Breaking News

မောင်သော်တာ - ကိုယ်ဟာချက်လုပ်သူ


Art - Aung Htet
ကိုယ်ဟာချက်လုပ်သူ
မောင်သော်တာ
(မိုးမခ)စက်တင်ဘာ ၂၈၊ ၂၀၂၆


ကိုယ့်သွေးနဲ့ကိုယ် ချက်လုပ်လိုက်တယ်
အိပ်မက်တွေကိုပြန်ရိတ်သိမ်းတဲ့ဓားမြောင်
ကိုယ် တောရှင်းပြီးဖောက်ခဲ့တဲ့လမ်းက ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ဘဝဆီ ကိုယ်ပြန်ရောက်ဖို့ပဲ
တိုက်နေတဲ့လေက ကိုယ့်ရဲ့လေးလံမှုတွေထဲ ရွက်လွှင့်လို့
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက မြစ်တစ်စင်းလိုဖြတ်စီး
ကိုယ့်ရဲ့တွေးလက်စအတွေးစဟာ မီးလောင်ပြင်ထဲကရုန်းထွက်လာတဲ့မီးရထား
မြင်ရလား၊ သံလမ်းအတိုင်း ရထားရဲ့အမြန်နှုန်းနဲ့ပြေးလိုက်လာတဲ့သစ်ရိပ်ညိုညိုတွေ
တခါတလေ ကြိုးတစ်စလို
ချောက်ထဲက ကိုယ့်ကိုဆွဲတင်ဖို့
ကိုယ့်ရဲ့ခြေထောက်အောက်မှာ ခရီးတစ်ခုခုရှိမရှိ
ကိုယ်လည်း မသိပါဘူး
ကိုယ်ဆက်တူး​ဖော်ဖို့ ဖြစ်နိုင်မလား
တရားမျှတမှုအတွက်လို့ အော်ဟစ်နေတဲ့စစ်သားမမ်မီတွေ
သူတို့ရဲ့ခြေထောက် လက် ခါး ဦးခေါင်းတွေ ဒဏ်ရာပရပွ လောက်တွေ တရွရွပိုးထလို့
ပြီးခဲ့တဲ့နှစ်တွေမှာ ဝိညာဉ်မဲ့တဲ့ကျောက်တုံးတွေ တစ်လုံးပြီးတစ်လုံး လိမ့်ကျလာခဲ့တယ်
ကိုယ်ကတော့ တိမ်ပင်လယ်တွေစိုက်ဝင်နေတဲ့တောင်ကုံးရဲ့ ဝိညာဉ်ကျောက်တုံးလား
မသိဘူး ကိုယ်ဟာ ကျင့်ကြံသူ
အံတုဖို့ အသက်ရှူပြီး
ခုခံဖို့ အသက်စွန့်ရပစေဆိုတဲ့ကျောက်တုံး
မီးတွေ ဘယ်လောက်များများ 
ပြာမကျတဲ့ဥသြသံကို ရထားရဲ့ကိုယ်ထည်ထဲ ကိုယ်ရှာတွေ့ခဲ့တယ်

- 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar