Breaking News

အမေရိကားကို စွန့်ခွာသူတွေထဲမှာ ဗြိတိန်မင်းသား ဟယ်ရီနဲ့ သူ့ဇနီးလည်း ပါဝင်လာပါပြီ

အမေရိကားကို စွန့်ခွာသူတွေထဲမှာ ဗြိတိန်မင်းသား ဟယ်ရီနဲ့ သူ့ဇနီးလည်း ပါဝင်လာပါပြီ
နိုင်ငံတကာသာဂိ (မိုးမခ ဘာသာပြန်) ဩဂုတ် ၂၁၊ ၂၀၂၆

မနေ့က ခေါင်းကြီးသတင်းတခုကတော့ ဗြိတိန်ကနေ တော်ဝင်အရိုက်အရာတွေကို စွန့်ပြီး အမေရိကန်ပြည်ကို ပြောင်းရွှေ့နေထိုင်လာသူ မင်းသား ဟယ်ရီနဲ့ မိသားစုဟာ ၆ နှစ် အကြာမှာ ဗြိတိန်ကိုပဲ ပြန်သွားတော့မယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အမေရိကန် မှာ တိုင်းတပါးသားတွေကို သမ္မတကြီး ထရန့်က သဘောထားတင်းမာမှုတွေ ပြသနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သို့သော် သူတို့ကတော့ မိသားစုအရေးအတွက် မိမိမွေးရပ်မြေကို ပြန်ဖို့ ဆုံးဖြတ်တာလို့ မင်းသား ဟယ်ရီက ပြောပါတယ်။

သူတို့အကြောင်း သတင်းစာတွေက ဘယ်လို တင်ဆက်ကြသလဲ။ ဆက်လက် တင်ပြပါမယ်။

လွန်ခဲ့သည့် ၁၅ လခန့်က မင်းသားဟယ်ရီက သူ့ဇနီးနှင့် ကလေးများကို ဗြိတိန်သို့ ပြန်ခေါ်လာနိုင်မည့် အခြေအနေမျိုးကို သူ “မမြင်နိုင်ဘူး” ဟု ပြောခဲ့သည်။

ဆက်ဆက်စ်မြို့စားနှင့် မြို့စားကတော်တို့သည် တော်ဝင်မိသားစုအတွင်း ပြန်လည်ညှိနှိုင်းရန် မဖြစ်နိုင်သလောက် ဖြစ်နေသည့် သဘောထားကွဲလွဲမှုများ၏ အရင်းခံမှာ - တော်ဝင်အတွင်းရေးကို အလွန်စွက်ဖက်သည့်သတင်းမီဒီယာပတ်ဝန်းကျင်နှင့် ဘုရင်စနစ်အပေါ် သူတို့၏ ဝေဖန်မှုများကြောင့် ဒေါသထွက်နေသည့် ဗြိတိန်ပြည်သူအချို့၏ တုံ့ပြန်မှုများကြောင့်လို့ ဆိုနိုင်သည်။ သူတို့ လွန်ခဲ့သည့် ၆ နှစ်ခန့်က အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ဟယ်ရီက BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ကျွန်တော့်ကလေးတွေကို ကျွန်တော့်မွေးရပ်မြေကို မပြနိုင်တော့ဘူးဆိုတာ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်” ဟု ပြောခဲ့သည်။

ယခုတော့ မွေးရပ်မြေကို ပြနိုင်တော့မည်ဖြစ်သည်။


ဘုရင် ချားလ်စ် - ၃  ကိုပင် အံ့အားသင့်စေခဲ့ပုံရသည့် ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် ဟယ်ရီနှင့် မက်ဂန်တို့သည် လာမည့်ရက်သတ္တပတ်များအတွင်း ဗြိတိန်သို့ ပြန်လည်အခြေချရန် စီစဉ်နေကြသည်။ သူတို့၏ ကလေးများဖြစ်သည့် အသက် ၇ နှစ်အရွယ် အာချီနှင့် အသက် ၅ နှစ်အရွယ် လီလီဘက်တို့လည်း ဗြိတိန်ရှိ ကျောင်းများတွင် တက်ရောက်မည်ဖြစ်သည်။ တော်ဝင်မိသားစုအရေး စောင့်ကြည့်လေ့လာသူများအဆိုအရ မိသားစုသည် လန်ဒန်မြို့ပြင်ဘက်ရှိ သီးသန့်နေအိမ်တစ်ခုတွင် နေထိုင်ဖွယ်ရှိသည်။

ဗြိတိန်ရှိ လူအများအပြား မေးနေကြသည့် မေးခွန်းကတော့ — ဘာကြောင့် စိတ်ပြောင်းသွားခဲ့သလဲ ဆိုတာဖြစ်သည်။

တော်ဝင်မိသားစုအရေး လေ့လာသူများအဆိုအရ အဖြေ၏ တစ်စိတ်တစ်ပိုင်းမှာ ဟယ်ရီ၏ ကလေးများကို သူကိုယ်တိုင် ကောင်းမွန်စွာ မှတ်မိနေသည့် ကလေးဘဝပုံစံမျိုးဖြင့် ကြီးပြင်းစေလိုသည့် ဆန္ဒနှင့် ဆက်နွှယ်နေနိုင်သည်။ သို့သော် သူ အမြဲတမ်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် လူထု၏ အာရုံစိုက်မှုနှင့် သတင်းမီဒီယာများ၏ အနီးကပ်စောင့်ကြည့်မှုမျိုးတော့ မပါဝင်စေလိုပေ။

၂၀၂၃ ခုနှစ်တွင် သူ့မိသားစု၏ လုံခြုံရေးဆိုင်ရာ တရားရုံးကြားနာမှုတစ်ခု၌ သူ့ရှေ့နေက ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် ဟယ်ရီက ဗြိတိန်နိုင်ငံသည် “ကျွန်တော့်ကလေးတွေရဲ့ အမွေအနှစ်အတွက် အဓိကကျတဲ့ နေရာဖြစ်ပြီး၊ အခု သူတို့နေထိုင်နေတဲ့ အမေရိကန်မှာလိုပဲ ဒီနေရာကိုလည်း သူတို့ရဲ့ အိမ်လို့ ခံစားစေချင်တဲ့ နေရာဖြစ်တယ်” ဟု ဆိုခဲ့သည်။

“သူတို့က ကလေးတွေကို အမေရိကန်နိုင်ငံသားတွေအဖြစ် ကြီးပြင်းစေချင်သလို ဗြိတိန်နိုင်ငံသားတွေအဖြစ်လည်း ကြီးပြင်းစေချင်ကြတာပါ” ဟု After Elizabeth: Can the Monarchy Save Itself? စာအုပ်ရေးသားသူနှင့် Royal Historical Society အဖွဲ့ဝင် Ed Owens က ပြောသည်။

“ကလေးတွေကို သူတို့ဖခင်ရဲ့ နိုင်ငံက အစဉ်အလာ၊ ယဉ်ကျေးမှု၊ သမိုင်းနဲ့ အမွေအနှစ်တွေကို နားလည်ခံယူစေချင်တာပါ” ဟု သူက ဆိုသည်။

သို့သော် အခြားအကြောင်းရင်းများလည်း ရှိနေသည်။

အရေးအကြီးဆုံး အကြောင်းရင်းတစ်ခုမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် သူ့ဖခင် ဘုရင်ချားလ်စ်နှင့် ဆက်ဆံရေးကို ပိုမိုပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်မည့် အခွင့်အရေး ဖြစ်နိုင်သည်။

ဘက်ကင်ဟမ်နန်းတော်က ချားလ်စ်သည် ကုသမှုကို ကောင်းမွန်စွာ တုံ့ပြန်နေကြောင်း ပြောထားသော်လည်း ဟယ်ရီက ယမန်နှစ် BBC တွေ့ဆုံမေးမြန်းခန်းတွင် “ကျွန်တော့်ဖခင် ဘယ်လောက်ကြာကြာ အသက်ရှင်နေဦးမလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ပြောခဲ့သည်။

ထို BBC တွေ့ဆုံမေးမြန်းခန်းသည် လွန်ခဲ့သည့် ခြောက်နှစ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဖက်တစ်ချက်မှ ဟယ်ရီနှင့် မက်ဂန်တို့ ဆင်နွှဲခဲ့သည့် ထူးထူးခြားခြား လူသိရှင်ကြား ဝေဖန်ချက်ထဲက တခုဖြစ်ပါသည်။

Oprah Winfrey နှင့် တွေ့ဆုံမေးမြန်းခန်း၊ Spare အမည်ရှိ စာအုပ်နှင့် အပိုင်းခြောက်ပိုင်းပါ Netflix မှတ်တမ်းရုပ်ရှင်တို့မှတစ်ဆင့် ဟယ်ရီသည် တော်ဝင်မိသားစုအပေါ် ယခင်တော်ဝင်မိသားစုဝင်ဟောင်းများ မလုပ်ဝံ့ခဲ့သည့် အတိုင်းအတာအထိ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထိုအခြေအနေများကြောင့် မိသားစုအချို့အတွက် ဘယ်တော့မှ ပြန်လည်ပြုပြင်၍ မရနိုင်သည့် အကွဲအပြဲမျိုး ဖြစ်ပေါ်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဟယ်ရီသည် လန်ဒန်ရှိ ဘုရင်၏ နေအိမ်၌ ဖခင်ဖြစ်သူနှင့် လက်ဖက်ရည်သောက်တွေ့ဆုံခဲ့သည်။ ယင်းသည် သူတို့နှစ်ဦးအကြား ကွဲလွဲမှုကို ပြန်လည်ပြုပြင်ရန် ပထမဆုံးခြေလှမ်းတစ်ရပ် ဖြစ်ပုံရသည်။

ပြီးခဲ့သည့်လကလည်း ဟယ်ရီနှင့် မက်ဂန်တို့သည် ကလေးများကို ဗြိတိန်ခရီးစဉ်သို့ ခေါ်ဆောင်လာခဲ့ရာ ဖခင်နှင့် သားအကြား အေးစက်နေသည့် ဆက်ဆံရေး အနည်းငယ် ပျော့ပျောင်းလာပုံရသည်။

မိသားစုသည် လန်ဒန်မြို့ပြင်ရှိ တော်ဝင်နေအိမ်တစ်ခုဖြစ်သည့် Highgrove House တွင် ချားလ်စ်နှင့် မိဘုရား ကာမီလာတို့ကို သီးသန့်တွေ့ဆုံခဲ့သည်။ သို့သော် ထိုတွေ့ဆုံမှုအကြောင်း သိရှိသူတစ်ဦး၏ ပြောကြားချက်အရ ဗြိတိန်သို့ အမြဲတမ်းပြန်လည်ပြောင်းရွှေ့နေထိုင်ရေးကိစ္စကို ထိုအချိန်က မဆွေးနွေးခဲ့ကြပေ။

လာမည့်ပြောင်းရွှေ့မှုအတွက် အကြောင်းရင်းတစ်ခုမှာ ဘုရင်နှင့် အချိန်ပိုမိုကုန်ဆုံးနိုင်ရန် ဖြစ်ပါက ဟယ်ရီ၏ အစ်ကိုဖြစ်သူ ဝေလမင်းသား ဝီလျံနှင့် အလားတူ ပြန်လည်သင့်မြတ်မှု ဖြစ်ပေါ်လာရန်မှာ မဖြစ်နိုင်သေးပုံရသည်။

ဟယ်ရီက တော်ဝင်မိသားစုအကြောင်း အတွင်းရေးများ ဖော်ပြထားသည့် စာအုပ်ရေးသားခဲ့ခြင်းအပေါ် ဝီလျံက အလွန်ဒေါသထွက်နေသည်ဟု ဆိုကြသည်။ ဟယ်ရီကိုယ်တိုင်လည်း BBC တွေ့ဆုံမေးမြန်းခန်းတွင် “ကျွန်တော့်မိသားစုထဲက တချို့ကတော့ ကျွန်တော့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး” ဟု ဝန်ခံခဲ့သည်။

Divide and Rule: Royal Women and Their Battles စာအုပ်ရေးသားသူ Catherine Mayer က ဝီလျံ၏ လူသိရှင်ကြား တိတ်ဆိတ်နေမှုနှင့် ဟယ်ရီကို တွေ့ဆုံရန်ပင် ဆန္ဒမရှိသည့် အခြေအနေကိုကြည့်လျှင် ဝီလျံသည် “ဆက်ဆံရေးပြန်လည်ပြုပြင်ဖို့ အဆင်သင့်မဖြစ်သေးသလို၊ အဲဒီလိုလုပ်ဖို့ လိုအပ်တဲ့ ယုံကြည်မှုအဆင့်လည်း မရှိသေးပုံရတယ်” ဟု ပြောသည်။

“ဝီလျံနဲ့ ဟယ်ရီ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ ကလေးဘဝက စိတ်ဒဏ်ရာတွေကို သယ်ဆောင်ထားရမှာဖြစ်ပြီး အဲဒါက ဘယ်ကိစ္စကိုမဆို သူတို့တုံ့ပြန်ပုံတွေကို ပိုရှုပ်ထွေးစေလိမ့်မယ်” ဟုလည်း သူက ဆိုသည်။

နောက်ထပ် ပြဿနာတစ်ခုမှာ မိသားစု၏ လုံခြုံရေးဖြစ်သည်။

ဟယ်ရီသည် တော်ဝင်မိသားစုအဖြစ်မှ နုတ်ထွက်ပြီးနောက် ရုပ်သိမ်းခံခဲ့ရသည့် ရဲလုံခြုံရေးအစီအစဉ်ကို အစိုးရက ပြန်လည်ပေးအပ်မှုမရှိမချင်း ဗြိတိန်သို့ မပြန်နိုင်ကြောင်း နှစ်ပေါင်းများစွာ ပြောဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို စိန်ခေါ်သည့် ဟယ်ရီ၏ တရားရေးကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ ကြာသပတေးနေ့တွင် ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ဝန်ကြီးချုပ် Andy Burnham က ဟယ်ရီနှင့် မက်ဂန်အတွက် သင့်လျော်သည့် လုံခြုံရေးအဆင့် သတ်မှတ်ရေးသည် သူတို့မိသားစု၏ “ပုဂ္ဂလိကကိစ္စ” ဖြစ်ကြောင်း ပြောသည်။

Owens က ဟယ်ရီ၏ ဗြိတိန်သို့ ပြန်လာမည့် ဆုံးဖြတ်ချက်ကို ၁၉၃၆ ခုနှစ်တွင် Wallis Simpson နှင့် လက်ထပ်ရန် ထီးနန်းစွန့်ခဲ့သည့် Edward VIII ၏ သမိုင်းနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။ “သူတို့ဟာ ဗြိတိန်တော်ဝင်မိသားစုတစ်ခုလုံးနဲ့ ဘယ်တော့မှ ပြန်လည်သင့်မြတ်နိုင်ခြင်း မရှိခဲ့ကြဘူး။ နောက်ဆုံးမှာတော့ စိတ်နာကြည်းမှုတွေနဲ့၊ အထီးကျန်စွာ၊ မိသားစုနဲ့ ကင်းကွာပြီး နိုင်ငံခြားမှာ နေထိုင်ရင်း သေဆုံးသွားခဲ့ကြတယ်” ဟု Owens က ဆိုသည်။

နောက်ထပ် အရေးကြီးသည့်အချက်မှာ ဗြိတိန်သတင်းမီဒီယာ ဖြစ်သည်။

ဟယ်ရီသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဗြိတိန်၏ တက်ဘလွိုက် (အဝါရောင်) သတင်းစာသမားများကို စစ်ကြေညာသကဲ့သို့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ပြီး သူ့မိသားစုကို အကြောင်းပြုကာ သတင်းမီဒီယာများက အလွန်အကျွံ ဝိုင်းဝန်း နှောက်ယှက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ဖုန်းခိုးနားထောင်မှုနှင့် ပုဂ္ဂလိကစုံထောက်များ အသုံးပြုမှုတို့နှင့်ပတ်သက်၍ The Daily Mirror နှင့် The Sun သတင်းစာထုတ်ဝေသူများကို တရားစွဲဆိုခဲ့သည့် အမှုများတွင် သူအနိုင်ရခဲ့သည်။ ပိုမိုမကြာသေးမီက The Daily Mail က သူ့ကို လျှို့ဝှက်အသံဖမ်းခြင်းနှင့် ဆက်သွယ်ရေးလိုင်းများ ကြားဖြတ်နားထောင်ခြင်း ပြုလုပ်ခဲ့သည်ဆိုသည့် သူ၏စွပ်စွဲချက်များကိုမူ တရားရုံးက ပယ်ချခဲ့သည်။

ယခု ထိုတရားရေးအမှုများ ပြီးဆုံးသွားပြီဖြစ်သဖြင့် ဟယ်ရီနှင့် မက်ဂန်တို့ကို ဗြိတိန်မီဒီယာရှိ သူတို့၏ဝေဖန်သူများက မည်သို့ဆက်ဆံမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

တော်ဝင်မိသားစုအရေး လေ့လာသူများက မိသားစုသည် လူအများ၏ အာရုံစိုက်မှုမှ တတ်နိုင်သမျှ ဝေးဝေးနေရန် ကြိုးစားမည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် လန်ဒန်နှင့် ထိုမြို့တွင် အခြေစိုက်သည့် တက်ဘလွိုက်မီဒီယာများနှင့် ဝေးရာ နေရာတစ်ခုကို နေထိုင်ရန် ရွေးချယ်ဖွယ်ရှိသည်။

သို့သော် လက်တွေ့တွင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲနိုင်သည်။ ဟယ်ရီနှင့် မက်ဂန်တို့၏ ဘဝနေထိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာအလုပ်များတွင် လူသိများသည့် ပရဟိတလုပ်ငန်းများ၊ Netflix နှင့် သဘောတူညီချက်များနှင့် အခြားသော လူသိရှင်ကြား လှုပ်ရှားမှုများ ပါဝင်နေသောကြောင့်ဖြစ်သည်။

Mayer က သူတို့လုပ်ကိုင်နေသည့် အလုပ်အများစုမှာ “လူသိရှင်ကြား အာရုံစိုက်ခံရတဲ့ အလုပ်တွေ” ဖြစ်ကြောင်း ထောက်ပြပြီး “သူတို့ ပျောက်ကွယ်သွားသလိုမျိုး နေထိုင်တာကိုတော့ မြင်ရမယ် မထင်ဘူး” ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ သူတို့မိသားစု ဗြိတိန်သို့ ပြန်လာခြင်းသည် ဟယ်ရီနှင့် မက်ဂန်အပေါ် သဘောထားကွဲပြားနေဆဲဖြစ်သည့် ဗြိတိန်ပြည်သူများ၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိမည်ဖြစ်သည်။

မကြာသေးမီက လူထုစစ်တမ်းများအရ ဗြိတိန်ပြည်သူအများစုသည် ဟယ်ရီနှင့် မက်ဂန်တို့နှစ်ဦးစလုံးအပေါ် အပြုသဘောမဆောင်သည့် အမြင်ရှိကြပြီး အထူးသဖြင့် ဟယ်ရီ၏ အစ်ကို ဝီလျံနှင့် ဇနီး ကိတ်တို့နှင့် နှိုင်းယှဉ်ပါက ပိုမိုဆိုးရွားသည်။

သို့သော် ဟယ်ရီနှင့် မက်ဂန်တို့သည် ဗြိတိန်၏ လူငယ်မျိုးဆက်များအကြားတွင် လူကြိုက်များနေဆဲဖြစ်သည်။

“ဒီအချက်ကိုကြည့်ရင် သူတို့ ပြန်လာမှုကနေ ထွက်ပေါ်လာနိုင်တဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတချို့ဟာ တော်ဝင်မိသားစုအပေါ်လည်း သက်ရောက်လာနိုင်ပါတယ်” ဟု Owens က ပြောသည်။ “အထူးသဖြင့် တော်ဝင်မိသားစုက လူငယ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဆက်သွယ်နိုင်ဖို့ ဆက်လက်ရုန်းကန်နေရတဲ့ အချိန်မျိုးမှာပေါ့။”

ဘာသာပြန်သူ၏ အာဘော် - အမေရိကားကနေ စွန့်ခွာကြသူတွေ များပြားလာတယ်လို့ သတင်းတွေက ရေးကြပါတယ်။ တိုင်းတပါးက ရွှေ့ပြောင်းလာသူတွေကို လက်ရှိ ထရန့်အစိုးရက သဘောထားတင်းမာစွာ ဆက်ဆံတာကြောင့် တိုင်းတပါးသားတွေဟာ သူတို့သဘောမပါဘဲ နေရပ်ပြန်နေကြရသလို တချို့တွေကလည်း သူတို့သဘောနဲ့သူတို့ အမေရိကန်ကို စွန့်ခွာကြပါတယ်။ အမေရိကန် နိုင်ငံသားတွေကိုယ်တိုင်ကလည်း ထရန့်အစိုးရကို မနှစ်မြို့လို့ တိုင်းတပါးကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ထရန့် ပြောတာကတော့ တရားမဝင်နေထိုင်သူ လူ ၂ သန်းကို နှင်ထုတ်နိုင်ခဲ့ပြီလို့ ကြေညာထားပါတယ်။ အမေရိကန်သားတွေထဲက လူ ၂ သိန်းခန့်ကတော့ ထရန့်လက်ထက်မှာ ပြည်ပကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ခန့်မှန်းပါတယ်။ အမေရိကန် ၇ သိန်းလောက်ကတော့ ပြည်ပမှာ ပင်စင်လစာထုတ်ပြီး ဝေးဝေးနေကြတယ်လို့ ဆိုပါတယ်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar