မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၈)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၈)
မိုးမခ ၊ ဩဂုတ် ၂၁ ၊ ၂၀၂၆
ကြေကွဲကြည်နူးဖွယ် ဝေဘူလ
မောင်လူမွှေးသည် ရဲဘော်တစ်ဦးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့တွင် နတ်ချောင်းမှ ထွက်ခွာခဲ့သည်။ နတ်ချောင်းရွာ၏ တောင်ဘက် နတ်ချောင်း-ဝေဘူလ လမ်းအတိုင်း ချင်းတောင်ကို စတက်ခဲ့သည်။ ချင်းတောင်ကို စတက်သည်နှင့် အကွေ့အကောက်လမ်းတွေ၊ တောင်နံရံတွေ၊ ခြောက်ကမ်းပါးတွေကို မြင်ရသည်။ မမြင်ရတာကြာပြီဖြစ်သည့် ရှုခင်းတွေမို့ မောင်လူမွှေးစိတ်ကို လန်းဆန်းစေပါသည်။ မိုးရာသီမို့ ကောင်းကင်က အုံ့မှိုင်းနေသည်။ မိုးရာသီ မိုးစက်တွေအားကိုးနဲ့ သစ်ပင်တွေ ကျဲပါးနေသည့် တောင်တွေသည် အစိမ်းရောင်ဝတ်ရုံကို ကောင်းကောင်းကြီး ခြုံထားနိုင်ကြသေးသည်။
မနက် ဆယ်နာရီဝန်းကျင်မှာ ဝေဘူလမြို့လေးကို ရောက်သည်။ မြို့အနီးဝန်းကျင်မှာ တိမ်တွေ ဝန်းရံနေသည့် ဝေဘူလ၏ ရှုခင်းသည် ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းပါသည်။ ဝေဘူလမြို့ လမ်းမကြီး၏ အောက်ဘက်တွင် ဝေဘူလစာသင်ကျောင်းလေးကို တွေ့ရသည်။ တောင်ပေါ်မှာ ဘောလုံးကွင်း တစ်ကွင်းစာ မြေပြင်ညီပေါ်မှာ တထပ်ကျောင်းဆောင်လေးကို တွေ့ရသည်။ ကွင်းပြင်မှာ ကစားနေကြသော ကလေးအချို့ကိုလည်း မြင်ရသည်။ တောင်ပေါ်မှာ ကလေးတွေအတွက် သည်လို လွတ်လွတ်လပ်လပ် ကစားလို့ရသည့် ကွင်းပြင်နေရာက များများစားစား မရှိပါ။ ဝေဘူလမြို့ အထက်တန်းကျောင်းဝင်းကို လမ်းကြီးပေါ်ကနေကြည့်ပြီး မောင်လူမွှေးသည် စစ်တပ်၏ ဗုံးကြဲသတ်ဖြတ်ခဲ့မှုကို ချက်ချင်းသတိရမိသည်။
ဝေဘူလမြို့က သည်ကျောင်းဝင်းနေရာမှာ ၂၀၂၃ ခုနှစ်က သွေးစွန်းခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် စာသင်ကျောင်းဝင်းထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျောင်းအုပ်ဆရာကြီးတို့ ဇနီးမောင်နှံ၊ ကျောင်းဆရာမတစ်ဦး၊ ခရစ်ယာန် တရားဟောဆရာ တစ်ဦးနှင့် ကလေးနှစ်ဦး အပါအဝင် ကိုးဦး သေဆုံးခဲ့ရသည်။ ဝေဘူလမြို့ စာသင်ကျောင်းကို ဗုံးကြဲသည့် ဧပြီ ၁၀ ရက်နေ့သည် ဖလမ်းနှင့် ဝေဘူလမြို့ကြားက ဗားရ်တံတားကို သိမ်းပိုက်ခဲ့သည့်နေ့ ဖြစ်သည်။ စစ်တပ်သည် ဗားရ်ရွာစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့ CNDF ထံ လက်လွတ်ဆုံးရှုံးရသောကြောင့် ဝေဘူလမြို့က ချင်းပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြလိုက်ခြင်းဖြစ်သည်။
မောင်လူမွှေး ဆိုင်ကယ်ပေါ်ကနေ ဆော့ကစားနေကြသည့် ကလေးတွေကို ကြည့်ပြီး စိတ်ကြည်နူးလာသည်။ ထို့နောက် စိတ်မကောင်းဖြစ်လာသည်။ သွေးစွန်းခဲ့သည့်နေရာ၊ သူတို့တစ်မြို့လုံး တောတောင်ထဲတွေထိ ပြေးပုန်းခဲ့ရသည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည့်နေရာမှာ သူတို့ ကစားနေကြသည်။ မည်သည့်လူမျိုးဖြစ်နေပါစေ လူအများစုသည် ကိုယ့်ဇာတိမြေကနေ ထွက်ခွာနိုင်ခွင့်မရှိကြပါ။ ဒါမှမဟုတ် မထွက်ခွာနိုင်ကြပါ။ တောင်တန်းကြီးတွေပေါ်မှာ အောက်ချင်းငှက်တို့၏ သစ္စာတရားဖြင့် နေထိုင်ကြသည်။ သွေးဖြင့် ချင်းတောင်တန်းကြီး၏ သမိုင်းကို ရေးနေကြဆဲ ဖြစ်သည်။
ဝေဘူလမြို့အထွက် ရှုခင်းကောင်းသည့်နေရာမှာ ဆိုင်ကယ်ကို ခဏရပ်ပြီး ပတ်ဝန်းကျင်ကို ငေးမောမိခဲ့သည်။ မိုးမရွာသော်လည်း တိမ်တွေနှင့် နီးလွန်းသဖြင့် မိုးစက်ဖွဲဖွဲလေးတွေ လမ်းပေါ်ကို ကျနေပါသည်။ အောက်ဘက်ရှုခင်းကို ကြည့်လိုက်လျှင် အောက်ကိုမမြင်ရပါ။ တောင်နှစ်လုံးကြားတွင် တိမ်တိုက်တွေက ခံထားသည်။ တိမ်ဖြူဖြူတွေဘေးမှာ စိမ်းမြနေသည့် တောင်တန်းများ။ ရှုခင်းသည် တကယ့်ကို နှစ်လိုဖွယ် ကောင်းလွန်းလှသည်။
ရာသီဥတုက အနည်းငယ်အေးသဖြင့် မောင်လူမွှေး အနွေးထည်ပါးပါးကို ဝတ်ထားရသည်။ လမ်းမကြီးဘေး ရေပွက်အိုင်ငယ်လေးတစ်ခုထဲတွင် အသက် လေးနှစ်ဝန်းကျင်အရွယ် ချင်းလူမျိုး မိန်းကလေးလေး တစ်ယောက်သည် ဖိနပ်မပါဘဲ ရေထဲ လျှောက်နေသည်။ ရေတွေကို ခြေထောက်နဲ့ကန်ပြီး ဆော့နေသည်။ ဘောင်းဘီတိုနဲ့ အင်္ကျီအပါးနှင့်ဖြစ်သော်လည်း သူ ချမ်းပုံမရ။ လမ်းပေါ်မှာ ဆော့နေသည့် ကလေးလေးသည် သူ မွေးဖွားရာ ချင်းတောင်မှာ ဘာတွေဖြစ်နေသည်ကို မသိနိုင်သေးပါ။ အခုအချိန်ဆိုလျှင် ထိုကလေးလေးသည် လေယာဉ်သံတွေကို နားစွင့်ရင်း စာသင်နေရလောက်ပါပြီ။ ထိုသို့ ဖြစ်ပါစေလို့သာ မောင်လူမွှေး ဆုတောင်းမိပါသည်။
ဝေဘူလမြို့ကနေ ထွက်လာတော့ လမ်းက အဆင်းဖြစ်သည်။ မဏိပူရ်မြစ်ကို ဖြတ်ကူးသည့် ဗားရ်တံတားကိုရောက်တော့ ခဏနားကြသည်။ ဗားရ်တံတားမှာ CNDF ဂိတ်ရှိသည်။ ကားတွေကို စစ်သော်လည်း ဆိုင်ကယ်တွေကို စစ်ဆေးခြင်း မရှိပါ။ လမ်းဘေးဆိုင်မှာ ထမင်းဝင်စားကြသည်။ ပြီးလျှင် ခရီးဆက်ကြရမည်။ ထမင်းစားနေစဉ်အတွင်း မောင်လူမွှေးနှင့် စာသင်ကြားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်ခဲ့သူကို မထင်မှတ်ဘဲ တွေ့ရသည်။ သူက စီးပွားရေးကို စိတ်ဝင်စားသူဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် သူက ဘော်ဒါဆောင်ကို ဖျက်သိမ်းပြီး ကားထောင်ကာ ကိုယ်တိုင်ကားမောင်းနေသည်။ "ဆရာကလည်းဗျာ ကိုယ့်ဟာကိုယ် စာသင်ပြီးနေရမှာ" ဟု မချင့်မရဲဆိုကာ နှုတ်ဆက်ထွက်ခွာသွားပါသည်။
ထမင်းစားပြီးနောက် မောင်လူမွှေးတို့ ထွက်ခွာခဲ့ကြသည်။ မောင်လူမွှေးတို့အနေဖြင့် စစ်တပ် တပ်ကုန်းရှိသော ဖလမ်းမြို့ကို ဖြတ်လို့မရပါ။ မြို့ကို ရှောင်ကွင်းပြီးမှ သွားရမည် ဖြစ်သည်။ မောင်လူမွှေးရော၊ မောင်လူမွှေးကို လိုက်ပို့သည့် ရဲဘော်ရော လမ်းကို ကောင်းကောင်းမသိပါ။ ထမင်းဆိုင်ရှင်ကို မေးတော့လည်း သူလည်း ကောင်းကောင်းမသိပါ။ လမ်းမှာက လူပြတ်ပါသည်။ မောင်လူမွှေးတို့နှစ်ယောက် လမ်းမတွေ့ဘဲ တညနေလုံး ရွာလည်နေပါတော့သည်။
ဖလမ်းမြို့ထဲကို နည်းနည်းဝင်ပြီး မေးမြန်းကြည့်သည်။ မရပါ။ မောင်လူမွှေးကတော့ မြို့ထဲကို ဝင်ရတာ လန့်နေပါသည်။ လိုက်ပို့သည့်ရဲဘော်က မြို့ထဲကို စစ်တပ်က မလာဘူးဟု ဆိုသော်လည်း ကြောက်ပါသည်။ လမ်းညွှန်လိုက်သည့် နတ်ချောင်းက သူတွေဆီ ဖုန်းဆက်ပါသည်။ ဆက်သွယ်လို့မရပါ။ ထင်ရာလမ်းကို သွားကြည့်ကြသည်။ မှားပြန်ပါသည်။ "လမ်းမှားနေတယ် ထင်ရင် နောက်ပြန်ဆုတ်ပြီး သေချာတဲ့နေရာမှာပဲ အိပ်ပါ" ဟု ဆိုသည့် ရဲဘော်ဖိုးခွား၏ အမှာစကားအတိုင်း ဗားရ်တံတားကို ပြန်ဆုတ်ခဲ့ရပါသည်။
👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar