Breaking News

မလေးရှားရောက် မြန်မာဒုက္ခသည် ပြန်ပို့ရေး အစီအစဥ် ဆက်လက်ဆောင်ရွက်နေ

May be an image of one or more people, crowd and text 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၉ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၃၀ ၊ ၂၀၂၆

မလေးရှားရောက် မြန်မာဒုက္ခသည် ပြန်ပို့ရေး အစီအစဥ် ဆက်လက်ဆောင်ရွက်နေ

မကြာသေးခင်လပိုင်းက မလေးရှားနိုင်ငံ အစိုးရခေါင်းဆောင်တွေက မလေးရှားရောက် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှုရထားပြီလို့ ပြောဆိုခဲ့ပြီးနောက် ပြန်လည်ပို့ဆောင်မဲ့ လုပ်ငန်းစဥ်တွေကို နှစ်နိုင်ငံက သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ဆက်သွယ်လုပ်ဆောင်နေရာမှာ ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁၄၀၀ ကျော်ကို လာမဲ့ စက်တင်ဘာလကုန်မှာ ပြန်လည်ပို့ဆောင်ဖို့ စီစဥ်ထားကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီသတင်းတွေ ပေါ်ထွက်လာပြီးနောက် လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က အခုလို ပြန်ပို့မဲ့ အစီအစဥ်ကို ရပ်ဆိုင်းထားသင့်တဲ့အကြောင်း တောင်းဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၂ သိန်းကျော်ရှိနေပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးဒုက္ခသည်တွေက ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်ပြီး အဲဒီနောက် ဒုတိယအများဆုံးက ချင်းလူမျိုးတွေဖြစ်ပြီး အခြား ကရင်၊ မွန် စတဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်တွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီးနောက် ၇ သိန်းဝန်းကျင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးခိုလှုံကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေခဲ့ကြတာ အခုဆို ၉ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကာလတွေ အတွင်း ဘင်္ဂလားပင်လယ်အော်၊ အက်ဒမန်ပင်လယ်တလျှောက် လှေတွေနဲ့ အသက်စွန့်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာကြသလို ကုန်းလမ်းကနေ မြန်မာနိုင်ငံ ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံကို ရောက်ရှိဖို့ သွားရောက်ကာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်အစီအစဥ် အရ နိုင်ငံတနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ ကြိုးပမ်းကြတာ အများသိရှိပြီး ဖြစ်ပါတယ်။ ဒီလို ရေလမ်း၊ ကုန်းလမ်းတွေကနေ လူမှောင်ခိုကုန်ကူးသူတွေကို မတန်တဆ ငွေကြေးပေးပြီး သွားရောက်ကြရာမှာ လှေပျက်စီးပြီး သေဆုံးတာ၊ လမ်းခရီးမှာ အသက်ဆုံးရှုံးတာ၊ အမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရတာတွေလည်း ဖြစ်ပွားလေ့ရှိတာ လွတ်မြောက်လာသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရ သိရှိကြပြီး ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအဖို့ ဦးတည်ရာနိုင်ငံတခု ဖြစ်နေခဲ့ပြီး သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံထားရတဲ့ အခြေအနေဖြစ်လာရာက မကြာသေးခင်က မလေးရှားအစိုးရအနေနဲ့ နောက်ထပ်လာရောက်တာတွေကို တန့်သွားစေဖို့နဲ့ လက်ခံထားရတဲ့ ဒုက္ခသည်အရေအတွက် လျော့ကျစေဖို့ ပြန်လည်ပို့ဆောင်မဲ့ အစီအစဥ်ကို စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ၊ အချို့သောလူမျိုးစုတွေအပေါ်  ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ လက်တွေ့ကျင့်သုံးမှုတွေ ရှိနေတဲ့ နိုင်ငံလိုမျိုးကို ဒုက္ခသည်တွေကို ပြန်ပို့မဲ့ အစီအစဥ်ဟာ ပြန်ပို့ခံရသူတွေအဖို့ ဖမ်းဆီး အကျဥ်းချခံရနိုင်ခြေ၊ အဓမ္မစစ်သားစုဆောင်းခံရနိုင်ခြေတွေ ရှိနေတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ပြန့်ပို့တဲ့အစီအစဥ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ကတော့ မြန်မာနိုင်ငံ ပြည်တွင်းစစ် ရှည်ကြာလာတဲ့အချက်၊ မကြာသေးခင်က ရွေးကောက်ပွဲ ကျင်းပပြီး အမည်ခံ ရွေးကောက်ခံအစိုးရ ဖြစ်လာတဲ့ အချက်တွေကို ပေါင်းစပ်သုံးသပ်ပြီး နှစ်ရှည်ကြာ လက်ခံထားရတဲ့ ဒုက္ခသည်ပြဿနာကို မိမိနိုင်ငံအကျိုးစီးပွားအပေါ် မူတည်ကာ ဖြေရှင်းမဲ့ သဘောမျိုးလို့ ယူဆရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့ထားတဲ့ စာရင်း ဒုက္ခသည်ဦးရေ ၅ သိန်းအနက် မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့သူ ၃ သိန်းသာ ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။

အခု မလေးရှားနိုင်ငံက ပထမအသုတ် ပြန်ပို့မဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၀၀ ကျော်ဟာ မလေးရှားနိုင်ငံက မြန်မာအစိုးရဆီ ပေးပို့ထားတဲ့ စာရင်းထဲက ဒုက္ခသည် ၅၀၀၀ စာရင်းကို စိစစ်ထားတဲ့ အထဲက ဖြစ်ပါတယ်။

လာမဲ့စက်တင်ဘာလကုန်မှာ ဒုက္ခသည် ၁၄၀၀ ကျော်ကို မြန်မာစစ်ရေယာဥ် ၂ စင်း၊ ဆေးရုံရေယာဥ် ၁ စင်းတို့နဲ့ သယ်ဆောင်ခေါ်ယူလာမယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ၁ သန်းနီးပါးသော ရိုဟင်ဂျာ ဒုက္ခသည်တွေအနက် ပြန်လည် လက်ခံနေရာချထားတဲ့ အစီအစဥ်တွေကို ၉ နှစ်ကြာလာတဲ့အထိ မလုပ်ဆောင်နိုင်သေးတဲ့ အခြေအနေမှာ မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေထဲက အချို့ကို အခုလို ပြန်လည်ပို့ဆောင်တဲ့ အစီအစဥ်ဟာ ထူးခြားတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်မှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ်ဆိုလို့ ၃ မြို့နယ်သာရှိတဲ့ အနေအထားမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ၄င်းတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေရာချထားဖို့ အလားအလာ ရှိမနေတာ တွေ့ရမှာပါ။

မလေးရှားက ပြန်ရောက်လာမဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၀၀ ကျော်ကို ဘယ်လို နေရာချထားမလဲ။ ဘယ်လို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်ရပ်တည်မလဲဆိုတဲ့ လက်တွေ့ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးခွန်းအများအပြားလည်း ရှိနေဆဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ကတော့ အခုလို နေရပ်ပြန်ပို့တဲ့အစီအစဥ်ကို စတင်နိုင်ခဲ့ရင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မလေးရှားနိုင်ငံဆီ ဦးတည်ကာ လာရောက်ကြမဲ့ ဒုက္ခသည်တွေကို အတိုင်းအတာတခုထိ ရပ်တန့်သွားစေလိမ့်မယ်လို့ မျှော်လင့်ပြီး လုပ်ဆောင်တာလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar