ပြည်ပကနေ မြန်မာဘဏ်အက်ပလီကေးရှင်းတွေ မသုံးစွဲနိုင်အောင် လုပ်ဆောင်ရန် ဗဟိုဘဏ် ညွှန်ကြား
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၇ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၂၈ ၊ ၂၀၂၆
ပြည်ပကနေ မြန်မာဘဏ်အက်ပလီကေးရှင်းတွေ မသုံးစွဲနိုင်အောင် လုပ်ဆောင်ရန် ဗဟိုဘဏ် ညွှန်ကြား
မြန်မာနိုင်ငံသားတွေ အသုံးပြုနေတဲ့ မြန်မာဘဏ်တွေရဲ့ Mobile Banking အက်ပလီကေးရှင်း၊ K-Pay ၊ CB-Pay ၊ AYA-Pay နဲ့ Wave Money တို့လို ဒစ်ဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းတွေကို ပြည်ပနိုင်ငံတွေကနေ သုံးလို့မရအောင် နည်းပညာနဲ့ ကန့်သတ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ပြည်ပမှာ နေထိုင်နေတဲ့ K-Pay လို ဒစ်ဂျစ်တယ် ငွေကြေးအသုံးပြုသူတွေ သုံးလို့မရတော့မှာ စိုးရိမ်တာ၊ အကောင့်ထဲရှိတဲ့ ငွေကြေးကို ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေကြတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အခုလို မြန်မာဘဏ်တွေနဲ့ ပတ်သက်တဲ့ ငွေကြေးအပေးအယူ လုပ်ဆောင်မှုတွေကို ပြည်ပကနေ သုံးမရအောင် ကန့်သတ်ဖို့ကို သြဂုတ်လ ၂၈ ရက်နေ့က စတင်မယ်လို့ သတင်းတွေ ပေါ်ထွက်နေပြီး သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ်တွေဘက်ကို သတင်းဌာနတွေက မေးမြန်းကြတဲ့အခါ အဲဒီလိုညွှန်ကြားချက်တော့ မရထားသေးကြောင်း ဘဏ်အချို့က ဖြေကြားထားကြတာ ဖြစ်ပါတယ်။
မိုဘိုင်းဘဏ်ကင်း အက်ပလီကေးရှင်းနဲ့ K-Pay တို့ကိုတော့ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းအထိတော့ အသုံးပြုလို့ရနေသေးတာ တွေ့ရပါတယ်။
K-Pay ၊ Wave-Money၊ CB-Pay နဲ့ အခြားသော မြန်မာဒစ်ဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းတွေကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အများအပြား အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီနေထိုင်နေကြပြီး အဲဒီသန်းနဲ့ချီတဲ့ နိုင်ငံသားတွေထဲက သုံးစွဲသူ သိန်းဂဏန်းနဲ့ ချီရှိနိုင်တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ကျန်ရှိတဲ့ မိသားစုတွေဆီ ငွေပြန်ပို့တဲ့အခါဖြစ်စေ၊ ပြည်တွင်းက အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေကို ငွေကြေး ပေးပို့လွှဲပြောင်းရာမှာ ဘဏ်နဲ့ ဒစ်ဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းတွေကို အသုံးပြုပြီး လွှဲပြောင်းနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေး ရန်ပုံငွေထည့်ဝင်တာမျိုးမှာလည်း NUG အစိုးရရဲ့ SDB ဘဏ် အက်ပလီကေးရှင်း အသုံးပြုသည့်တိုင် ပြည်တွင်းက ဒစ်ဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းတွေကိုလည်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးတဲ့ ထောက်ပို့အကောင့်လို့ သံသယရှိခံရတဲ့အခါ အကောင့်ပိတ်တာ၊ အကောင့်ပိုင်ရှင်တွေကို ဖမ်းဆီးစစ်ဆေးခံရတာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အများအပြား ဖြစ်ပွားခဲ့တာပါ။
အခုလို တော်လှန်ရေးရန်ပုံငွေအတွက် ထောက်ပို့အတွက် ဒစ်ဂျစ်တယ်ငွေကြေး အကောင့်တွေ ဘယ်လောက် တွင်တွင်ကျယ်ကျယ် အသုံးပြုသလဲဆိုတာ လေ့လာကောက်ယူထားတဲ့ ကိန်းဂဏန်းမရှိပေမဲ့လည်း အတိုင်းအတာတခုထိ ရှိလိမ့်မယ်လို့ ယူဆရာကနေ အခုလို K-Pay, Wave-Money အစရှိတဲ့ အက်ပလီကေးရှင်းတွေကို ပြည်ပမှာ မသုံးနိုင်အောင် လုပ်ဆောင်တာလို့ ယူဆရပါတယ်။
အဆိုပါ အက်ပလီကေးရှင်းတွေကို ပြည်ပကနေ သုံးစွဲလို့မရအောင် Geo-blocking, Location Blocking နည်းပညာတွေနဲ့ ပိတ်ပင်မဲ့ သဘောလို့ အိုင်တီပညာရှင်တွေက ယူဆကြပါတယ်။ သုံးစွဲသူရဲ့ Location ဟာ မြန်မာနိုင်ငံပြင်ပ ရောက်နေခဲ့ရင် အက်ပလီကေးရှင်းကို ဝင်လို့မရအောင် လုပ်ထားမဲ့ သဘောဖြစ်ပြီး VPN ဆော့ဖ်ဝဲလိုမျိုးနဲ့ ဆာဗာလိုကေးရှင်းပြောင်းလဲပြီး အသုံးပြုတဲ့အခါလည်း IP Address ကို မှတ်သားပြီး ထပ်မံပိတ်ဆို့တာမျိုး လုပ်ဆောင်နိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ် ငွေကြေး အက်ပလီကေးရှင်းတွေအနက် ကမ္ဘောဇ ဘဏ်ရဲ့ ဝန်ဆောင်မှုဖြစ်တဲ့ K-Pay အက်ပလီကေးရှင်းက အသုံးအများဆုံး ဖြစ်ပြီး ဒုတိယအနေနဲ့ Yoma ဘဏ်ရဲ့ အက်ပလီကေးရှင်းဖြစ်တဲ့ Wave-Money ဖြစ်ပါတယ်။ မိုဘိုင်းဘဏ်ကင်း ဖြစ်တဲ့ ဘဏ်အကောင့်ကို အွန်လိုင်းကနေ အသုံးပြုတာက အချက်အလက် အသေးစိတ် ဖြည့်သွင်းရတာ စကင် သို့မဟုတ် ဖုန်းနံပါတ်နဲ့ ပေးချေ လွှဲပြောင်းတဲ့ Pay အက်ပလီကေးရှင်းလို လွယ်ကူမြန်ဆန်ခြင်း မရှိတာကြောင့် အသုံးနည်းပါးတဲ့ သဘောလည်း ဖြစ်ပါတယ်။
အချို့ကတော့ အခုလို ပြည်ပကနေ အသုံးပြုတာကို ပိတ်ပင်ရတဲ့ အခြားသောအကြောင်းရင်းတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုလွှဲငွေတွေကို K-Pay လို လွယ်ကူတဲ့ အက်ပလီကေးရှင်းက မလွှဲနိုင်တော့ဘဲ ဘဏ်ကတဆင့် တရားဝင်လမ်းကြောင်းနဲ့ ပြန်ပေးပို့အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ယူဆမှုတွေလည်း ရှိပေမဲ့ ခိုင်မာတဲ့ အချက်အလက် အထောက်အထားတော့ မတွေ့ရှိရပါဘူး။
အာဏာသိမ်းစစ်တပ် အနေနဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေအတွက် အလှူငွေ ဝင်ရောက်တဲ့ လမ်းကြောင်းတွေ၊ အခွန်အကောက် ကောက်ခံရရှိနိုင်တဲ့ လမ်းကြောင်းနဲ့ သယံဇာတ အရင်းအမြစ်ရှိရာ နေရာတွေကို ဖြတ်တောက်တာ၊ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ခုနှစ်ပိုင်းတွေမှာ ပိုမိုထင်ရှားလာနေတာပါ။
ဥပမာအားဖြင့် နယ်စပ်ကုန်သွယ်ရေးတွေရဲ့ လမ်းကြောင်းတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေ ရှိတာကြောင့် အဆိုပါနယ်မြေတွေကို မသိမ်းယူနိုင်တဲ့ အနေအထားမှာ အဲဒီနယ်မြေတွေကို ဖြတ်သန်းသယ်ဆောင်လာတဲ့ ပြည်ပကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ရှာဖွေသိမ်းဆည်းတာတွေ လုပ်နေသလို တော်လှန်ရေး လက်နက်ကိုင်တွေရဲ့ အခွန်အကောက်ရရှိတဲ့ ရွှေတွင်း၊ ရွှေဖောင်၊ သတ္တုတွင်းတွေ နဲ့ ကျောက်မျက်ရတနာ ထွက်ရှိတဲ့ နယ်မြေဒေသတွေကို အခြားသော နယ်မြေတွေထက် ဦးစားပေး တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ၊ လေကြောင်းက ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
ဒီအခြေအနေတွေနဲ့ ဆက်စပ် သုံးသပ်ကြည့်ရင် အခု လုပ်ဆောင်လိုက်တဲ့ ဒစ်ဂျစ်တယ် ငွေကြေး အက်ပလီကေးရှင်းတွေကို ပြည်ပကနေ သုံးမရအောင် လုပ်ဆောင်မှုဟာ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေစည်းမျဥ်းစည်းကမ်းတွေ ဆိုတာထက် စစ်ရေး၊ နိုင်ငံရေး အသာစီးရဖို့ ရည်ရွယ်ဖြတ်တောက်တာလို့ ကောက်ချက်ချနိုင်တဲ့သဘော ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar