တာပလု - စစ်မှုထမ်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စက်ရုံလုပ်သားများ
တာပလု - စစ်မှုထမ်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စက်ရုံလုပ်သားများ
မိုးမခ ၊ ဩဂုတ် ၂၁ ၊ ၂၀၂၆
ရန်ကုန်မြို့ကြီးရဲ့ ညချမ်းတွေဟာ အရင်ကလို မဟုတ်တော့ပါဘူး။ လမ်းမကြီးတွေပေါ်မှာ မီးရောင်တချို့ လင်းလက်နေပေမဲ့ မြို့ခံတွေရဲ့ ရင်ထဲမှာတော့ စိုးရိမ်စိတ်၊ ထိတ်လန့်မှုနဲ့ မရေရာခြင်းတွေက လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဘာဖြစ်သွားမလဲ၊ အိမ်ပြန်လမ်းမှာ ဘယ်သူနဲ့ ပက်ပင်းတိုးမိမလဲဆိုတာ မခန့်မှန်းနိုင်တဲ့ ညပေါင်းများစွာကို ရန်ကုန်မြို့ခံတွေ၊ အထူးသဖြင့် စစ်မှုထမ်းသက်မီတဲ့ လူငယ်တွေ ထိတ်လန့်ခြောက်ခြားစွာ ဖြတ်သန်းနေရပါတယ်။
ဇူလိုင်လ တလတာလုံး ရန်ကုန်မြို့ရဲ့ မြေပြင်အခြေအနေကို လိုက်လံသုတေသနပြု စုံစမ်းခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေဟာ မြို့ပြလုံခြုံရေး မဏ္ဍိုင်တခုလုံး ဘယ်ောက်အထိ ပျက်စီးယိုယွင်းနေပြီဆိုတာကို အထင်အရှား သက်သေပြနေတာပါ။
ဒီဆောင်းပါးဟာ သုတေသန ကောက်ယူသူ တယောက်ရဲ့ မြေပြင်တွေ့ရှိချက်တွေအပေါ် အခြေခံပြီး ရန်ကုန်မြို့ရဲ့ စစ်မှုထမ်းဖိအားနဲ့ လုံခြုံရေးဆိုင်ရာ အနိဋ္ဌာရုံကို သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။
ဇူလိုင်လအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ်အသီးသီးက အချက်အလက်တွေကို ကောက်ယူရင်း ပထမဆုံး သတိထားမိတာကတော့ မြို့ခံတွေ၊ မိသားစုအသိုင်းအဝိုင်းတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ မကွယ်နိုင်တဲ့ စိုးရိမ်စိတ်တွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသက်မီတယ်လို့ သတ်မှတ်ခံထားရတဲ့ လူငယ်ထုအတွက်ဆိုရင် ရန်ကုန်ရဲ့ လမ်းမတွေဟာ အရင်ကလို လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်တဲ့ နေရာ မဟုတ်တော့ပါဘူး။
ကော်ဖီဆိုင်၊ ဘတ်စ်ကားမှတ်တိုင်၊ လမ်းမတွေနဲ့ လမ်းကြားလေးတွေအထိပါ လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်အန္တရာယ်လုံခြုံရေးဟာ စိုးရိမ်ရတဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်သွားခဲ့ပါတယ်။
သမားရိုးကျ လုံခြုံရေးစစ်ဆေးမှုမျိုး မဟုတ်ဘဲ ဘယ်အချိန်မျိုးမဆို ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်ခံရနိုင်တဲ့ အခြေအနေသို့ ဆိုးရွားစွာ ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပျက်နေတဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေနဲ့ ပေါ်တာဆွဲမှုတွေဟာ ဟိုနားဒီနား ကျပန်းဖြစ်ပေါ်နေတာ မဟုတ်တဲ့အကြောင်း မြေပြင်အချက်အလက်တွေက အခိုင်အမာ ဖော်ပြနေပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးစနစ် အဆင့်ဆင့်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက အကွက်ကျကျ၊ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေတာကို သုတေသနပြုချက်အရ တွေ့ရှိခဲ့ရပါတယ်။
ဇူလိုင်လတလတည်းမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုက ဖမ်းဆီးခံရသူ အရေအတွက် အနည်းဆုံး ၉၀ ဦးထက်မနည်း ရှိခဲ့တဲ့အကြောင်း သုတေသနမှတ်တမ်းက အတည်ပြုပေးထားပါတယ်။ ဒီအတည်ပြုချက်ဟာ မြေပြင်မှာ ရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး၊ ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က အခြေအနေတွေက ပိုမိုဆိုးရွားလှပါတယ်။
ဒီ ၉၀ ဆိုတဲ့ ကိန်းဂဏန်း အရေအတွက်ထက် ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ ဖမ်းဆီးခံရပြီးသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ သတင်းအချက်အလက် စီးဆင်းမှုပဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက် မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ လူမှုအသိုင်းအဝိုင်းက အဆက်အသွယ် လုံးဝ မရရှိတော့တဲ့ ဖြစ်စဉ်တွေ အများအပြား ရှိနေပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေအရ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖမ်းဆီးထားသူရဲ့ တည်နေရာနဲ့ အခြေအနေကို ထုတ်ဖော်မပြောဘဲ မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာဟာ "အတင်းအဓမ္မ ဖျောက်ဖျက်ခံရခြင်း"ဆိုတဲ့ ကျူးလွန်မှုအဆင့်ကို တိုက်ရိုက်ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူ့လုံခြုံရေးဆိုင်ရာ မဏ္ဍိုင်တွေ လုံးဝ ပျက်စီးယိုယွင်းနေပြီဆိုတာကို ဒီဒေတာတွေက မငြင်းနိုင်တဲ့ သက်သေအဖြစ် ပြသနေပါတယ်။
သုတေသနပြုချက်အရ ရန်ကုန်မြို့ရဲ့ ၁၉ မြို့နယ်ကို အသေးစိတ် လေ့လာဆန်းစစ်ခဲ့ရာမှာ မတရားဖမ်းဆီးမှု အရေအတွက် အများဆုံး စာရင်းထွက်ပေါ်လာတဲ့ မြို့နယ်ကတော့ လှိုင်မြို့နယ် ဖြစ်ပါတယ်။ လှိုင်မြို့နယ်တခုတည်းမှာတင် ဖမ်းဆီးခံရသူ အနည်းဆုံး ၉ ဦးအထိ ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
လှိုင်မြို့နယ်ဟာ စီးပွားရေးအရ လှုပ်ရှားမှုများပြားပြီး စက်ရုံ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်အများအပြား နေထိုင်ရာ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ သုတေသနအရ ထူးထူးခြားခြား သတိထားမိတဲ့အချက်ကတော့ ဖမ်းဆီးသူတွေဟာ ပုံမှန်စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရုံတင်မကတော့ဘဲ၊ အရပ်ဝတ်တွေနဲ့ အကွက်ချ စောင့်ဆိုင်းကာ ရုတ်တရက် စီးနင်းဖမ်းဆီးတဲ့ နည်းဗျူဟာကို စနစ်တကျ ပြောင်းလဲအသုံးပြုလာခြင်းပဲ ဖြစ်ပါတယ်။
လမ်းသွားလမ်းလာ လူငယ်တွေနဲ့ အလုပ်ကပြန်လာတဲ့သူတွေကို အရပ်ဝတ်တွေနဲ့အနီးကပ် စောင့်ဆိုင်းပြီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေဟာ လက်ရှိ ရန်ကုန်မြို့ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
အရပ်ဝတ်တွေနဲ့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေမှုတွေကြောင့် မြို့ခံပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေချိန်မှာ စစ်တပ်ရဲ့ ပြည်ထဲရေး ဒုဝန်ကြီးက တရားဝင် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
"ဒါဟာ စစ်မှုထမ်းဖို့ တိမ်းရှောင်နေသူတွေကို စောင့်ဆိုင်းဖမ်းဆီးတာ ဖြစ်ပါတယ်"
ဒီဖြေရှင်းချက်ဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး တရားဥပဒေမဲ့ အဓမ္မ စုဆောင်းခြင်းနဲ့ ပေါ်တာဆွဲခြင်းတွေကို အုပ်ချုပ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းအဆင့်ဆင့်က တရားဝင် ပြုလုပ်နေပါတယ်ဆိုတာကို ကိုယ်တိုင် ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။
သို့သော် သုတေသန စုံစမ်းအတည်ပြုထားတဲ့ အရေအတွက် ၉၀ ဆိုတာဟာ အနည်းဆုံး ရရှိထားတဲ့ ပမာဏသာ ဖြစ်ပါတယ်။ လူမသိ သူမသိ တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေ၊ မိသားစုတွေက နောက်ဆက်တွဲ ဘေးအန္တရာယ်ကို စိုးရိမ်လို့ သတင်းအမှောင်ချထားတာတွေနဲ့ သတင်းအချက်အလက် စီးဆင်းမှု ပိတ်ဆို့ခံထားရတာတွေကို ထည့်တွက်လိုက်မယ်ဆိုရင် မြေပြင်မှာ အမှန်တကယ် မတရားဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက် အဆပေါင်းများစွာ ပိုပြီးများပြားနိုင်ပါတယ်။
မြေပြင်အခြေအနေကို ဆက်လက်စောင့်ကြည့် သုတေသနပြုချက်တွေအရ ဩဂုတ်လ ၁၀ ရက်မှာ ထူးခြားပြီး စိုးရိမ်စရာကောင်းတဲ့ ဖြစ်စဉ်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီး စစ်မှုထမ်းသင်တန်းကို မှော်ဘီမြို့ အမှတ် (၄) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း (ရကသ-၄) အပါအဝင် စစ်သင်တန်းကျောင်းအချို့မှာ စတင်ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။
Myanmar Defense & Security Institute (MDSI) ရဲ့ ထုတ်ပြန်ချက် ဒေတာတွေအရ အဆိုပါ စစ်သင်တန်းကို တက်ရောက်နေရသူ အများစုဟာ ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံတွေက အမျိုးသမီး အလုပ်သမားတွေ ဖြစ်နေကြောင်း စုံစမ်းသိရှိရပါတယ်။ ယခင် ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းကလည်း ရကသ-၄ မှာ အမျိုးသမီး စစ်သင်တန်း အမှတ်စဉ် (၁) ကို ပုံမှန် စစ်သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ဖူးတဲ့ အချက်အလက် သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။
အဆိုပါ သင်တန်းဟာ စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားတဲ့ စစ်မှုထမ်းကာလ ၂ နှစ်အတွက် တိုက်ရိုက် ခေါ်ယူတာလားဒါမှမဟုတ် အခြားပုံစံလားဆိုတာကိုတော့ သီးခြား အတည်ပြုချက်တွေ ဆက်လက် ရယူနေဆဲ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမား အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတဲ့ ဖြစ်စဉ်နဲ့ တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသအချို့မှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးခြင်းနဲ့ ဖမ်းဆီးစုဆောင်းခံရခြင်း သတင်းအချက်အလက်တွေပါ ထွက်ပေါ်လာနေပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသား လူငယ်တွေအပေါ် ပေါ်တာဆွဲဖမ်ဆီးမှုတွေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ အမြင့်ဆုံး ရောက်ရှိနေချိန်မှာ အခုလို အမျိုးသမီးတွေအတွက်ပါ စစ်သင်တန်းတွေကို တိုးချဲ့ဖွင့်လှစ်လာတာဟာ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ မဏ္ဍိုင်တခုလုံးကို ပိုမိုပြိုလဲသွားစေတဲ့ အလွန်အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ ပြည်သူလူထု၊ အထူးသဖြင့် စက်ရုံအလုပ်ရုံတွေက အမျိုးသမီး အလုပ်သမားတွေ၊ လူငယ်အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနည်းတူ သွားလာလှုပ်ရှားမှု၊ အလုပ်အကိုင်နဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကို သတိပြုဖို့ လိုအပ်ပါတယ်။
စစ်ဆေးရေးဂိတ်တွေနဲ့ အရပ်ဝတ်တွေကြား၊ လွတ်လပ်စွာ သွားလာခွင့်တွေ ပျောက်ဆုံးသွားတဲ့ အခြေအနေဟာ ရန်ကုန်ရဲ့ မြို့ပြလုံခြုံရေး မဏ္ဍိုင်တခုလုံး ပြိုလဲသွားတာကို သက်သေပြနေတာပါ။
အိမ်ပြန်လမ်းတိုင်းမှာ ဘာဖြစ်သွားမလဲဆိုတာ မခန့်မှန်းနိုင်တဲ့ ညပေါင်းများစွာကို အမျိုးသမီးငယ်တွေပါ ထိတ်လန့်စွာ ဖြတ်သန်းနေကြရပါတယ်။ ဒီလို မှောင်မိုက်နေတဲ့ ကာလမှာ မိမိတို့ရဲ့ လုံခြုံရေးကို အချင်းချင်း သတင်းပေး သတိထားကြခြင်းနဲ့ စည်းလုံးစွာ ကာကွယ်ပွေ့ဖက်ထားကြခြင်းထက် ပိုကောင်းတဲ့ နည်းလမ်း မရှိနိုင်တော့ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar