Breaking News

ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်စတင် အသက်ဝင်၊ နီပေါ-တိဗက်နယ်စပ်က ဖြစ်ရပ်ဆိုးနဲ့ ကမ္ဘာကြီးပူနွေးမှုရဲ့ အကျိုးဆက်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၈ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၉ ၊ ၂၀၂၆

 

ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်စတင် အသက်ဝင်၊ နီပေါ-တိဗက်နယ်စပ်က ဖြစ်ရပ်ဆိုးနဲ့ ကမ္ဘာကြီးပူနွေးမှုရဲ့ အကျိုးဆက်

ထိုင်းနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ အမျိုးအစား ၅ မျိုးကို ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ နည်းဥပဒေ သဘောဆန်တဲ့ အမိန့်တရပ်ကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ ခိုးဝင်တာ၊ နိုင်ငံခြားသား လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်လုပ်ကိုင်တာ၊ ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ကိုင်တာနဲ့ အထောက်အထား၊ စာရွက်စာတမ်းတွေကို အတုလုပ်တာအပြင် ထောင်ဒဏ် ၅ နှစ်အထက် ချမှတ်နိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြည်နှင်ဒဏ်ပေးနိုင်တဲ့ နည်းဥပဒေကို ပြည်ထဲရေး ဝန်ကြီးတာဝန်လည်း ယူထားသူ ဝန်ကြီးချုပ် အနုတင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်က ရွှေ့ပြောင်းလုပ်သားတွေ၊ ထိုင်းနိုင်ငံထဲ တရားဝင်လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်နဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတွေကိုပါ အကျုံးဝင်တာ ဖြစ်လို့ တနှစ်တနှစ်ကို သောင်းဂဏန်းနဲ့ချီ နယ်စပ်မျဥ်းကျော်ဖြတ် ဝင်ရောက်တဲ့ အိမ်နီးချင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကိုလည်း ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲသလို ထောင်ဒဏ် ၅ နှစ်အထက် ပြစ်ဒဏ်ပေးနိုင်တဲ့ ပြစ်မှုကိုလည်း ထည့်သွင်းထားတာ တွေ့ရပေမဲ့ ၅ နှစ်အထက် ပြစ်ဒဏ်ချခံရတဲ့ နိုင်ငံခြားသားတိုင်းကို ပြည်နှင်ဒဏ်ပေးရမဲ့ သဘောလို့တော့ ဖော်ပြထားတာမျိုး မဟုတ်ပါဘူး။

အခုလို ထိုင်းနိုင်ငံဥပဒေကို ဖောက်ဖျက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံထဲမှာ တရားရုံးတင်၊ ပြစ်ဒဏ်ချမှတ်ပြီး အကျဥ်းထောင်တွေထဲ ထိန်းသိမ်းထားတာထက် ပြည်နှင်ဒဏ်ပေးခြင်းက ထိုင်းနိုင်ငံအတွက် အသုံးစရိတ်အားဖြင့် သက်သာစေသလို ပြစ်ဒဏ်ကျ နိုင်ငံခြားသားတွေကို စီမံခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုတဲ့ ရည်ရွယ်ချက်လို့ နားလည်ရပါတယ်။

အခု ထည့်သွင်းထားတဲ့ ပြစ်မှုတွေအနက် အလုပ်အကိုင် အခွင့်အလမ်းအတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တိုက်ရိုက်သက်ရောက်မှုရှိနေသလို ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာတာ သို့မဟုတ် ဝင်ရောက်ပြီး ရွှေ့ပြောင်းလုပ်သားတရားဝင် အလုပ်လုပ်ခွင့်ရရှိသည့်တိုင် သတ်မှတ်ထားတဲ့ နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ စည်းမျဥ်းဥပဒေတွေကို ချိုးဖောက်တဲ့ သူတွေကို အပြစ်ဒဏ်ပေးပြီး ကာလကြာရှည် ထိန်းသိမ်းတာထက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးနောက် မြန်မြန်ဆန်ဆန် ပြည်နှင်ဒဏ်ပေးခံရမဲ့ သဘောလို့ နားလည်ရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်သူတွေ နဲ့ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေး စည်းမျဥ်းတွေကို ချိုးဖောက်သူတွေ အရေအတွက်က နှစ်စဥ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေတဲ့ အနေအထားဖြစ်တာကြောင့် ဖမ်းဆီး တရားရုံးတင်ကာ အပြစ်ရှိသူတွေကို လနဲ့ သို့မဟုတ် နှစ်နဲ့ ထိန်းသိမ်းထားတဲ့ စရိတ်တွေက ပြစ်မှုပမာဏ များလာတာနဲ့ အတူ မြင့်တက်လာခဲ့တဲ့ သဘော ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနက်က နိုင်ငံရေး အကြောင်းကြောင့် အမျိုးမျိုးသော နေထိုင်ခွင့် လက်မှတ်၊ ဗီဇာ သို့မဟုတ် တရားမဝင်နေထိုင်သူတွေအဖို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရရင် မိခင်နိုင်ငံက စစ်အစိုးရအနေနဲ့ ထပ်မံဖမ်းဆီးပြီး နှိပ်စက်မှုနဲ့ အသက်ဆုံးရှုံးနိုင်ခြေတွေအထိ ရှိနေတာကြောင့် စိုးရိမ်မှုတွေ  ရှိနေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အသက်သွင်းလိုက်တဲ့အမိန့် မှာတော့ အဲဒီလို အခြေအနေမျိုး ရှိသူတွေ အနေနဲ့ ၇ ရက်အတွင်း တတိယနိုင်ငံတခုကို ပို့ပေးဖို့ တောင်းဆိုခွင့်ရှိပြီး လုပ်ရမဲ့ လုပ်ဆောင်မှုတွေကို ရက် ၃၀ အတွင်း သို့မဟုတ် ရက် ၆၀ အတွင်း ပြီးစီးအောင် လုပ်ဆောင်ရမယ်လို့လည်း ဖော်ပြထားတာပါ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် တတိယနိုင်ငံ ပို့ဆောင်ပေးဖို့ တောင်းဆိုပြီးနောက် ၆ လ၊ တနှစ် သို့မဟုတ် ဒိထက်ပိုပြီး သောင်မတင်ရေမကျ အနေအထားနဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်ထောင်၊ အကျဥ်းထောင်ထဲ လက်ခံမထားရအောင် သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်က ထင်ရှားတာဖြစ်ပါတယ်။

မြန်မာ စစ်အာဏာရှင် အစိုးရနဲ့ ထိုင်းအစိုးရတို့ ဆက်ဆံရေးတိုးတက်လာနေတာကြောင့် ထိုင်းရောက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ သတင်းသမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ CDM တွေအဖို့ အထက်ဖော်ပြပါ ဥပဒေ တရပ်ရပ်နဲ့ ငြိစွန်းဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခံရမဲ့အရေး စိုးရိမ်ကြတဲ့ အနေအထားတွေလည်း တွေ့မြင်ရနေတာ ဖြစ်ပါတယ်။

နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံထဲက တိဗက်ဒေသရဲ့ နယ်စပ်စခန်းရှိရာနေရာနဲ့ တောင်တွေကြားထဲ မြစ်ကြောင်းတလျှောက် လူနေဒေသတွေကို မြစ်အထက်ပိုင်းက ရွှံ့ရေလုံးကြီး ရုတ်တရက် ပြိုကျလာတာကြောင့် လူထောင်နဲ့ချီ ပျောက်ဆုံးနေပြီး သေဆုံးသူ ရာဂဏန်းအတော်များများကိုတော့ အတည်ပြုနိုင်တာ သတင်းတွေထဲ တွေ့ကြရမှာပါ။ သြဂုတ်လ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ နှင်းခဲရေထု ပြိုကျရာက မြစ်ကြောင်းတနေရာမှာ ရေကန်သဖွယ်စုပြီးနောက် ပွင့်ထွက်ကာ ဆူနာမီရေလှိုင်းသဖွယ် စက္ကန့်မိနစ်ပိုင်းအတွင်း ပေ ၃၀ နီးပါးအမြင့်ရှိတဲ့ ရွှံ့ရေတွေက အဆောက်အဦတွေ၊ ကားတွေ၊ တံတားတွေနဲ့ လူ့အသက်တွေကို တိုက်စားသယ်ဆောင်သွားခဲ့တာ ဗီဒီယိုမှတ်တမ်းတွေထဲ မျက်ဝါးထင်ထင် မြင်တွေ့ကြရတာ ဖြစ်ပါတယ်။

မြန်မာအခေါ်အဝေါ်အားဖြင့် ဟိမဝန္တာတောင်တန်းတွေရဲ့ အမြင့်ဆုံးအပိုင်းတွေမှာပါတဲ့ ဒီဒေသတွေမှာ တောင်တွေ၊ လျှိုတွေ ချိုင့်ဝှမ်းတွေကို နှင်းခဲတွေနဲ့ အစဥ်လိုလို ဖုံးလွှမ်းထားလေ့ရှိပြီး အခုလို ဖြစ်ရပ်မျိုးက ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်ပါတယ်။ နှင်းတောင်ပြိုတယ် ဆိုတဲ့ အဖြစ်အပျက်တွေက အေးခဲနေလေ့ရှိပြီး လူမနေတဲ့ ဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာ မှန်ပေမဲ့ အခုလို နှစ်ရှည်လများ လူတွေနေထိုင် အသက်မွေးဝမ်းကျောင်းနေကြတဲ့ နေရာဒေသတွေမှာ မိနစ်ပိုင်းအတွင်း ရွှံ့ရေတွေ၊ သစ်ပင်သစ်ကိုင်းအစတွေနဲ့ အပျက်အစီးတွေက မျောပါတိုက်စားသွားကြလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ကြပါဘူး။

ဒီလို ရုတ်တရက် တောင်ကျရေ ကြီးတဲ့ အဖြစ်အပျက်မျိုးက တောင်ကုန်းတွေနဲ့ မြစ်ဝှမ်းတွေလိုမှာ ဖြစ်လေ့ရှိပေမယ့် ကမ္ဘာ့ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ကြတဲ့ တိဗက်လို၊ နီပေါ နိုင်ငံတို့လိုဒေသတွေမှာ ဖြစ်ပွားလာခြင်းဟာ ကမ္ဘာကြီး ပူနွေးလာခြင်းရဲ့ အကျိုးဆက်ဆိုတာကို အခုတော့ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်နဲ့ ရင်းပြီး သိရှိခဲ့ကြရပြီ ဖြစ်ပါတယ်။

မြောက်ကမ္ဘာခြမ်းရဲ့ နွေရာသီဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လို လတွေမှာ မြင့်တက်လေ့ရှိတဲ့ အပူချိန် မြင့်မားမှုအပြင် ယခုနှစ်နွေရာသီနဲ့ ဆောင်းဦးမှာ ကြုံတွေ့ကြရမဲ့ အယ်လ်နီညို အကျိုးဆက်ကလည်း အခုလို ဖြစ်ပွားဖို့ အားဖြည့်ပေးသလို ဖြစ်စေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လူတွေ လုပ်ဆောင်ခဲ့ကြတဲ့ ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံသုံးစွဲမှုတွေ၊ သစ်တောခုတ်ထွင် ရှင်းလင်းမှုတွေ ပြုန်းတီးပျက်စီးမှုတွေက အခုလို ဖြစ်ရပ်ဆိုးတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေဆိုတာကို အများက သိရှိကြပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ ဒီဖြစ်စဥ်ကို ဘယ်လိုတားဆီးကြမလဲဦ ပြုပြင်ထိန်းသိမ်းကြမလဲ ဆိုတဲ့အပေါ်မှာတော့ နိုင်ငံချင်း၊ နိုင်ငံတွင်း နေထိုင်ကြသူတွေ၊ အထက်က သယံဇာတ ထုတ်ယူသုံးစွဲမှုကနေ အကျိုးအမြတ်ရရှိနေတဲ့ အဖွဲ့အစည်း နိုင်ငံတွေအကြား သဘောထား အမျိုးမျိုး ကွဲလွဲနေကြတာပါ။ ကမ္ဘာ့ပတ်ဝန်းကျင် ပျက်စီးမှုတွေ လျှော့ချဖို့ ထိန်းသိမ်းဖို့ ကိစ္စရပ်တွေမှာ ချမ်းသာတဲ့ နိုင်ငံတွေအကြားမှာရော၊ ထိခိုက်ပျက်စီးစေတဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေကို အစိုးရတွေက ထိန်းသိမ်းဖို့ ပျက်ကွက်တာ၊ အဂတိကြောင့် မျက်ကွယ်ပြုထားကြတာတွေက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင် ပျက်စီးမှုတွေ တနှစ်ထက်တနှစ် များပြားလာနေတာ ဖြစ်ပါတယ်။

ပျက်စီးယိုယွင်းလာခြင်းဟာ ဆယ်စုနှစ်တွေနဲ့ အတူတစတစ ဆိုးရွားလာတာ ဖြစ်သလို အခုလို အကြောင်းရင်းခံနဲ့ လက်သည်ကို သိကြချိန်မှာ ပြန်လည် ပြင်ဆင်ကြမယ်ဆိုရင်တောင် နောက် ဆယ်စုနှစ်နဲ့ကြာမှ အကျိုးရလဒ်က တဖြည်းဖြည်းနဲ့ ရရှိလာမဲ့သဘော ဖြစ်ပါတယ်။

သို့ပေမယ့် နိုင်ငံတွေအကြား သဘောတူညီမှု၊ ပူးပေါင်းပါဝင်မှုနဲ့ လက်တွေ့ အကောင်အထည်ဖော်ဆောင်မှုတွေက အလှမ်းဝေးနေကြဆဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့၊ ကိုယ့်အကျိုးစီးပွား ဖြစ်ဖို့က ပထမဦးစားပေးလို ဖြစ်နေကြဆဲ၊ ရုပ်ကြွင်းလောင်စာထဲက အသုံးများဆုံး လောင်စာဖြစ်တဲ့ ရေနံ သဘာဝဓာတ်ငွေ့တွေ အတွက် စစ်ပွဲတွေ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

လတ်တလော အခြေအနေမှာတော့ လူတွေ နေထိုင်ကြတဲ့ မြို့တွေ၊ ရွာတွေ နေရာတွေရဲ့ အန္တရာယ်ကျရောက်နိုင်ခြေတွေကို နိုင်ငံတနိုင်ငံချင်း ပြန်လည်ဆန်းစစ် သုံးသပ်ကြတဲ့ နည်းလမ်းက ပိုပြီးလက်တွေ့ ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတရပ် ဖြစ်နေတာပါ။

စိုက်ပျိုးရေးနဲ့ သုံးရေ သောက်ရေ လွယ်လွယ်ကူကူ နီးနီးနားနားရရှိတဲ့ မြစ်ချောင်းတွေ အနီးအနား နေထိုင်တာ၊ မြေမျက်နှာပြင်နိမ့်တဲ့ မြို့ရွာတွေ ဒေသတွေ တောင်တွေကြားက မြေပြန့်လွင်ပြင်လို လျှိုတွေကြားက စိုက်ပျိုးမြေကောင်းတဲ့ ဒေသတွေလိုမျိုးမှာ နေထိုင်ကြတဲ့ မြို့ရွာတွေအနေနဲ့ အန္တရာယ် ဖြစ်နိုင်ခြေတွေ ပြန်လည် ဆန်းစစ်သုံးသပ်ကြရမဲ့ အချိန်ရောက်ရှိနေပြီလို့ နှိုးဆော်ရမဲ့ အနေအထား ဖြစ်ပါတော့တယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar