ဆယ်ပေါင်တူ - မှားပြီးရင်း မှားသွားသော အလကားကျော်စွာဘွဲ့ရ ဘောမ
ဆယ်ပေါင်တူ - မှားပြီးရင်း မှားသွားသော အလကားကျော်စွာဘွဲ့ရ ဘောမ
မိုးမခ ၊ ဩဂုတ် ၃၀ ၊ ၂၀၂၆
‘မင်း ကေတီဗွီရုံနဲ့ ငါ့ဇာတ်ထဲမှာသုံးတဲ့ ဆံပင်တုနဲ့က ဘာဆိုင်လို့လဲ’
လမ်းထိပ်က ကေတီဗွီရုံပိုင်ရှင်က သူ့ဆီမှာ ကာရာအိုကေ လာဆိုတဲ့သူတွေအတွက်ဆိုပြီး ဇာတ်ဆရာ ‘ပိဿာစိန်’ ဆီက ဆံပင်တုတွေ ကသောကမျောနဲ့ လာငှားလို့၊ နားမလည်နိုင်တဲ့ ပိဿာစိန်က အခုလို ပြန်မေးခွန်းထုတ်လိုက်တယ်။
တစ်လမ်းတည်း ဆွေလိုမျိုးလို နေထိုင်ကြတဲ့သူတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာနာစရာ မရှိကြဘူး။ တစ်အိမ်နဲ့တစ်အိမ် သူ့ပစ္စည်း ကိုယ့်ပစ္စည်း ဒီလိုပဲ ရပ်ကွက်ထဲမှာ အပြန်အလှန် ငှားရမ်းပေးနေကျ။ ဒါပေမဲ့ အခုလာငှားတာက သူ့ဇာတ်ထဲမှာသုံးတဲ့ ဇာတ်ပစ္စည်းဆိုတော့ ပိဿာစိန်က လက်လွတ်စပယ် မပေးလိုက်ချင်ဘူး။ သူ့ခေါင်းထဲ ဆက်စဉ်းစားမိလိုက်တာက အဲဒီဆံပင်တုတွေကို ကာရာအိုကေဆိုင်မှာ ဘာအတွက် လိုရပြန်တာလဲပေါ့။
‘ရှင်းပြဖို့ အချိန်မရှိလို့ပါဗျ၊ ပေးသာပေးလိုက်စမ်းပါ။ ကျွန်တော့်ဆိုင်မှာ အဲဒီဆံပင်တုတွေမရှိရင် ရှိတဲ့ဆိုင် သွားဆိုကြမယ်ဆိုလို့၊ ကတ်စတန်မာ လွတ်မသွားချင်လို့။ ပြီးရင် ဆိုင်ဘက်ကိုသာ လိုက်ခဲ့၊ ပိဿာစိန်ကြီး သဘောပေါက်သွားလိမ့်မယ်’
အလောသုံးဆယ် ဖြစ်နေတာမို့ ထပ်မေးမနေတော့ဘဲ ဆံပင်တုတွေ ငှားလိုက်တယ်။ ပြီးတော့ သူလည်း သိချင်စိတ်နဲ့ ကေတီဗွီဘက် ထွက်လာခဲ့တယ်။ ဟိုရောက်တော့ ရပ်ကွက်ထဲက ကောင်မလေးတွေကို သူ့ဆီက ငှားသွားတဲ့ ဆံပင်တုတွေစွပ်ပြီး ရယ်ရယ်မောမောနဲ့ ကာရာအိုကေ ဆိုနေကြတာ တွေ့လိုက်ရတယ်။ အင်း .. ဆိုတဲ့အထဲ ကောင်လေးတွေရော ပါနေတာပါလား၊ တခြားအခန်းတွေ ကြည့်ပြန်တော့လည်း အရွယ်သုံးပါး ကျားမမရွေးလို့ ဆိုရအောင် သူ့ပေးလိုက်တဲ့ ဆံပင်တုတွေတပ်ပြီး အပီအပြင် ဟဲနေလိုက်ကြတာ။ သီချင်းကတော့ အဲဒီသီချင်း တစ်ပုဒ်တည်း။
မှား..လား ဆံပင်တုတပ် ‘က’ တာ မှားလား တို့ဘောမမိတာ မှားလား တို့ အရမ်းပဲ သိချင်သည်
မှား..လား အို… ဘောမမိတာ မှားလား ဆံပင်တုတပ် ‘က’ တာ မှားလား တို့ မှားသွားသလားကွယ်
အသက်ကြီးပေမယ့်လည်း လတ်တလော ဖြစ်ပျက်နေတာတွေနဲ့ မျက်ခြေမပြတ်တဲ့ ပိဿာစိန်တစ်ယောက်၊ ဘွိုင်းကောက်လုပ်ခံရတဲ့ ‘အလကားကျော်စွာ’ ဘွဲ့ရ အဆိုတော်မင်းသမီးကို လှောင်ပြောင်ချင်လို့ ဆံပင်တုတွေနဲ့ ကာရာအိုကေ ဆိုနေကြမှန်း ချက်ချင်း သူ သဘောပေါက်သွားတယ်။
မှားလားဆိုရင်တော့ မှားတယ်လို့ပဲ ပြောရမှာ။ တစ်ကြိမ်တည်းမှားတာ မဟုတ်ဘူး၊ နှစ်ကြိမ် နှစ်ထပ်ကွမ်း မှားတာလို့လည်း စိတ်ထဲက တွေးလိုက်မိတယ်။ ကြင်စိုးတို့လို ကောင်စားတွေရဲ့ ဘောမဖြစ်လိုက်တာက ပထမအမှား၊ ဒုတိယအမှားက ပြည်သူတွေကို မထီမဲ့မြင် ပြုမိလိုက်တာပဲ။ စိန်ခေါ်လိုက်တာလို့လည်း ပြောလို့ရတယ်။
တကယ်က အနုပညာသမားဆိုတာ ပြည်သူ့မျက်နှာကိုပဲ ကြည့်ကြရမှာလေ။ ပြည်သူကို ထမင်းရှင်လို့ သတ်မှတ်ပြီး၊ တစ်တိုင်းပြည်လုံး တောင်ပေါ်မြေပြန့်မခွဲ၊ ကြီးငယ်မရွေး နည်းမျိုးစုံသုံး၊ ဗုံးကြဲ သတ်ဖြတ်နှိပ်စက်နေသူတွေကိုကျ မသိချင်ယောင်ဆောင်နေလို့ ဘယ်ရနိုင်ပါ့မလဲ။
ထားပါတော့ သူ့အရပ်နဲ့သူ့ဇာတ်လို့ပဲ ပြောပြော၊ ကြင်စိုးဘောကို ‘မ’ ချင်တဲ့ သူတွေကလည်း သပ်သပ်ကို ရှိကြတယ်။ မသိမသာ မမ၊ သိသိသာသာ မမ၊ ကြင်စိုးဆို အသေမုန်းကြတဲ့ ပြည်သူတွေအပေါ် စော်ကားရာ မရောက်အောင် နေနေကြသူတွေ ရှိတယ်။ အခုလို အုတ်အော်သောင်းနင်း မဖြစ်အောင် သိုသိုသိပ်သိပ် နေနေကြတယ်။ ဘယ်သူကမှ ပြည်သူတွေရဲ့ တံတွေးခွက်ထဲ မမျောချင်ကြဘူးလေ။
စဉ်းစားတတ်မယ်ဆိုရင် ‘ဂရိတ်ဦးဖိုးစိန်’ လို တစ်ခေတ်မှာတစ်ယောက်လို့ ပြောနိုင်တဲ့ ပြည်ချစ်အနုပညာရှင် ဇာတ်မင်းသားကြီးတောင် ၁၉၂၀ ပထမကျောင်းသားသပိတ်မှာ ပြောဆိုရပ်တည်မှု မှားယွင်းသွားတဲ့အတွက် တစ်ပြည်လုံး ဝိုင်းသပိတ်မှောက်တာ ခံခဲ့ရတာ။ နောက်ဆုံး သူ ပြန်တောင်းပန်ယူခဲ့ရတယ်။ ဦးဖိုးစိန်ရဲ့ အရှိန်အဝါနဲ့ ယှဉ်ရင် အခုကြင်စိုးရဲ့ ဘောမတစ်သိုက်က ဘာများဟုတ်သေးလို့လဲ၊ ယှဉ်လို့ကို မရတာ။
ခါတိုင်းဆို ကေတီဗွီတွေက ညသန်းခေါင်အထိ လူတွေက မစဲဘူး။ အခုကျတော့ ခုန ဆိုနေကြ ပျော်နေကြတဲ့ အရွယ်ကောင်းလေးတွေ အလျှိုလျှို ပျောက်ကုန်ကြပြီ။ ညနက်တဲ့အထိ သူတို့ ဘယ်နေရဲကြပါ့မလဲ၊ ‘အသွားကေတီဗွီ၊ အပြန်ပေါ်တာ’ ဖြစ်မှာစိုးပြီး ပြန်ကုန်ကြပြီ။ ကြင်စိုးပေါ်တာ အဖြစ်မခံတာကိုကလည်း တော်လှန်ရေးကို ကူညီရာရောက်တယ်လို့ ပိဿာစိန် တွေးမိတယ်။ ဟုတ်တယ်လေ၊ ဒီပေါ်တာ ပ.စ တွေနဲ့ပဲ ကြင်စိုးတို့တတွေ အသက်ဆက်နေကြရတာ။
အပြန်လမ်းမှာတော့ ပိဿာစိန်လည်း သူ နားရည်ဝသွားတဲ့ ‘မှားလား’ သီချင်းအလိုက်ကို ညည်းပြီး ပြန်လာခဲ့တယ်။ သူကလည်း ခေသူမဟုတ်တဲ့ ဇာတ်သမားကြီးဆိုတော့ စာသားပြောင်းဆိုလိုက်တာပေါ့။
‘မှားသွား ကြင်စိုးမွေးမိတာ မှားသွား’ ဆိုပြီးတော့။
ဒါလည်း ဟုတ်တာပဲ၊ ကြင်စိုးလို၊ ကြင်စိုးလို စိတ်ဓာတ်ရှိသူတွေကို ဒီမြန်မာပြည်ကြီးမှာ မွေးခဲ့မိတာကိုက ဧရာမ အမှားကြီးပဲ။ သူတို့မိဘတွေသာ ရှိနေခဲ့ရင် မွေးမိတာ မှားပါတယ်ဆိုပြီး ပိဿာစိန်ရဲ့ စာသားလို နောင်တသံနဲ့ ဆိုသင့်ကြတာပေါ့။
အတွေးကိုဖြတ်ပြီး သူ့ရဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်တယ်။ ဒီအသက်အရွယ်ကြီး ပေါ်တာတော့ မဆွဲလောက်ပါဘူးလို့ တစ်ထစ်ချ တွက်ထားလို့မှ မရတာ။ ဒင်းက ပြောထားပြီးသား၊ မလုပ်ရဲတာ ဘာမှမရှိဘူးတဲ့။ အင်းလေ… လုပ်တတ်တာလည်း ဘာမှမရှိပါဘူးဆိုပြီး တစ်ဆက်တည်း သူ တွေးနေမိလိုက်တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar