မြန်မာနိုင်ငံ တောင်ပိုင်း ရေကြီး မြေပြိုနေစဥ် အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၆
မြန်မာနိုင်ငံ တောင်ပိုင်း ရေကြီး မြေပြိုနေစဥ် အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲ
စက်တင်ဘာ ၂၆၊ ၂၇ ရက်နေ့တွေက စလို့ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့တော် အပါအဝင် ရေကြီးစေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တွေမှာ ရေကြီး၊ မြေပြိုပြီး လူသေဆုံးမှု ကိန်းဂဏန်းတွေ ဒါဇင်နဲ့ချီရှိနေချိန် စက်တင်ဘာ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူစည်ကားတဲ့ ဈေးကို အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဥ်တွေက ဗုံး ၂ လုံးကြဲချခဲ့ရာမှာ ဗုံးဒဏ်နဲ့ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူတွေ ၅၀ နီးပါးရှိပြီး ဒဏ်ရာရသူလည်း ၆၀ ဦးဝန်းကျင် ရှိလာကြောင်း သတင်းဖော်ပြမှုတွေ အရသိရပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ ကုလားတန်မြစ်ကို ဖြတ်ပြီးတည်ရှိတဲ့ ကစ္ဆပနဒီတံတားအနီးက အိန္ဒိယစျေးလို့ အမည်ပေးထားတဲ့ ဈေးကို နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေက ဗုံးကြဲခဲ့တာဖြစ်လို့ တံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်နဲ့ ခရီးသွားအချို့လည်း ထိခိုက်သေဆုံးကြရတာ ရှိသလို အိန္ဒိယဈေးမှာတော့ ဗုံးဒဏ်ကြောင့် လူထိခိုက်သေဆုံးမှုတွေ အပြင် ဗုံးကြဲခံရပြီးမီးလောင်မှုကြောင့် သေဆုံးသူတွေ များပြားခဲ့ပြီး သေဆုံးသူအရေအတွက် ၅၀ နီးပါးအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဈေးလို့ခေါ်တဲ့ စျေးဟာ ကုလားတန်မြစ်အနီး ဖွင့်ထားတဲ့ ဈေးဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရက ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်း၊ ရိက္ခာ၊ လောင်စာဆီတွေ ၂၀၂၃ နှစ်ကုန် နိုဝင်ဘာလက စလို့ ပိတ်ဆို့ခဲ့တဲ့နောက်မှာ အိန္ဒိယနယ်စပ်ကနေ ပလက်ဝဒေသကို ဖြတ်သန်းပြီး နယ်စပ်ကုန်သွယ်ရေး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်က တင်သွင်းလာတဲ့ ကုန်စည်တွေ တထောက်ဖလှယ်ကြတဲ့နေရာက ကျောက်တော်မြို့ဖြစ်ပြီး အိန္ဒိယက တင်သွင်းတဲ့ ကုန်စည်တွေ ရောင်းဝယ်ကြတာကြောင့် အိန္ဒိယဈေးလို့ ခေါ်ဆိုကြတာလို့ နားလည်ရပါတယ်။
အခုလို လူစည်ကားတဲ့ ဈေးနေရာကို နေ့ခင်းမွန်းတည့်ချိန်လောက် စည်ကားနေချိန်မှာ လေကြောင်းက ဗုံးကြဲခဲ့လို့ အသေအပျောက်များပြားရတာ ဖြစ်ပါတယ်။ ဗုံးကြဲခံရပြီးနောက်မှာ မီးလောင်ကျွမ်းတာတွေ ဆက်လက်ဖြစ်ပွားတာကြောင့် ဒဏ်ရာရသူတွေ မီးလောင်မှုကြောင့် အသက်ဆုံးရှုံးရတာမျိုးလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကို လေကြောင်းတိုက်ခိုက်တာတွေက ပြီးခဲ့တဲ့နှစ်တွေကတည်းက မကြာခဏ ဖြစ်ပွားနေတာ သတင်းတွေထဲ ကြားသိနေကြရတာပါ။ မြောက်ဦးမြို့က ဆေးရုံ၊ ကျောက်တော် လူနေရပ်ကွက်၊ စာသင်ကျောင်းလို၊ ယခင် အာဏာသိမ်းစစ်အစိုးရရဲ့ တပ်နေရာလိုမျိုးတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ULA/AA အနေနဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူကလွဲလို့ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်း နဲ့ တောင်ပိုင်း သံတွဲ၊ ဂွမြို့နယ်တွေအထိ သိမ်းယူထားနိုင်ခဲ့ပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်နေတာကို မတည်မငြိမ်ဖြစ်အောင်နဲ့ အာဏာသိမ်းစစ်တပ်နဲ့ အပေးအယူလုပ် ဆွေးနွေးလာအောင် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်တာလို့ အကဲခတ်သူတွေက ကောက်ချက်ချကြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေက စစ်ရေးနဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကို ဘယ်လောက် အတိုင်းအတာအထိ ထိမှန်စေသလဲ ဆိုတာ မသိနိုင်ပေမဲ့ အရပ်သားတွေ နေထိုင်နေတဲ့ နေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဈေးတွေလို နေရာတွေကိုလည်း မကြာခဏ ပစ်မှတ်ထားလုပ်ဆောင်နေတာ ဖြစ်လို့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တာတော့ သေချာပါတယ်။
အခု ကျောက်တော် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါဝင်သူ တဦးချင်းစီကို ထိုက်တန်စွာ အပြင်းအထန် လက်တုံ့ပြန်သွားမယ်လို့ Arakan Army က ကြေညာချက် ထုတ်ပြန်ရာမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ လေကြောင်း ဗုံးကြဲမှုများတွင် အမိန့်ပေးသူ၊ အမိန့်ကို လိုက်နာပစ်ခတ်သူနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို အထူးမှတ်တမ်းတင်ထားပြီး တူညီပြီး ထိုက်တန်သည့် တုံ့ပြန်မှုကို မနှေးမကြာ လက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုလို ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့ လူစည်ကားရာနေရာကို လေကြောင်းကနေ ဗုံးကြဲနေတဲ့ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းက လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူတောင်ပိုင်းနဲ့ ထားဝယ်မြို့တို့မှာ ရေကြီး၊ မြေပြိုပြီး လူနေအိမ်တွေကို ရွှံ့နဲ့ တောင်ပြိုကျတဲ့ မြေသားတွေ ဖုံးလွှမ်းကာ လူသေဆုံးမှုတွေ ရှိနေချိန် ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇၊ ၂၈ ရက်နေ့တွေမှာ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့ နယ်ထဲက ကျေးရွာ ၂၀ နီးပါးလောက်မှာ ရေကြီး၊ မြေပြိုပြီး လူသေဆုံးမှု ဆယ်ဂဏန်းကို ကျော်လွန်လာနေတာ တွေ့ကြရမှာပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေကြီးတဲ့ ဖြစ်စဥ်နဲ့ ဆက်လျက် တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသတလျှောက်မှာ ရေကြီး၊ မြေပြိုတဲ့ ဖြစ်စဥ်တွေ ဖြစ်ပျက်နေပေမဲ့ အာဏာသိမ်းစစ်အစိုးရအနေနဲ့ ဖြစ်ပျက်ရာနေရာတွေကို ကယ်ဆယ်ကူညီရေး စေလွှတ်တာ ခုရက်ပိုင်းထိ မမြင်တွေ့ရပါဘူး။
တနင်္သာရီတိုင်း အစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ထားဝယ်မြို့ ရေကြီးတဲ့ နေရာအချို့ကို သွားရောက်ကြည့်ရှုတဲ့ သတင်းဓာတ်ပုံ တွေ့ရတာကလွဲလို့ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေဆီ သွားရောက်တာ သို့မဟုတ် အစိုးရရဲ့ ကူညီကယ်ဆယ်ရေး ဖြစ်တဲ့ မီးသတ်၊ စစ်တပ် စတဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ခြင်း မရှိဘဲ PDF နယ်မြေ ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှုတ်ဆိတ်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
စဖြစ်တဲ့ ညကနေ ၂ ရက်ကျော်လွန်လာချိန်အထိ အစိုးရ မဟုတ်တဲ့ အရပ်ဘက်ကူညီကယ်ဆယ်ရေး အဖွဲ့တွေပဲ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေက ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ ရေကြီးမြေပြို မှုကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူတွေကို ကယ်ဆယ် ကူညီပေးနေကြတာ တွေ့ရပါတယ်။
အခုလို တနင်္သာရီတိုင်းအစိုးရ အနေနဲ့ ၄င်းတို့ ထိန်းချုပ်ထားတဲ့ မြို့ပေါ် လူနေရပ်ကွက်တွေမှာ ဖြစ်ပွားတဲ့ ရေကြီးမှု ခံရသူတွေကိုသာ ရွေးပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခြင်းဟာ အတော်လေး ရုပ်ဆိုးတဲ့ အခြေအနေမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ထိခိုက်ပျက်စီးကာ လူသေဆုံးစေခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ တနင်္သာရီတိုင်းကနေ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ကို ရွေ့ပြီး မိုးသည်းထန်စွာ ရွာသွန်းတာ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်စေပြီး ဖြတ်သန်းနေချိန်မှာ အာဏာသိမ်းစစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အတူ အချို့သော ဒေသတွေကို လေကြောင်းက တိုက်ခိုက်နေတဲ့ အဖြစ်ဟာလည်း သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေထက် အာဏာနဲ့ နယ်မြေထိန်းချုပ်နိုင်ဖို့ကိုသာ အဓိကထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတွင်းသရုပ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသလိုလည်း ဖြစ်စေခဲ့ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
