နေသွင်ညိဏ်း - အယ်ဒီတာများ ကျဆုံးချိန်
အယ်ဒီတာများ ကျဆုံးချိန်
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၆
ပြဿနာကတော့ အားလုံး အယ်ဂရစ်သမ် နောက်လိုက်ကြတာပဲ။ အရင် ၂ နှစ်က ကျနော်လည်း အကြောင်းတိုက်ဆိုင်ပြည့်စုံတာနဲ့ နိုင်ငံတကာသတင်းစာပညာ မဟာတန်းတက်လိုက်တယ်။ အဆိုင်းမင့်တွေမှာ ဆရာတွေက Engage ဖြစ်အောင်လုပ်ဆိုတာချည်းပဲ။ ဆရာတယောက်လာလည်း ဒါပဲ။ နောက်တယောက်လာလည်း ဒါပဲ။ အမှန်ပြောရရင် ကျနော်က တသက်လုံး လက်တွေ့ဂျာနယ်လစ်လုပ်လာတာ ဒီသဘောတရားကိုသိပါတယ်။ လူစိတ်ဝင်စားအောင်၊ ပရိသတ်တွေ လူတွေပါ အစီ အစဉ်ထဲ ပါလာအောင်၊ ဆွေးနွေးလာအောင် လုပ်ရတာပေါ့။ အစီအစဉ်တွေ ပုံစံချတဲ့အခါ ဒီဇိုင်းချတဲ့အခါ ဒါကို စဉ်းစားရတယ်။ ပရိသတ်ကို ပါဝင်လာအောင် ဘယ်လို လုပ်မလဲ ဘာညာပေါ့။
နောက်ကျနော်တို့ စာတမ်းတွေလေ့လာရတယ်။ သတင်းအားလုံးမှာ ဘယ်သတင်းကလူကြိုက်အများဆုံးလဲ။ အဖြေက သတင်းဆိုးတွေတဲ့။ ဒါက အွန်လိုင်း အယ်ဒီတာတွေကလည်း သိပါတယ်။ ဒီတော့ လူဖတ်များအောင်လုပ်ဆို အယ်ဒီတာတွေကလည်း သတင်းဆိုးတွေရှာတင်တော့တယ်။
အယ်ဂရစ်သမ်တွေက အယ်ဒီတာတွေထက်ပိုဆိုးတယ်။ လောဘ၊ ဒေါသ၊ မောဟကဲတဲ့ စာတွေ လူဖတ်များတာကို အကြောင်းပြုလို့ ဒါမျိုးတွေချည်း suggestion လာပေးတော့တယ်။ ဒီလိုနဲ့ လူတွေကလည်း ဒါတွေ ဖတ်ကြ၊ ရှယ်ကြ၊ ဒါမျိုးတွေ အယ်ဂရစ်သမ်က ထပ်ဖြန့်ပြီး ဒါမျိုးတွေ တမိုးလုံးဖျောက်ဆိတ်ဖြစ်လာတော့တယ်။
လူတွေရဲ့ စိတ်ကို ဆွချင်ရင် ခလုတ် ၃ ခုကို နှိပ်ရုံပဲတဲ့။ လောဘခလုတ်၊ ဒေါသခလုတ်နဲ့ မောဟခလုတ်။ အဂတိလေးပါးထဲ လောဘ၊ ဒေါသ၊ မောဟ၊ ဘယာ တို့ပါတယ်။ အကြောက်တရား၊ လူတွေကို ကြောက်အောင် လုပ်တာကလည်း ဆွဲဆောင်ခြင်းတမျိုးပဲ။ အယ်ဂရစ်သမ်က ဒီခလုတ်တွေကို တချိန်လုံး လျှောက်နှိပ်နေတော့တယ်။
အယ်ဒီတာတွေဆိုတာဟာ အရင်ခေတ်ကတော့ အလွန်သိက္ခာရှိတဲ့ လူတမျိုးပဲ။ ကျနော်တို့ သတင်း စာလောကထဲ ရောက်လာတာ ဒီလို သိက္ခာရှိတဲ့အယ်ဒီတာတွေ အားကျတာက အဓိကပဲ။ ငယ်ငယ်က အိုးဝေ အယ်ဒီတာ အောင်ဆန်းကို အားကျတယ်၊ နောက် ညိုမြ အားကျတယ်။ နောက် သူလ်ိုလူထဲက ဦးချစ်မောင် အားကျ၊ နောက် တာရာအယ်ဒီတာ ဒဂုန်တာရာ အားကျ၊ နောက် လင်းယုန်အယ်ဒီတာ ဗန်းမော်တင်အောင် အားကျ၊ လူထုဦးလှ အားကျ၊ ဦးဝင်းတင် အားကျ စသဖြင့် စသဖြင့်။
ဒါပေမယ့် ကျနော်တို့ခေတ်ရောက်လာတော့ စာမရေးတဲ့ အယ်ဒီတာတွေ၊ စာလုပ်သူမဟုတ်တဲ့ စာစုသူ၊ စာထုတ်သူအယ်ဒီတာတွေကို တွေ့လာရတယ်၊ ဆိုလိုတာက သူတို့က စာမရေးဘူး၊ သူများရေးတဲ့ စာတွေကို လက်ခံထုတ်လုပ်ပေးသူတွေ။ ကျနော် သိပါတယ်။ အယ်ဒီတာဘဝဆိုတာ စာရေးဆရာ တယောက်ရဲ့အဆုံးသတ်ဆိုတဲ့ စကား။ ဒါက တခြားလူတွေရဲ့ စာမူတွေကို တည်းဖြတ်ရ၊ ပြင်ဆင်ရတာနဲ့ မအားတော့လို့ ဖြစ်ရတာ။ နောက်တနည်းပြောရရင် အင်မတန် အရည်အချင်းအတွေ့အကြုံ ဗဟုသုတများတဲ့ စာရေးဆရာသာ အယ်ဒီတာခုံမှာ ထိုင်ရတာ။
ဒါပေမယ့် နောက်ပိုင်းခေတ်မှာတော့ အယ်ဒီတာတွေက မိုးဦးကျမှိုပေါက်သလို။ တဘဝလုံး မှတ်သားလောက်အောင် မယ်မယ်ရရ စာမရေးဖူးသူတွေလည်း အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ လုပ်ကြတယ်။ တချို့လည်း ဒိုနာနဲ့အဆက်သွယ်ရှိလို့၊ ငွေရှာတတ်တာနဲ့ အယ်ဒီတာဖြစ်၊ အယ်ဒီတာချုပ်နဲ့ အဆင်ပြေလို့ အယ်ဒီတာ ဖြစ်။ တချို့ဆိုလည်း စာရေးဖို့မပြောနဲ့။ စာတောင် အစုံဖတ်ဖူးရဲ့လား မသိ။ အဓိပ္ပါယ်က အယ်ဒီတာတွေ အလုပ်မှာ အဓိပ္ပါယ်တွေ အနှစ်သာရတွေ ရွေ့ကုန်တဲ့သဘောကို ပြောပြချင်တာ။
အယ်ဒီတာက ဘာလို့ အရေးကြီးလဲ။ နည်းနည်းလေး စဉ်းစားကြည့်ရင် သတင်းစာ အယ်ဒီတာနမူနာ ဆိုပါတော့၊ နေ့စဉ် ဖြစ်ပျက်နေတာ အများကြီးထဲက ဘယ်အရာကို လူတွေ သိသင့်သိထိုက်လဲ ဘယ်အကြောင်းကို သူ့သတင်းစာမှာ ဖော်ပြမလဲဆုံးဖြတ်ပေးရတယ်။ နိုင်ငံရေး၊ လူမှုရေးကိစ္စတခုနဲ့ ပတ် သက်လို့ ဘယ်လိုအမြင်ဟာ လူတွေ သိထိုက်တဲ့အမြင်ဆိုပြီး ဆုံးဖြတ်ပေးရတယ်။ ဘယ်သတင်း၊ ဘယ်အကြောင်းအရာ၊ ဘယ်ဆောင်းပါး၊ ဘယ်ကာတွန်းကို ဘယ်စာမျက်နှာမှာ ထားမလဲ။ ဘယ်စာကို ဘယ်ပုံနဲ့ ဘယ်လို ဖော်ပြမလဲ စဉ်းစားရတယ်။ တချို့က တိုင်းပြည်နဲ့ ဆိုင်တဲ့အရေးတွေမှာ အယ်ဒီတာအာဘော်ဆိုပြီး လူတွေကိုစဉ်းစားဖို့နဲ့ အကြံပေးတဲ့အလုပ်ကို လုပ်သေးတယ်။
အခုတော့ ဆိုခဲ့တဲ့ အလုပ်တွေအားလုံးကို အယ်ဂရစ်သမ်က လုပ်နေတယ်။ လူသားအယ်ဒီတာတွေ သူ့ဌာနနဲ့ သူရှိနေပေမယ့် ဆိုရှယ်မီဒီယာပေါ်တော့ အကုန်လုံးက တင်ကြတယ်။ ပျံ့နှံ့အောင် လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာဟာ မီဒီယာပေါင်းစုံ စုပေါင်းထားတဲ့အကြီးဆုံး မီဒီယာပလက်ဖောင်း ဖြစ်လာတယ်။ ခရီးသွားဘလောကာတွေ၊ ဟင်းချက်သူ၊ စျေးရောင်းသူ၊ လိင်ပညာပေးသူ၊ နည်းပညာအကြောင်းပြောပြသူ၊ ဘဝတက်လမ်းဟောပြောသူတွေနဲ့အတူ သတင်းမီဒီယာတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတူတူဖြစ်သွားရော။ ဒီအခါမှာ စာဖတ်သူတွေကို ဘယ်စာကိုဖတ်ပါ၊ ဘယ်ဗီဒီယိုကိုကြည့်ပါ စသဖြင့် အကြံပေးတဲ့ အယ်ဒီတာက ဘယ်သူလဲဆိုရင် လူမဟုတ်တော့ဘူး။ အယ်ဂရစ်သမ် ဖြစ်လာတယ်။ အယ်ဒီတာဟာ လူသားမဟုတ်ဘဲ လူတွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ကြာကြာသုံးအောင် ဆွဲဆောင်တဲ့နည်းနဲ့ ငွေရှာဖို့အတွက် ဖန်တီးထားတဲ့ အယ်ဂရစ်သမ် ဖြစ်လာတယ်။
တချို့ မီဒီယာတွေမှာ ဆိုရှယ် မီဒီယာရဲ့ အယ်ဂရစ်သမ်ကို နားလည်တဲ့ လူတွေကို အလုပ်ခန့်ထားရတယ်။ ဘယ်လို စာလုံးတွေကို သုံးရင်၊ ဘယ်ခေါင်းစဉ်တပ်ရင်၊ ဘယ်လို # တွဲရင် ဆိုရှယ်မီဒီယာမှာ ပိုပြီး ပျံ့နှံ့မလဲဆိုတာကို လေ့လာထားသူတွေဆိုပါတော့။ အယ်ဒီတာဟာ အယ်ဂရစ်သမ်ရံ အကြိုက်ကို သိရတာပေါ့။ တနည်းအားဖြင့် အယ်ဒီတာဟာ အယ်ဂရစ်သမ်ရဲ့ လက်အောက်ခံဖြစ်သွားတယ်။ မဖြစ်ချင်လည်း ရတယ်လေ။ ခင်ဗျာစာတွေ ဘယ်မှ မရောက်တော့လို့၊ ဘယ်သူမှ မဖတ်တော့ဘူး။
ဒီတော့ အယ်ဂရစ်သမ်တွေက စောစောကပြောသလို ခလုတ် ၃ ခုကို အဓိကနှိပ်တာဖြစ်လို့ လောဘ၊ ဒေါသ၊ မောဟကဲတဲ့ content တွေကိုများများထုတ်ကြတော့ပေါ့။ ဒါကြောင့် တချို့ social influencers ဆိုရှယ်ပလက်ဖောင်းက ငွေရှာသူတွေဟာ အိုဗာအိုက်တင်တွေနဲ့ content ကို ထုတ်ကြတယ်၊ တချို့လည်း ညစ်တီးညစ်ပတ်တွေ၊ တချို့လည်း မရိုးမယွ စကားတွေနဲ့ content တွေ ထုတ်ကြတယ်။ နိုင်ငံရေးသမားတွေကလည်း ပေါက်ချင်ရင် အပေါက်တွေ ပြောပေါ့။ ပေါကားရိုက်ပေါ့။ ဒီပြဿနာက ဖြေရှင်းဖို့ နည်းလမ်း မယ်မယ်ရရ မရှိပါဘူး။
ဒီနေ့ ကမ္ဘာမှာ ဩဇာအကြီးဆုံး အယ်ဒီတာက ဘယ်သူလဲမေးရင် လူမဟုတ်တဲ့အယ်ဂရစ်သမ်ဆိုတာကိုပြောလိုရင်းပါ။ အေအိုင်ခေတ်မှာ လူသားတွေ အစောဆုံးလက်လွှတ်လိုက်ရတဲ့ အလုပ်တွေထဲ အယ်ဒီတာအလုပ်လည်း ပါတယ်ဆိုတာကိုပြောလိုရင်းပါ။ အေအိုင်က အယ်ဒီတာ ခုံမှာ လာထိုင်မနေပါဘူး။ ဘယ်စက်ရုပ်မှလည်း သတင်းအစည်းအဝေးကိုဦးဆောင်မနေပါဘူး။ ဒီသဘောကို ဆဝါကြည့်ရင် အေအိုင်က လူသားအလုပ်တွေကို ဘယ်လိုနည်းနဲ့အစားထိုးသွားမလဲဆိုတာကို မှန်းကြည့်နိုင်ပါတယ်။ အေအိုင်အတွက် နေရာ ထိုင်ခုံမလိုပါဘူး။ ဗျူရိုကရေစီစနစ်ကို ထိန်းချုပ်သွားရုံနဲ့ လူတွေရဲ့ စဉ်းစားပုံတွေကို ပြောင်းတဲ့နည်းနဲ့ လူသားဆီက ဆုံးဖြတ်ခွင့်ရှိတဲ့ ပါဝါကို လွှဲယူသွားစရာ ရှိပါတယ်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
