Breaking News

၂၀၁၇ ARSA အကြမ်းဖက်လက်နက်ကိုင်ရဲ့ တိုက်ခိုက်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ ဒုက္ခသည်ပြဿနာ



မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၅ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၆ ၊ ၂၀၂၆

 

၂၀၁၇ ARSA အကြမ်းဖက်လက်နက်ကိုင်ရဲ့ တိုက်ခိုက်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ ဒုက္ခသည်ပြဿနာ

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နံနက် အရုဏ်တက်ချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်း စခန်း ၃၀ လောက်ကို The Arakan Rohingya Salvation Army အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်ဟာ အဆိုပါဖြစ်ရပ်မတိုင်ခင် တနှစ်နီးပါးဖြစ်တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့မှုတွေကိုအတွက် လက်တုံ့ပြန်ဖို့ နဲ့  စစ်တပ်၊ ရဲလုံထိန်းတွေနဲ့ အမျိုးသားရေးအစွန်းရောက်သူတွေရဲ့ ဝါဒဖြန့်မှု၊ ရိုဟင်ဂျာတွေအပေါ် အမုန်းတရား ဖြန့်ချိမှုတွေ ပေါင်းပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတွေကို ARSA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဝင်တွေ ရှင်းလင်းရေး ခေါင်းစဥ်နဲ့ အချို့သော ကျေးရွာတွေမှာ လူရာနဲ့ချီ ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်တွေ မီးရှို့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး တငွေ့ငွေ့ဖြစ်နေတဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာနိုင်ငံကို ခိုးဝင်လာသူလို့ ဝါဒဖြန့်ခံထားရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လက်စားချေဖို့နဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ဖို့ အမုန်းတရား၊ ကြိုတင်အကြံအစည် ရှိထားတဲ့ ကျေးရွာတွေ ရှင်းလင်းရေးတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

နှစ်တွေချီပြီး စုထားတဲ့ အမုန်းတရား၊ လက်စားချေမှု၊ ရိုဟင်ဂျာတွေတင်မက ကျေးရွာတွေပါ ရှင်းလင်းဖို့ အစီအစဥ်တွေ မြန်မာစစ်တပ်မှာ ရှိထားပုံရတယ်လို့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့်ပြီး ကောက်ချက်ချရပါတယ်။

၂၀၁၆ အောက်တိုဘာလမှာတုန်းက ရခိုင်မြောက်ပိုင်းက လုံခြုံရေးကင်းတွေကို ပထမအကြိမ် တိုက်ခိုက်ခဲ့စဥ်က ၂၀၁၇ ခုနှစ်လို များပြားတဲ့ အင်အားနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ရှင်းလင်းရေးတွေ မလုပ်ခဲ့တာကြောင့်  ARSA အနေနဲ့ ဒုတိယအကြိမ် အလစ်အငိုက် တိုက်ခိုက်မှုကို ထပ်လုပ်ဆောင်တာလို့ ယူဆရပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ ARSA ရဲ့ တိုက်ခိုက်မှုပြီးနောက် စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာပါရှိတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးလိုမျိုးကို NLD အစိုးရဘက်က ခေါ်ယူဖို့ မျှော်လင့်ခဲ့ပေမဲ့ NLD အစိုးရက ကာ/လုံ အစည်းအဝေး အနေနဲ့ မခေါ်ခဲ့ပါဘူး။ စစ်တပ်ဘက်က တပ်ခေါင်းဆောင်တွေ ပါဝင်ပြီး အစိုးရဘက်က သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့လို ခေါင်းဆောင်တွေ ပါဝင်တဲ့ အထူးအစည်းအဝေး သဘောမျိုးသာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ NLD အနေနဲ့ ကာ/လုံကို မခေါ်ယူဘဲ ရှောင်လွှဲပြီး အထူးအစည်းအဝေးလိုမျိုးကိုသာ ခေါ်ယူခြင်းဟာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်  မကျေနပ်မှု အငြိုးအတေးတခု ထပ်မံတိုးစေခဲ့တဲ့ သဘောလို့ အချို့အကဲခတ်သူတွေက ယူဆကြပါတယ်။

ထိုစဥ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက ၂၀၁၇ သြဂုတ်လ ARSA တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အလွတ်သဘော ပြန်လည်ပြောဆိုရာမှာ သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုပြီးနောက် NLD အစိုးရဘက်က အမိန့်ကို စစ်တပ်က စောင့်နေခဲ့ပြီး ၃ ရက်မြောက် ကြာလာတဲ့အထိ NLD ဘက်က အမိန့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်မှ ရခိုင်မြောက်ပိုင်း ARSA တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ARSA လက်နက်ကိုင်အဖွဲ့တွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးအတွက် စစ်တပ်ဘက်က ၁ လခန့် အချိန်ယူဖို့ တင်ပြခဲ့ရာမှာ NLD အစိုးရဘက်က သီတင်း ၂ ပတ်သာ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ သီတင်း ၂ ပတ်အတွင်း စစ်ဆင်ရေးလုပ်ရတာကြောင့် အခုလို အသေအပျောက်များရတဲ့ သဘောမျိုး စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတဦးက ဒီဖြစ်ရပ်တွေ ဖြစ်ပွားပြီး ၂ နှစ်ခန့်အကြာမှာ NLD အပေါ် တာဝန်ရှိတဲ့ သဘောပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ARSA လက်နက်ကိုင်အဖွဲ့နဲ့ ထောက်ခံသူတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း စစ်တပ်သာမက အခြားသော ဒေသတွေမှာ တာဝန်ကျနေတဲ့ ရဲ၊ လုံထိန်းလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရခိုင်မြောက်ပိုင်းကို ၃ လ တာဝန်ပေးစေလွှတ်ခဲ့ပြီး အဲဒီ လုံခြုံရေးဝန်ထမ်းတွေ မူလတာဝန်ကျနေရာကို ပြန်ရောက်လာချိန်မှာ ရခိုင်မြောက်ပိုင်း ARSA လက်နက်ကိုင်အဖွဲ့ နှိမ်နှင်းရှင်းလင်းတဲ့ စစ်ဆင်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို နီးစပ်တဲ့သူတွေ အနေနဲ့ ကြားသိခဲ့ကြရပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးမှာ ၃ လ တာဝန်ကျခဲ့တဲ့ အချို့သော လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေပါ မချန် သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ဒီလို သတ်ဖြတ်မှုတွေကို ဘယ်လိုမှ လက်သင့်မခံနိုင်တာကြောင့် မူလတာဝန်ကျရာ ဒေသကို ပြန်ရောက်တဲ့နောက် ရင်းနှီးသူတချို့ကို ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောကြားခဲ့တာတွေ ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံတွေ၊ ဒီစစ်ဆင်ရေးအတွင်း ARSA လက်နက်ကိုင်တွေနဲ့အတူ ပစ်မှတ်ထားခံရတဲ့ ရိုဟင်ဂျာဒေသခံတွေက ဒီစစ်ဆင်ရေးအတွင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာ အဲဒီအချိန်ကတည်းက သိရှိပြီးဖြစ်သလို ဘူးသီးတောင်၊ မောင်တောဒေသက ရိုဟင်ဂျာ ၇ သိန်းကျော် နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံခဲ့ကြရတာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ စစ်တပ်ရဲ့ ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကတော့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေက သာမန်လူတွေ အနေနဲ့ အသေးစိတ် မသိခဲ့ကြပါဘူး။

အဆိုပါကာလက NLD အစိုးရ အနေနဲ့ စစ်တပ်ရဲ့ အစီရင်ခံတာ၊ ပြောဆိုတာတွေကိုသာ ယုံကြည်နေခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေ ဖြစ်ပွားနေချိန် အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုတွေကို စစ်တပ်ထောက်လှမ်းရေးက သိရှိပြီးနောက် ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းနေတဲ့ သတင်းထောက်ကို ထောင်ချောက်ဆင် ချိန်းဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒီအင်းဒင်ရွာ သတ်ဖြတ်မှု အဖြစ်အပျက်က အဲဒီအချိန်ကာလက ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုလုံးရဲ့ အစိတ်အပိုင်းတခုမျှသာဖြစ်ပါတယ်။

အသက်ဘေးက လွတ်မြောက်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကိုပါ ထမ်းပိုးခေါ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးဟာ NLD အစိုးရရဲ့ လက်ကျန် သက်တမ်း ၃ နှစ်အတွင်းမှာလည်း မဖြေရှင်းနိုင်ခဲ့သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်သာမကတနိုင်ငံလုံး ပြည်တွင်းစစ်မီးထဲ ကျရောက်ခဲ့တဲ့အချိန်မှာ ပိုလို့တောင် ဖြေရှင်းရခက်ခဲမဲ့ အနေအထား ဖြစ်လာပါတော့တယ်။

တဖက်မှာလည်း ၂၀၁၇ သြဂုတ်လနဲ့ စက်တင်ဘာလ အစောပိုင်းမှာ အရပ်သား ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဖြစ်ရပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုလျှောက်တင်ထားသလို ၂၀၁၉ ခုနှစ်ကုန်မှာ NLD အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးတည်ရာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့မှာ သွားရောက်လျှောက်လှဲခဲ့ပါတယ်။

ICJ မှာ စွဲဆိုခံထားရတဲ့ အမှုဟာ မြန်မာနိုင်ငံကို စွဲဆိုတာဖြစ်လို့ NLD အစိုးရ အာဏာသိမ်းခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ဒီအမှုကို ဆက်လက် ခုခံလျှောက်လှဲခဲ့တာပါ။

လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ် သို့မဟုတ် မမြောက်ဘူးဆိုတဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်က ဘယ်အချိန် ဘယ်ကာလမှာ ချမှတ်မယ် ဆိုတာ မသိနိုင်သေးပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကတော့ ၉ နှစ်ပြည့်လာသည့်တိုင် အဖြေရဖို့ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။

၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်ကုန်အထိ NLD အစိုးရ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးတွေ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့သေးဘဲ၊ ၂၀၂၁ ဖေဖော်ဝါရီ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကလည်း ၂၀၂၃ ခုနှစ်ကုန်အထိ ဒုက္ခသည်နေရပ်ပြန်ရေးကို မဆောင်ရွက်နိုင်ခဲ့ပါဘူး။

အဲဒီနောက်  ၂၀၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေအများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Arakan Army က တိုက်ခိုက်သိမ်းယူခဲ့ပြီး ယခုအချိန်ထိ ဒီဒေသတွေကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ AA နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဒုက္ခသည် နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးမှု မရှိသလို၊ မြန်မာနိုင်ငံမှာ အစိုးရ State Actorလို့ သတ်မှတ်ခံထားရဆဲ ဖြစ်တဲ့ မင်းအောင်လှိုင် အစိုးရအနေနဲ့ ဒုက္ခသည် နေရပ်ပြန်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒသဘောထားတွေကို ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုယ်၌က လက်မခံနိုင်တဲ့ အနေအထားမှာ ရောက်ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု မရှာဖွေနိုင်ခင် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အခြားသောဒေသတွေမှာလို ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေမှာလည်း စစ်ရာဇဝတ်မှု အသစ်တွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အသစ်တွေကို စစ်တပ် အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့တွေကပါ ကျူးလွန်လာကြတဲ့ အခြေအနေကို ဝမ်းနည်းဖွယ်တွေ့မြင်ရတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar