပါး မရပ်နားဘဲ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာတော့ နောက်မှာတော့ မကြုံဖူးလောက်အောင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတာ၊ ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ တောင်ပြိုပြီး နေအိမ်တွေကို တိုက်စားကာ နေအိမ်တွေထဲမှာ နေထိုင်နေသူတွေ အသက်ဆုံးရှုံးမှုတွေ ရှိတဲ့အထိ ဖြစ်လာနေတဲ့ သတင်းတွေ စက်တင်ဘာ ၂၆ ရက်နေ့မှာ တောက်လျှောက် ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ကို ရေဘေးအန္တရာယ် ကျရောက်စေခဲ့တဲ့ လေပွေလှိုင်း မိုးတိမ်ထုဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ရာက ထိုင်း-မြန်မာနယ်စပ်ကို ကျော်ဖြတ်ပြီး တနင်္သာရီတိုင်း မြောက်ဘက်ဖြစ်တဲ့ ထားဝယ်ဒေသကို ဗဟိုချက် ဖြတ်သန်းသွားနေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဟာ ပုံမှန်အားဖြင့် မိုးများတဲ့ ကမ်းရိုးတန်းဒေသ ဖြစ်တာကြောင့် မိုးကြီးတာ၊ မိုးရက်ဆက်ရွာသွန်းတာတွေဟာ မထူးဆန်းသလို ရှိပေမဲ့ အခုရက်ပိုင်း ကြုံရတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ ရွာသွန်းတဲ့ မိုးရေချိန်မျိုး၊ နာရီကြာရှည်စွာ ဆက်တိုက်ရွာသွန်းမှုမျိုးကို မကြုံတွေ့ဖူးတဲ့ အနေအထားတွေ ဖြစ်နေတာပါ။
မနားတမ်း မိုးသည်းထန်တာ ရက်ဆက်လာတဲ့အခါမှာ ပုံမှန် မိုးများတဲ့ ကမ်းရိုးတန်းဒေသ ဖြစ်တဲ့ ထားဝယ်ခရိုင်ထဲ ပါဝင်ပြီး ထားဝယ်မြို့အနီးက လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တွေက ကျေးရွာတွေမှာ မကြုံဖူးတဲ့ ရေကြီး မြေပြိုတာတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတဲ့အခါ မိုးသည်းထန်တာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေကို ကြုံတွေ့ခဲ့ကြဖူးပေမဲ့လို့ အခုလို လေဖိအားနည်းရပ်ဝန်း မိုးတိမ်ထုတွေကြောင့် ရေကြီးတဲ့ အဖြစ်အပျက်တွေကို အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနဲ့ မြန်မာလိုမျိုးမှာ သိပ်မကြုံဖူးကြပါဘူး။
ဒီဖြစ်စဥ်တွေဟာ ယခု ၂၀၂၆ နှစ်လယ်ကနေ လာမဲ့နှစ်ဆန်းအတွင်း ဖြစ်ပေါ်နေတဲ့ ဆူပါအယ်လ်နီညိုဖြစ်စဥ်နဲ့ ဆက်စပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆယ်စုနှစ်အတော်ကြာကြာအတွင်း အခုလို မိုးသည်းထန်ပြီး မြို့နေရာအများအပြား ရေနစ်မြုပ်တဲ့အဖြစ်တွေ မကြုံဖူးခဲ့ကြသလို မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာလည်း အခုလောက် ရေကြီး မြေပြိုတဲ့ အတိုင်းအဆမျိုး ဖြစ်ခဲတဲ့ ဖြစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
လောင်းလုံမြို့ပေါ်နဲ့ အတူ လောင်းလုံးမြို့ နယ်ထဲက ကျေးရွာ ၂၀ ထက်မနည်း ရေကြီးနေပြီး အဆိုပါ ကျေးရွာ ၂၀ အနက်က အချို့သော ကျေးရွာတွေမှာ တောင်ပြိုတာ၊ နေအိမ်တွေကို ရေနဲ့ ရွှံ့တွေ ဖုံးလွှမ်းတိုက်စားသွားတာတွေ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်စောစောပိုင်းကစလို့ တနေ့လုံး ဖြစ်ပွားနေတဲ့ အနေအထား ဖြစ်ပါတယ်။ ၂၅ ရက်နေ့ကစလို့ မိုးသည်းထန်ပြီး ၂၄ နာရီဝန်းကျင် အကြာမှာ ရေကြီး၊ မြေပြိုတာတွေ စတင်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်ထဲက သရက်ချောင်းမြို့နယ်က ကျေးရွာအများအပြားလည်း ရေကြီးပြီး ကျွဲ နွားတွေ ရေနဲ့မျောပါ သေဆုံးမှုတွေ ရှိနေတယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့နှောင်းပိုင်း ပေါ်ထွက်လာတဲ့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။
လောင်းလုံးမြို့နယ်ဟာ ထားဝယ်မြို့ အနောက်ဘက်ကနေ အနောက်တောင်ယွန်းယွန်း တောင်ဘက်ကို ကျွန်းဆွယ်သဖွယ် ရှည်လျားစွာ တည်ရှိနေတာဖြစ်ပြီး တောင်တွေနဲ့ ကမ်းရိုးတန်းအကြား ကျေးရွာတွေ တည်ရှိနေတာ ဖြစ်ပါတယ်။
ရေကြီး၊ မြေပြိုမှု ဖြစ်ပွားပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ အနည်းဆုံး ၅ ဦးထက်မနည်း သေဆုံးခဲ့ရသလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။ လောင်းလုံးမြို့နယ် တောင်နဲ့ မြောက် ဖြတ်သန်းဖောက်လုပ်ထားတဲ့ ကားလမ်းမှာလည်း အချို့နေရာတွေမှာ မြေပြိုပြီး ကားလမ်း ဖြတ်သန်းသွားလာလို့မရတဲ့ အနေအထားက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေကို အတားအဆီးဖြစ်စေတယ်လို့ ဆိုပါတယ်။
ခုအချိန်ထိ သတင်းတွေမှာ ဖောာ်ပြချက်တွေအရ ထားဝယ် နဲ့ လောင်းလုံးမြို့နယ်က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်နေတာသာ တွေ့ရပြီး အာဏာသိမ်းစစ်အစိုးရရဲ့ ပြန်ကြားရေးဌာန သတင်းထုတ်ပြန်မှုမှာတော့ လောင်းလုံးမြို့ ပေါ် ရပ်ကွက် ၄ ခုက ရေဘေးသင့်သူ ၈၄၀၀ ကျော်ကို ပန်တောဝ ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံဖို့ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းက ကူညီပေးထားကြောင်း ဖော်ပြထားတာသာ တွေ့ရပါတယ်။ အဆိုပါ သတင်းဖော်ပြချက်မှာ “အချို့သော ကျေးရွာနေပြည်သူများသည် မိမိတို့နေအိမ်မှ မိမိတို့အစီအစဥ်ဖြင့် ရေဘေးလွတ်သည့် နေအိမ်များသို့ စုပေါင်းပြောင်းရွှေ့နေထိုင်ကြတယ်”လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
လောင်းလုံမြို့နယ်ထဲက ကျေးရွာတွေနဲ့ မြို့နဲ့ထိစပ်ရာဒေသတွေအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အားကောင်းစွာ လှုပ်ရှားကြတဲ့ နယ်မြေဒေသတွေ ဖြစ်ပါတယ်။ အဆိုပါ ကျေးရွာတွေက အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရဘက်က ဖော်ပြတဲ့ သတင်းမှာ ရေရေရာရာ ဖော်ပြတာ မတွေ့ရပါဘူး။
ထားဝယ်ခရိုင်ထဲက လောင်းလုံမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေဟာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အားအကောင်းဆုံးနယ်မြေတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄၊ ၅ နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အများစုဟာ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ရေဖြူ စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာ တွေ့ကြရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရတပ်တွေကို ခုခံမှုအားကောင်းတဲ့ ဒီဒေသတွေမှာ အခုလို ရေကြီးရေလျှံပြီး မြေပြိုတဲ့ ဘေးအန္တရာယ်တွေ ကျရောက်နေချိန်မှာ လုံခြုံရေး အကြောင်းပြပြီး ဖိဖိစီးစီး ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ခြင်း မပြုတဲ့ အနေအထားမျိုး မြင်တွေ့နေကြရတာပါ။ စက်တင်ဘာ ၂၆ ရက်နေ့ တရက်တာမှာ ရေကြီး၊ မြေပြိုတာကို အဆိုးရွားဆုံးခံစားကြရတဲ့ လောင်းလုံးမြို့နယ် တောင်ဘက် ကျေးရွာတွေကို စစ်အစိုးရရဲ့ ကူညီကယ်ဆယ်ရေးတွေ စေလွှတ်တာ မကြားသိကြရသေးတာ တွေ့ရပါတယ်။
ထားဝယ်ဒေသက ဒေသခံတဦးက လူမှုကွန်ရက်မှာ ရေးသားထားရာမှာ သူတို့ရွာမှာ မီးအကြီးအကျယ်လောင်စဥ်က ထားဝယ်မီးသတ်တပ်ဖွဲ့ဆီ ဖုန်းဆက်အကူအညီတောင်းရာမှာ လုံခြုံရေးကြောင့်ဆိုပြီး မီးသတ်တပ်ဖွဲ့က သူတို့ရွာကို မလာရောက်နိုင်ကြောင်း ပြောဆိုတယ်လို့ ဆိုထားပါတယ်။ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တွေဟာ ပဋိပက္ခနယ်မြေတွေ ဖြစ်လို့ အာဏာသိမ်းစစ်အစိုးရရဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုတွေ လုပ်ဆောင်ခြင်း မပြုဖို့ ညွှန်ကြားထားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
မကြာသေးတဲ့ သြဂုတ်လဆန်းမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း မူးမြစ်ဝှမ်းတလျှောက် ရေလျှံကာ ကျေးရွာတွေနဲ့ လယ်ယာစိုက်ခင်းတွေ ဖုံးလွှမ်းခဲ့စဥ်ကလည်း စစ်အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်တာမတွေ့ခဲ့ရသလိုဘဲ အခု တနင်္သာရီတိုင်းမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးအန္တရာယ်ကျရောက်နေချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလိုပဲ လျစ်လျူရှုထားမဲ့ အလားအလာ ရှိနေတာပါ။
တော်လှန်ရေး လက်နက်ကိုင် လှုပ်ရှားတဲ့ နယ်မြေမှာ နေထိုင်တဲ့ လူထုကို ဒဏ်ခတ်လိုတဲ့ သဘော၊ အစိုးရတရပ်အနေနဲ့ ပြုမူရမဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကို လက်နက်သဖွယ် အသုံးပြုပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေသာ တာဝန်ရှိတဲ့ သဘောမျိုး ယူဆကာ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
၄င်းတို့ကိုယ်တိုင်ကို မြန်မာနိုင်ငံရဲ့ အစိုးရလို့ ဆိုတဲ့ အာဏသိမ်းစစ်အစိုးရ အနေနဲ့ ပဋိပက္ခ ဒေသတွေမှာ ကျရောက်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကယ်ဆယ်ရေးနဲ့ ကူညီရေး လုပ်ဆောင်ခြင်း မပြုဘဲ ဒီဒေသတွေမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး လက်နက်ကိုင်တွေ ထောက်ခံမှု လျော့ကျသွားအောင်၊ ဒေသခံတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရချိန်နဲ့ ကြုံတွေ့ရပြီးနောက် ပြန်လည်ထူထောင်ရတဲ့ ကာလတွေမှာ တော်လှန်ရေးအင်အားစုတွေကို မထောက်ပံ့နိုင်တော့တဲ့ အနေအထားမျိုးရောက်အောင် လက်ပိုက်ကြည့်နေတဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
