Breaking News

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (PCB) သို့မဟုတ် နိုင်ငံရေးပါတီ မဟုတ်တဲ့ မြေပေါ်နိုင်ငံရေး အစုအဖွဲ့

 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၁ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၂ ၊ ၂၀၂၆

 

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့  (PCB) သို့မဟုတ် နိုင်ငံရေးပါတီ မဟုတ်တဲ့ မြေပေါ်နိုင်ငံရေး အစုအဖွဲ့

မြန်မာ့နိုင်ငံရေး နယ်ပယ်မှာ လူသိများသလို အစဥ်အလာရှိတဲ့ နိုင်ငံရေးသမားအချို့နဲ့ လက်နက်ကိုင်လမ်းစဥ်ကို မရွေးချယ်ကြတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းနဲ့ သုတေသီ စတဲ့သူတွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ Political Coordination Body ရဲ့ လှုပ်ရှားမှုတွေ ခုရက်ပိုင်းမှာ လူသိရှင်ကြား ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။

PCB မှာ ထင်ရှားတဲ့ ဦးဆောင်သူတွေက SNLD ရှမ်းနိုင်ငံရေးပါတီ ဥက္ကဋ္ဌ၊ ၈၈ မျိုးဆက်က ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး၊ SNLD ပါတီက  ဥက္ကဌ တာဝန်ယူခဲ့သူ စိုင်းညွန့်လွင် အခြားသူတွေ ပါဝင်ကြတာ တွေ့ရပါတယ်။ SNLD ပါတီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ခဲ့တဲ့နောက် နဂိုရှိပြီး နိုင်ငံရေးပါတီတွေကို မှတ်ပုံပြန်တင်ဖို့ အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်ခဲ့ရာမှာ မှတ်ပုံမတင်ခဲ့တာကြောင့် နိုင်ငံရေး ပါတီအဖြစ် လှုပ်ရှားခွင့်မရှိတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။

PCB ကို ယခုနှစ် ဖေဖော်ဝါရီလမှာ တရားဝင်ဖွဲ့စည်းခဲ့တယ်လို့ သတင်းဖော်ပြမှုနဲ့ သုတေသန အချက်အလက်တွေအရ သိရပြီး အမှန်တကယ်တော့ ၂၀၂၃ ခုနှစ်ကတည်းက စုဖွဲ့မှုကို စတင်ခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်းစစ် အရှိန်မြင့်တက်လာနေချိန်မှာ မြေပေါ်နိုင်ငံရေးလမ်းကြောင်းကနေ နိုင်ငံရေးအကျပ်အတည်း အဖြေရှာနိုင်ဖို့ ပြည်တွင်းစစ် ရပ်စဲရေးတို့ကို ဦးတည်ကြတဲ့ အင်အားစုလို့ ဆိုနိုင်ပါတယ်။ ပထမဆုံး စတင်ဆွေးနွေးခဲ့ကြတာက ဧရာဝတီတိုင်းထဲက ကမ်းခြေဖြစ်တဲ့ ငွေဆောင်မှာ ရက်အနည်းငယ်ကြာ ဆွေးနွေးခဲ့ကြတာက စတင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စကားဝိုင်းအပြီး နောက်ထပ် တွေ့ဆုံဖို့ ကလောမြို့မှာ ထပ်မံဆုံတွေ့ခဲ့ကြပေမဲ့ စစ်ကောင်စီဘက်က တားဆီးခဲ့တာကြောင့် ကလော ဆွေးနွေးပွဲက မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အဲဒီကာလက ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ခဲ့တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအောက်မှာ မရှိတဲ့ အခုလို မြေပေါ်နိုင်ငံရေးစုဖွဲ့မှုရဲ့ ရည်ရွယ်ချက်နဲ့ သဘောထားတွေကို ယခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် (ထိုစဥ်က အကျဥ်းကျခံနေရဆဲ) အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ သင်းပင်းစုရုံးခွင့်ရှိဖို့နဲ့ အဓမ္မ စစ်မှုထမ်းစုဆောင်းမှုတွေ အဆုံးသတ်ဖို့၊ အရပ်သားတွေ ထိခိုက်သေဆုံးနေရတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှောင်ကြဥ်ဖို့၊ အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့၊ CDM မှာ ပါဝင်ခဲ့ကြတဲ့ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လက်စားချေတုံ့ပြန်တာတွေ မလုပ်ဖို့နဲ့ CDM တွေအပေါ် အသက်မွေးဝမ်းကျောင်းခွင့် ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့၊ အဲဒလို နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ရာမှာ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာအစိုးရ၊ ကုလသမဂ္ဂလို အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေကို တောင်းဆိုခဲ့ကြတာပါ။

PCB ရဲ့ လမ်းကြောင်းကို ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်း မဟုတ်သလို အာဏာသိမ်းစစ်တပ်က စိတ်ကြိုက်ပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအောက်မှာ ပါတီတရပ် အနေနဲ့ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ဝင်ရောက်ပြီး မိမိတို့ ဖြစ်စေလိုတဲ့ နိုင်ငံရေးဦးတည်ချက်ကို လုပ်မယ်ဆိုတဲ့ လမ်းကြောင်းလည်း မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစု၊ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ တဖက်မှာလည်း လူထုခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စီးပွားရေး ကျပ်တည်းမှုဒုက္ခတွေကို လျော့ပါးအောင် ကြိုးပမ်းတဲ့ သဘောလို့ နားလည်ရပါတယ်။

PCB ရဲ့ လှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ပြင်းပြင်းထန်ထန် ထိန်းချုပ်တာတွေ မလုပ်သည့်တိုင် အနီးကပ်စောင့်ကြည့်နေတဲ့ သဘောမျိုး တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်ထဲတုန်းက ကလေဆွေးနွေးပွဲကို တားမြစ်ခဲ့ပြီး အခုအခါမှာတော့ အဲဒီလို တားမြစ်မှုတွေ ထပ်လုပ်တာ မတွေ့ရသေးပါဘူး။

၂၀၂၄ ခုနှစ် အနေအထားက ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲအခင်းအကျင်းကို အထိအခိုက်မခံနိုင်တာကြောင့် ကန့်သတ်တာ၊ တားမြစ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးမှာ အလယ်အလတ်လမ်းစဥ်၊ တနည်း ပြင်းထန်တဲ့ အယူအဆနဲ့ တော်လှန်ရေးလမ်းစဥ် မဟုတ်တဲ့ နိုင်ငံရေးအယူအဆမျိုး ရေပန်းစားလေ့ မရှိခဲ့ပါဘူး။ လွတ်လပ်ရေးရပြီး လအနည်းငယ်အတွင်းမှာပဲ ပြည်တွင်းစစ်ထဲ သက်ဆင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းက လက်ဝဲဝါဒကို ကိုင်စွဲတဲ့ နိုင်ငံရေးအင်အားစုတွေရော အမျိုးသားရေးဝါဒအတွက် လက်နက်ကိုင်ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ လွတ်လပ်ရေးရပြီးနောက်တနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်ထဲ ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစိုးရတပ် အရပ်သားအခေါ် အရ မြန်မာစစ်တပ်က နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍကို ဖယ်ရှားပြီး စစ်အာဏာရှင်စနစ်နဲ့ အာဏာရယူပြီး ဆယ်စုနှစ် ၅ ခုကျော် အုပ်ချုပ်လာခဲ့တာပါ။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်က ထောက်ခံရပ်တည်ထားတဲ့ ကြံ့ခိုင်ရေးပါတီက အာဏာရယူဖို့ ပြောင်းလဲခဲ့ပြီး ပြည်တွင်းစစ်ကို အတိုင်းအတာတခုထိ အရှိန်လျော့ကျဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ တွေ့ရပါလိမ့်မယ်။

သို့ပေမဲ့ အရပ်သား နိုင်ငံရေးပါတီ NLD အာဏာရပြီး ၅ နှစ်သက်တမ်း တကြိမ်အပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၄င်းတို့ စစ်ကောင်စီ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခဲ့ရာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်မီးထဲ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် ၇ ခုကျော်အကြာမှာ ဒုတိယအကြိမ် သက်ဆင်းခဲ့ရပြန်တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်၊ စစ်တပ် ထောက်ခံတဲ့ အရပ်ဝတ် စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပါတီနဲ့ အုပ်ချုပ်တဲ့ အရပ်သားအမည်ခံ စစ်အာဏာရှင်စနစ်တို့နဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်မီးထဲကနေ မရုန်းထွက်နိုင် ဖြစ်နေတဲ့ သဘောလို့ ဆိုရင် မမှားပါဘူး။

အိမ်နီးချင်းနိုင်ငံတွေအကြားဉ အရှေ့တောင်အာရှနိုင်ငံတွေအကြား မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ပြည်တွင်းစစ်ကို ဆယ်စုနှစ် ၇ ခုကျော် ၈ ခုနီးပါး ဆင်နွှဲနေခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းကြောင်းနဲ့ ဖြေရှင်းတာ အဖြေမဟုတ်ဘူးဆိုတဲ့ မြေပေါ်နိုင်ငံရေးလမ်းကြောင်း ပြန်ပေါ်လာဖို့ တနည်းအားဖြင့် စစ်မီးတောက်ထဲ ကျရောက်နေတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေရဲ့ ဘဝတွေကို လွတ်မြောက်စေဖို့ နိုင်ငံရေးနည်းလမ်း တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ကြိုးပမ်းကြမဲ့ PCB အင်အားစုတွေရဲ့ ရည်မှန်းချက် အောင်မြင်နိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း လူအချို့မှာ ရှိနေကြဆဲဖြစ်တာ တွေ့ကြရပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar