ဖလော်ဒါဟန် - ပြည်သူများဘဝ မပျော်နိုင်ကြပါ
ဖလော်ဒါဟန် - ပြည်သူများဘဝ မပျော်နိုင်ကြပါ
မိုးမခ ၊ ဩဂုတ် ၃၀ ၊ ၂၀၂၆
တစ်ခါတရံမှာ အလှပဆုံး စာမျက်နှာတစ်ပုဒ်နဲ့ ကမ္ဘာကြီးကို နှုတ်ဆက်ချင်ပါတယ်။ နိုးထမှုအချိန်တိုင်းမှာ ပြည်သူတွေရဲ့ အဆင်မပြေမှုက ရွာထိပ်က အကြော်သည်က စတာပါပဲ။ အကြော်စကြော်ချိန် နံနက် ၅ နာရီလောက်မှာ လောက်စာလုံးလောက် ဘယာကြော်အလုံးလေးတွေ ဆီပွက်ထဲမှာ ကူးလူးနေကြတယ်။ တစ်လုံးကို တစ်ရာကျပ်နဲ့ ငါးလုံးလောက်မှ ထမင်းပူပူနဲ့ ထမင်းလုတ် ငါးလုတ်စာက ကလေးလူငယ်များအတွက်ရော အိမ်မိသားစု တစ်ယောက်ချင်းစီအတွက်ပါ အာဟာရဖြစ်နိုင်ပါ့မလား။
ပဲပြုတ်၊ ငချိတ်ပေါင်း၊ မုန့်ခွေလိပ်၊ အုန်းပေါင်းကလည်း ငါးရာကျပ်ဖိုးဆို လက်တစ်ဆုပ်စာ စားတော်ပဲ လေးဆယ်စေ့လောက်နဲ့ မဆို့တဆို့ပါပဲ။ ငချိတ်ဆန် တစ်ပြည် ၁၀,၇၀၀ ကျပ်မှာ မိသားစုတွေအတွက် နံနက်စာ ခရီးမတွင်လှပါ။ စားအုန်းဆီဈေးကလည်း ၂၀,၀၀၀ ကျပ်မို့ အကြော်သည်ဘဝနဲ့ စားသုံးသူဘဝက ဆင်ပါးစပ် နှမ်းပက်သလိုပါပဲ။ ရွေးကောက်ပွဲပြီးရင် ဆိုတဲ့ စာပေဗဟုသုတနည်းသူတွေအတွက် မျှော်လင့်ချက် ခရီးလမ်းဆုံး ရောက်နေကြရတဲ့ ဘဝပါ။ လေယာဉ်သံတွေ နေ့ညမစဲ ဟည်းဟည်းထနေပုံက ပြည်သူအချို့အတွက်တော့ တွက်ရေးချက်ရေး စည်းဝါးမကိုက်တော့တာတွေ ကြားလာရပါပြီ။ ရက်ကန်းဈေးကလည်း ဈေးကွက်မှာ ပျက်သည့်အနေအထား ဆိုတော့ စက်သံတွေလည်း တိတ်ဆိတ်ပေါ့။ လေယာဉ်ပေါ်က မဆင်းဘဲ ဝေဟင်ပေါ်မှာ မိုးတလုံး လေတလုံးနဲ့ ပြည်သူတွေ ဘဝက စိတ်အာဟာရရော ခန္ဓာကိုယ်အာဟာရပါ ချို့တဲ့လာကြတယ်။
ဆိုင်ကယ်နဲ့ပတ်နေတဲ့ ကုန်စိမ်းသည်တွေပဲ တစ်နေ့တာ ဝမ်းရေးအတွက်မို့ ရောင်းဝယ်ဖောက်ကား နေကြရတာမျိုးပါ။ ဟိုအလုပ်နား၊ ဒီအလုပ်ရပ်နဲ့ ပြည်သူတွေဘဝက နိုင်ငံသားတစ်ယောက် ဆိုသည့် အခွံပဲ ကျန်ပါတော့တယ်။ ကျောင်းတွေ ကြည့်ပြန်တော့လည်း သင်ကြားမှုနဲ့ ကလေးတွေဘဝက တစ်ထပ်တည်းမကျတော့ တစ်ယောက်ကို တစ်ယောက် နားရွက်ဆွဲ ဒဏ်ပေးသည့် စနစ်ကြီးက ကြီးစိုးလာပြန်တယ်။ စိတ်ဒဏ်ရာနဲ့ လူငယ်တွေဘဝက တစ်ယောက်ကို တစ်ယောက် ကိုယ်ချင်းစာတရားနဲ့ လူသားဆန်ဆန် နေထိုင်နိုင်ဖို့ဆိုတာ ကျောင်းပညာရေးကနေစလို့ သွေဖည်လာတာတော့ ကြေကွဲစရာပါ။ 'ကျောင်းနေပျော်၍ စာတတ်ရမည်' ဆိုသည့် ဆောင်ပုဒ်သည် ဒီနေ့ဒီခေတ်ကြီးမှာ မရှိပါ။ CDM ဆရာ/ဆရာမများ ကိုယ်စား ဝင်ရောက်ခွင့်၊ ပညာသင်ကြားခွင့် ရထားသည့်အလျောက် အတွေ့အကြုံနှင့် ခံယူချက်၊ စိတ်စေတနာသည် ယခင်ဆရာ၊ ဆရာမများနှင့် တုနှိုင်းလို့မရပါ။ ကျောင်းသားလူငယ်များအတွက် ပညာတတ်ကောင်း တတ်ပါမည်၊ လူတော်လူကောင်းများဖြစ်ဖို့ အလှမ်းကွာဝေးလျက်ရှိသည်။
တစ်ဖက်မှ ပြန်ကြည့်မည်ဆိုပါက စီးပွားရေးအဆင်ပြေသူများသည် အပျော်ကိုဗန်းပြပြီး မိမိတို့လုပ်ငန်းများကို ရေရှည်ရပ်တည်နိုင်ဖို့ ပြည်သူများ၏ ချွေးနှဲစာကို ခြစ်ခြုတ်ယူလျက်ရှိကြသည်။ ကြီးနိုင်ငယ်ညှဉ်း ဘဝတွေမှာ အမှန်တရားကို လျစ်လျူရှုထားကြသူတွေအတွက်တော့ ဘဝတွေက လူပေါ်လူဇော်ဘဝဖြင့် ရှင်သန်နေကြဦးမှာပါ။ ပြည်သူသည်သာ အိုးမဲ့၊ အိမ်မဲ့၊ မိဘမဲ့၊ နိုင်ငံမဲ့ ဘဝပေါင်းများစွာဖြင့် အာဏာရှင်သက်တမ်းကို အန်တုရင်း ရှေ့ဆက်ဘဝတွေ ပေးဆပ်ကြရဦးမှာ။ မိမိကိုယ်ကိုယ် မြန်မာနိုင်ငံသားတစ်ယောက်လို့ စာအုပ်ပေါ်မှာ ရိုက်နှိပ်ရေးထားပါသော်လည်း လူဖြစ်ရှုံးနေကြရသည့် ဘဝမှာ လူသားဆန်ဆန် နေထိုင်ခြင်းဖြင့် ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ။
စာရေးအနုပညာတွင် ပျော်စရာ၊ ဝမ်းနည်းစရာ နှစ်မျိုးလုံးကို ရေးသားလေ့ရှိကြသည်။ ကျွန်မအတွက်တော့ နံနက်မိုးသောက်ချိန်မှစလို့ အဆင်မပြေမှုများစွာဖြင့် အသက်ရှင်သန်ခွင့်မှာ အဖြစ်ဆိုး၊ ဒုက္ခအမျိုးမျိုးရောက်အောင် တွန်းပို့နေကြသူများ ရှိနေသရွေ့ ပျော်စရာမရှိသလို လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး ဆိုသည်များကလည်း ခန်းခြောက်နေဦးမှာပါ။
ဖလော်ဒါဟန်
၂၆.၈.၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar