Breaking News

ခိုင်ခိုင်စောလွင် - ပြည်သူ့အစိုးရ ပါမှ

https://static.bangkokpost.com/media/content/20220222/c1_2267763_220222060507.jpg

ခိုင်ခိုင်စောလွင် - ပြည်သူ့အစိုးရ ပါမှ

မိုးမခ ၊ စက်တင်ဘာ ၃၀ ၊ ၂၀၂၆



ထိုင်းသတင်းနှစ်ပုဒ်ကို ဖတ်မိတဲ့အချိန် တစ်ဆက်တည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မြန်မာပြည်က ဗီဒီယိုဖိုင်တစ်ခုပါ ဆက်တိုက်ဆိုသလို ကြည့်လိုက်ရတယ်။ အဲဒီဗီဒီယိုဖိုင်အောက်မှာ ရေးကြတဲ့ ကွန်မန့်တွေကပါ မြန်မာပြည်သူအချို့ရဲ့ စိတ်သဘောထားတွေ ထင်ဟပ်နေတာကို ဖျတ်ခနဲ မြင်ရပြန်တယ်။

သတင်းနှစ်ပုဒ်အကြောင်း ကနဦး ပြောချင်ပါတယ်။ ပထမသတင်းတစ်ပုဒ်က ထိုင်းနိုင်ငံအစိုးရအဖွဲ့က အသက်အန္တရာယ်စိုးရိမ်ရတဲ့ အရေးပေါ်လူနာများအတွက် ငွေကြိုတင်တောင်းခံခြင်းမရှိဘဲ ချက်ချင်းလက်ငင်း ကုသပေးရမယ့် UCEP (အရေးပေါ်လူနာများအတွက် အလုံးစုံ ကျန်းမာရေးစောင့်ရှောက်မှု) စည်းမျဉ်းအသစ်ကို စက်တင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) မှာ တရားဝင် အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းဖြစ်တယ်။

ဒီစည်းမျဉ်းသစ်အရ လူနာဟာ အရေးပေါ်အခြေအနေက လွတ်ကင်းပြီး အခြေအနေတည်ငြိမ်သွားတဲ့အထိ ပထမ ၇၂ နာရီ (၃ ရက်) တိတိ ငွေကြိုပေးရန်မလိုဘဲ ဆေးကုသမှု ခံယူခွင့်ရှိမှာဖြစ်တယ်။ ကုန်ကျစရိတ်အားလုံးကို UCEP အစီအစဉ်က တာဝန်ယူ ရှင်းလင်းပေးမယ်။ တကယ်လို့ ဆေးရုံကနေ ရောဂါအခြေအနေကို အရေးပေါ်မဟုတ်ဆိုကာ မှားယွင်းသတ်မှတ်ခဲ့ရင် လူနာများအနေနဲ့ ရက် ၉၀ အတွင်း အမျိုးသား အရေးပေါ် ဆေးပညာ အင်စတီကျုထံ တိုင်ကြား အယူခံဝင်နိုင်ပြီး၊ အယူခံအောင်မြင်ရင် ဆေးရုံက ကောက်ခံထားတဲ့ငွေကို ရက် (၃၀) အတွင်း ပြန်လည်ထုတ်ပေးရမှာဖြစ်တယ်ဆိုတာ ထည့်သွင်းသတ်မှတ်ထားတယ်။

ဒီသတင်းကို ဖတ်မိတဲ့အခါ ဒီကနေ့ကာလ မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ ဆေးပစ္စည်း တင်သွင်းခွင့်မရတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ကြားနေရတယ်။ ကျောက်ကပ်ဆေးတာမှာ မရှိမဖြစ်လိုအပ်တဲ့ ဆေးရည်ဝယ်မရတာက အဓိကပြဿနာဖြစ်နေတယ်။ စရိတ်မတတ်နိုင်တဲ့ လူနာအချို့ အခမဲ့ကျောက်ကပ်ဆေးတဲ့ စင်တာမှာ အလှည့်ကျဖို့ စောင့်ဆိုင်းရင်း ကိုယ့်အလှည့်မရောက်ခင် သေသွားကြရသတဲ့။ ပြည်သူကို မကြည့်တဲ့အစိုးရ၊ ကိုယ့်အာဏာတစ်ခုမြဲဖို့ ပြည်သူအားလုံးကို စတေးနေတဲ့ အာဏာသိမ်းအစိုးရလက်အောက်မှာ ပြည်သူတစ်ယောက် ရရမယ့်အခွင့်အရေး ဆုံးရှုံးနေရတာတွေပေါ့။

နောက်ထပ် သတင်းတစ်ပုဒ်က ၂၀၂၆ ခုနှစ် မေလကနေ စတင်ခဲ့တဲ့ ပြည်သူတစ်ဦး ဘတ် (၁၀၀) ဖိုး စားသောက်ကုန်၊ ဆေးဝါး၊ အဝတ်အထည် စသဖြင့် တစ်မျိုးမျိုး ဝယ်ယူပါက အစိုးရက ဘတ် (၆၀) စိုက်ပေးပြီး ပြည်သူက ဘတ် (၄၀) သာ ပေးရတဲ့ ထိုင်းက ထိုင်းကိုကူအစီအစဉ်ဟာ ဒီလ စက်တင်ဘာလကုန်မှာ ပြီးဆုံးမှာဖြစ်တယ်။ ဒီအစီအစဉ်ဟာ ထိုင်းပြည်သူတွေအတွက် အများကြီး အထောက်အပံ့ဖြစ်စေခဲ့တယ်။ အသေးစားစီးပွားရေးလုပ်သူတွေ အထူးသဖြင့် အိမ်ဆိုင်လေးတွေနဲ့ အရပ်ထဲက ဈေးဆိုင်တွေ အလုပ်ဖြစ်ပြီး ပြည်သူတွေ ဝဝလင်လင် ပေါပေါများများ မတောင့်မတ ဝယ်ယူစားသုံးနိုင်ခဲ့တယ်။ ဒါကြောင့် အစီအစဉ်ကို ရှေ့ဆက်သွားနိုင်ဖို့ အစိုးရထံ ဘတ်ဂျက် ဆက်တင်ထားတယ်ဆိုတဲ့သတင်း။

မြန်မာပြည်မှာ ကိုဗစ်ကာလ NLD အစိုးရ စီမံခန့်ခွဲစဉ်က ပြည်သူ အကျပ်အတည်းတွေ့နေတာကို သိရှိတယ်။ ဒါကြောင့် ဖြေလျှော့ပေးတာတွေ လုပ်တယ်။ မီတာခလျှော့ကောက်တာမျိုး၊ ဝန်ထမ်းတွေကို နှစ်လစာ အတိုးမဲ့ ငွေချေးပေးတာမျိုး၊ အစိုးရဆိုတာ ပြည်သူကို သားသမီး အဆင်ပြေရဲ့လား ကြည့်တတ်တဲ့ မိဘလိုဖြစ်ရမယ်။ ခုကာလ မြန်မာပြည်မှာကတော့ နိုင်ငံတစ်ဝန်း မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ တစ်အိမ်ကို ကျပ် (၅၀၀၀) လစဉ် မပျက်မကွက် ကောက်ခံတယ်။ စစ်မှုထမ်းကြေးတဲ့။ မပြောရဲကြဘူး ပေးရသတဲ့။ သူများတိုင်းပြည်နဲ့ ပြောင်းပြန်။

မြန်မာပြည်က ဗီဒီယိုဖိုင်လေးအကြောင်း ဆက်ပါမယ်။ လူအပြည့်အသိပ် ကျပ်ညပ်ပြီး မှတ်တိုင်ကို ဆိုက်လာတဲ့ ဘတ်စ်ကားတစ်စီးပေါ်ကို အသက် (၇၀) နီးပါးရှိမယ့် သက်ကြီးရွယ်အိုတစ်ယောက် မိုးတွေရွာနေတဲ့ကြားက မရရအောင် အတင်းတိုးတက်တယ်။ ဘတ်စ်ကားရဲ့ ခြေနင်းခုံမှာ နဂိုကတည်းက တွယ်စီးလိုက်ပါလာတဲ့ အရွယ်ကောင်း အမျိုးသားနှစ်ယောက်ကလည်း အသာနေရာချဲ့ပေးပေမယ့် ဘယ်လိုမှ တက်မရတဲ့အဆုံး လက်လျှော့ကာ မိုးရေထဲ ပြန်ဆင်းကာ ခေါင်းငိုက်စိုက် ပြန်ရပ်နေရတော့တယ်။

ယာဉ်တွေပေါ်မှာ သက်ကြီးရွယ်အိုထိုင်ဖို့ နေရာ၊ ဘယ်သူမှ မထိုင်ပါဆိုတဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေနဲ့ ယှဉ်မကြည့်ဘဲ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်ပါ။ သက်ကြီးရွယ်အိုကို နေရာပေးတဲ့စနစ် ရှိတယ်။ သယ်ယူပို့ဆောင်ရေးစနစ် လွယ်ကူချောမော အဆင်ပြေအောင် စနစ်တွေ လုပ်ထားတယ်။ ဝေးဝေးမကြည့်ဘဲ ကျန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်ကို ခဏလေး လှည့်ပြန်ကြည့်ပါ။ အဆင့်မြင့် ဘတ်စ်ကားတွေ ပြေးဆွဲခဲ့တာ လူလူသူသူ စီးကြရတယ်။ လူကျပ်အောင်မတင်၊ တစ်စီးနဲ့တစ်စီး ငါးမိနစ်ခြားထွက်တော့ တစ်စီးကျပ်ရင် နောက်တစ်စီး ဟောဆို ရောက်လာတယ်။ လူလတ်တန်းစားတွေပင် အငှားယာဉ် မစီးတော့ဘဲ ဘတ်စ်ကားနဲ့ လိုရာသွားကြ၊ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှတယ်။ သံဃာ၊ သက်ကြီးရွယ်အို ခုံနေရာပေးကာ ဘယ်သူမှ ဝင်မထိုင်ကြ။ ထိုင်မိပါက သံဃာ/သက်ကြီးရွယ်အို ကားပေါ်တက်လာတဲ့အခါ နေရာက ထပေးကြတယ်။ စနစ်ဆိုတာ အုပ်ချုပ်သူက ဖော်ဆောင်ရတာ၊ ပြည်သူ့အတွက်၊ ပြည်သူသာအဓိကဆိုတဲ့ စေတနာဟာ စစ်မှန်တဲ့ ခေါင်းဆောင်ဦးဆောင်တဲ့ တိုင်းပြည်အစိုးရမှာပဲ ရှိတယ်။ ပြည်သူကို ကောင်းမွန်တဲ့ လမ်းပြနိုင်တာလည်း ကောင်းမွန်တဲ့အစိုးရကပဲ လုပ်ပေးနိုင်တယ်။ ဗီဒီယိုဖိုင်ကို ကြည့်ပြီး မှတ်ချက်ရေးကြတာ အတော်များများက လူတစ်ယောက်အနေနဲ့ ဒါဟာ လူ့အခွင့်အရေး ဆုံးရှုံးနေတာဆိုတဲ့အမြင်၊ သိစိတ် မရှိကြသလိုပဲ။

အိမ်က ဒီအသက်အရွယ် အဖေအိုကြီးကို တစ်ယောက်တည်း ခုလို ဘတ်စ်ကားစီးဖို့ လွှတ်ရသလားဆိုကာ မိသားစုကို အပြစ်တင်ကြတယ်။ တချို့က ဒါကတော့ သူ့ကံတဲ့။ အဆိုးဆုံးကွန်မန့်ကတော့ ဒီဗီဒီယိုဖိုင်ထဲက လူကြီးဟာ ကြိုးစားမှုမရှိခဲ့လို့ သက်ကြီးပိုင်းမှာ ဘတ်စ်ကားတိုးစီးရတဲ့ဘဝ ရောက်ရတာ၊ သနားစရာမဟုတ်ဆိုတဲ့ အရေးမျိုး။ လူတွေရဲ့ အတွေးအခေါ် စိတ်နေသဘောထားတွေပါ နိမ့်ကျနေတာ မြင်ရတယ်။ ဘယ်သူက အဓိက တာဝန်ရှိသလဲ၊ ဒီလိုအခြေအနေတွေဟာ ဘယ်သူ့ကြောင့် ဖြစ်နေရတာလဲ မမြင်ကြဘူး။ အစိုးရက ပြည်သူကို ကောင်းမွန်စွာ စောင့်ရှောက်ပေးတဲ့၊ အခွင့်အရေးပေးတဲ့ တိုင်းပြည်က ပြည်သူတွေ ကြည့်ကြည့်ပါ။ အသက် (၈၀) အရွယ်တောင် ကမ္ဘာပတ် ခရီးသွားခွင့် ရကြပါတယ်။ ပြည်သူဆိုတာ ပြည်သူ့အခွင့်အရေး ရရမယ်။ လူဆိုရင် လူ့အခွင့်အရေး ရှိရတယ်။ အဲဒါတွေ မပေးနိုင်ဘဲ၊ မလုပ်နိုင်ဘဲ အုပ်ချုပ်နေသူဟာ အစိုးရမဟုတ်ဘူး။

မြန်မာလူထု ချစ်ခင်လေးစားကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီစကားမှာ အခုလို ပြောထားတယ်။

“အာဏာရှင်တစ်ဦးဟာ ဘဝပေါင်းများစွာကို လွှမ်းမိုးချုပ်ကိုင်ပြီး လူသားပေါင်းများစွာရဲ့ ချမ်းသာမှုကို ဖျက်ဆီးနိုင်ပါတယ်။ မိမိကိုယ်တိုင်က ချမ်းသာဒဏ်မခံနိုင်တဲ့ လူညံ့ဖြစ်နေတာကိုတော့ သတိမပြုမိပါဘူး။ အများကောင်းကျိုးအတွက် လုပ်ဆောင်ရမယ့် တာဝန်ကို မိမိဆန္ဒအရ သုံးစွဲရမယ့် အခွင့်အရေးလို့ အထင်လွဲမှုကစတဲ့ ပျက်စီးမှုပါ” တဲ့။

အေးချမ်းစွာ၊ အနာဂတ် မျှော်လင့်ချက်များစွာ ရှိနေကြတဲ့ မြန်မာပြည်သူသန်းပေါင်းများစွာရဲ့ ချမ်းသာခြင်းကို ဟန့်တားဖျက်ဆီးခဲ့၊ ဖျက်ဆီးလျက်ရှိတဲ့ မအလနဲ့ အပေါင်းပါများ အုပ်ချုပ်မှုအောက်က လွတ်ပါမှ မြန်မာပြည်သူအပေါင်း အေးချမ်းရာရမှာကတော့ မလွဲဧကန်ပင်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar