ထိုင်း၊ ရုရှား နဲ့ ကမ္ဘောဒီးယား တို့နဲ့ ဆက်ဆံရေးပိုခိုင်မာအောင် ကြိုးစားနေတဲ့ မင်းအောင်လှိုင် အစိုးရ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၉ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၂၀ ၊ ၂၀၂၆
ထိုင်း၊ ရုရှား နဲ့ ကမ္ဘောဒီးယား တို့နဲ့ ဆက်ဆံရေးပိုခိုင်မာအောင် ကြိုးစားနေတဲ့ မင်းအောင်လှိုင် အစိုးရ
ရွေးကောက်ခံအစိုးရရဲ့ သမ္မတအဖြစ် ကမ္ဘာတလွှားက နိုင်ငံတွေကို လှည့်လည်နိုင်ရေးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ရွေးကောက်ပွဲကအစ ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်ပွဲ အဆုံး လိုတဲ့ ဇာတ်ညွှန်းအတိုင်းစီစဥ်လုပ်ဆောင်ထားတဲ့ အတိုင်း သမ္မတရာထူးရလာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက် ဖြစ်ပုံရပါတယ်။
ရွေးကောက်ပွဲမှာနိုင်ပြီး လွှတ်တော်မှာ သမ္မတအရွေးခံရရုံတင်သာမက ၄င်းတို့ကို ဖယ်ကြဥ်ထားခြင်းမရှိတဲ့ နိုင်ငံတွေက တရားဝင် ခရီးစဥ်အဖြစ် ဖိတ်ခေါ်တဲ့ ခရီးစဥ်တွေ သွားရောက်နိုင်ရေးဟာ သမ္မတရာထူးရပြီးနောက် ဦးစားပေးလုပ်ဆောင်ရမဲ့ လုပ်ငန်းစဥ်တွေ အဖြစ် ရည်ရွယ်ထားခဲ့ပုံရပါတယ်။
ဧပြီလဆန်းမှာ သမ္မတဖြစ်လာကာ သင်္ကြန်ရုံးပိတ်ရက်တွေပြီးတဲ့နောက်မှာတော့ အစိုးရသစ်ကို ပုံဖော်ဖို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ရင်း မြေပြင်စစ်ဆင်ရေး၊ ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ တိုးလုပ်ဆောင်ရင်း ရက် ၁၀၀ စီမံကိန်း ဆိုတာကို စတင်ခဲ့သလို နိုင်ငံတကာဆက်ဆံရေး ဘက်မှာလည်း ၄င်းတို့ကို တရားဝင်ဖိတ်ကြားမဲ့ နိုင်ငံတွေကို ထိတွေ့ဆက်သွယ်ပြီး သံတမန်ရေးအရ အထီးကျန်မဟုတ်တော့တာကို ပြသဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးပြဿနာတွေ၊ ကုန်ကြမ်းရှားပါးမှု၊ သွင်းကုန်တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရေး၊ နိုင်ငံခြားငွေ ချွေတာရေး အစီအစဥ်တွေကြောင့် နိုင်ငံခြားက တင်သွင်းတဲ့ စက်မှုလက်မှုလုပ်ငန်း အခြေခံကုန်ကြမ်းတွေ စျေးကြီးမြင့်လာနေပြီး လောင်စာဆီ တင်သွင်းမှု ချွေတာရေး လုပ်ဆောင်ချက်တွေကြောင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ စျေးနှုန်းမြင့်တက်လာနေတာ စတဲ့ ပြဿနာတွေကို ပြဿနာလို့ မရှုမြင်ဘဲ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးတာ၊ ကြီးမားတဲ့ လာဘ်ငွေပေးပြီး တင်သွင်းလာတဲ့ လူသုံးကုန်ပစ္စည်းတွေ မတန်တဆစျေးကြီးမြင့်နေတာတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရ က လျစ်လျူရှုထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရဖွဲ့ပြီးနောက် မေလကုန်မှာ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တာကနေ စတင်ပြီး ဒုတိယမြောက် ခရီးစဥ်က နောက်အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ဇွန်လထဲမှာ သွားရောက်ခဲ့ပြန်ပါတယ်။ အဲဒီနောက် အာဆီယံအဖွဲ့ဝင် နိုင်ငံထဲက အိမ်နီးချင်းလာအိုနိုင်ငံကို ဇူလိုင်လမှာ သွားရောက်ခဲ့ပြီး နောက်တလ အကြာမှာ အာဆီယံ အဖွဲ့ဝင်လည်းဖြစ် နယ်နိမိတ် ရှည်လျားစွာထိစပ်နေပြီး မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ ခရီးစဥ်ကို စတုတ္ထမြောက်အနေနဲ့ သွားရောက်ခဲ့တာပါ။
ထိုင်းနိုင်ငံခရီးစဥ်က မြန်မာနိုင်ငံအပေါ် တစိတ်တပိုင်း သံတမန်ရေးအရ အရေးယူထားတဲ့ အာဆီယံ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဖိအားသက်ရောက်စေနိုင်တဲ့ ခရီးစဥ် ဖြစ်ပြီး ထိုင်းနိုင်ငံကို သွားရောက်ပြီးနောက် သီတင်း ၂ ပတ်ခန့်အကြာမှာ ရုရှားဖက်ဒရေးရှင်းကို တရားဝင် ခရီးစဥ်အဖြစ် သွားရောက်နေတာပါ။ ရုရှားဖက်ဒရေးရှင်းအပြန်မှာ ဘီလာရုစ်ကို ဝင်ရောက်ဖို့လည်းရှိတယ်လို့ ဆိုပါတယ်။
ဒီခရီးစဥ်အပြီး နောက်လမှာတော့ အာဆီယံ အဖွဲ့ဝင်နောက်တနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကို တရားဝင်ခရီးစဥ် သွားရောက်မယ်လို့ ကြေညာလိုက်ပြန်တာ တွေ့ရပါတယ်။
ဒီ အဖြစ်အပျက်တွေကို ကြည့်ရင် စစ်တပ်ကို နောက်ကွယ်က ညွှန်ကြားနေဆဲ သမ္မတမင်းအောင်လှိုင်ကို အိမ်နီးချင်းနိုင်ငံတွေ၊ မဟာမိတ် ဖြစ်တဲ့ ရုရှားနဲ့ဘီလာရုစ် တို့ကို သွားရောက်ကာ ၄င်းတို့အစိုးရကို အခုဖေါ်ပြပါ ၆ နိုင်ငံ၊ ၇ နိုင်ငံက တရားဝင် ခရီးစဥ်တွေ ဖိတ်ခေါ်ပြီး ကျန်အသိအမှတ်မပြုသေးတဲ့ နိုင်ငံတွေအပေါ် ကြွားဝါလိုက်တဲ့ ရည်ရွယ်ချက်၊ အမျိုးသားညီညွတ်ရေး အစိုးရကို သံတမန်ရေးအရ အထီးကျန်ဖြစ်အောင် လုပ်မဲ့ ရည်ရွယ်ချက်လို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း ခရီးစဥ် သွားရောက်နေစဥ်မှာပဲ ထိုင်းနိုင်ငံကို မြန်မာစစ်တပ်ရဲ့ တပ်ချုပ် ရဲဝင်းဦးကလည်း တရားဝင် ခရီးစဥ်သွားရောက်ပြန်ပါတယ်။ ၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ လာရောက်ရင်း ထိုင်းစစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်က လက်နက်မှောင်ခို လမ်းကြောင်းတွေကို နှိမ်နှင်းဖို့ပါ မြန်မာဘက်က တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေ ပိုမိုရရှိလာအောင် ခြေလှမ်းစိပ်စိပ်နဲ့ လုပ်ဆောင်နေစဥ်မှာ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဘက်ကတော့ ယခုနှစ်ဆန်းပိုင်း အသစ်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ SCEF အမည်နဲ့ နိုင်ငံတကာကို သွားရောက်ထိတွေ့တာ စည်းရုံးတာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
SCEF ဟာ မကြာသေးမီက အနောက်နိုင်ငံတွေထဲက ကနေဒါနိုင်ငံကို သွားရောက်ခဲ့သလို အခုရက်ပိုင်းမှာ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတာတွေ လုပ်ဆောင်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ နယ်မြေ အုပ်ချုပ်မှုအရ တိုင်းဒေသလို့ သိထားကြတဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေ၊ အမျိုးသမီးကိုယ်စားပြု အဖွဲ့တွေ စတဲ့မဏ္ဍိုင် ၃ ရပ်ကို အခြေပြုဖွဲ့စည်းတယ်လို့ဆိုတဲ့ SCEF ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရလို အစိုးရတရပ် ပုံစံမဟုတ်ပဲ မဟာမိတ်အင်အားစုသဖွယ် ဖွဲ့စည်းထားပြီး နိုင်ငံတကာ အစိုးရအဖွဲ့၊ လွှတ်တော် စတဲ့အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ရည်ရွယ်ပြီး အခုလို ပြည်ပ စည်းရုံးရေးခရီးစဥ်တွေကို ဖော်ဆောင်နေတာလို့ နားလည်ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ထိုင်းခရီးစဥ်နဲ့ အခုလက်ရှိ ထိုင်းရောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ချုပ် ရဲဝင်းဦး ရဲ့ ထိုင်းခရီးစဥ်တွေဟာ ထိုင်းနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ မင်းအောင်လှိုင် အစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လာတာနဲ့အမျှ နယ်စပ်ဒေသတွေမှာ လက်နက်၊ ခဲယမ်းသယ်ယူမှုတွေ ခေတ်သစ် စစ်ပွဲတွေမှာ အရေးပါလာတဲ့ ဒရုန်းလို နည်းပညာဆိုင်ရာ ပစ္စည်း၊ အစိတ်အပိုင်းတွေ ဝယ်ယူရတာ အခက်အခဲတွေလည်း ရှိလာနိုင်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ အစိုးရအဖွဲ့တွေက မကြာခဏ အပြောင်းအလဲရှိသည့်တိုင် ထိုင်းစစ်တပ်က ဗိုလ်ချုပ်တွေက ဝန်ထမ်းတွေ ဖြစ်တာကြောင့် နိုင်ငံရေးသမားတွေထက် ပိုမိုတည်ငြိမ်တဲ့ ရာထူးရှိပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရင် ရှိသလောက် တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကို လှုပ်ရှားရခက်ခဲစေနိုင်တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်း မင်းအောင်လှိုင် အစိုးရ အနေနဲ့ သံတမန်ရေး အရ အထီးကျန်အနေအထားက တတ်နိုင်သမျှ လွတ်မြောက်အောင် ဝင်ဆံ့လာအောင် လုပ်ဆောင်နေတာတွေဟာ သံတမန်ရေးချည်း သက်သက်လို့ မှတ်ယူလို့မရဘဲ မြေပြင်မှာ စစ်ရေးအနေအထားတွေအပေါ်လည်း သက်ရောက်မှုတွေ ရှိလာနိုင်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar