ကိုသန်းလွင် - တရုတ်ပြည်ဝန်ကြီးချုပ်ဟောင်း ဂျူရောင်ဂျီ (၁၉၂၈ - ၂၀၂၆)

ကိုသန်းလွင် - တရုတ်ပြည်ဝန်ကြီးချုပ်ဟောင်း ဂျူရောင်ဂျီ (၁၉၂၈ - ၂၀၂၆)
မိုးမခ ၊ ဩဂုတ် ၂၁ ၊ ၂၀၂၆
(၁)
၁၉၉၀ ပြည့်နှစ်များက တရုတ်ပြည်စီးပွားရေးကို ဈေးကွက်ဦးစားပေးစနစ်ဖြစ်အောင်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ခွင့်ရအောင် စီစဉ်လမ်းညွှန်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ဂျူရောင်ဂျီ (Mr. Zhu Rongji) သည် ၁၂-၈-၂၀၂၆ နေ့က ဘေဂျင်းမြို့တွင် အသက် ၉၇ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပါသည်။ သူ ကွယ်လွန်ကြောင်းကို တရုတ်ပြည်၏ သတင်းဌာနဖြစ်သော ဆင်ဝှာသတင်းဌာနက ကြေညာခဲ့ပြီး မည်သည့်ရောဂါနှင့် သေဆုံးသည်ကို မဖော်ပြဘဲ သူ့ကို ကယ်တင်သော လုပ်ငန်းများမှာ မအောင်မြင်ခဲ့ကြောင်းသာ ဖော်ပြခဲ့ပါသည်။
မစ္စတာဂျူသည် သမ္မတ ဂျန်ဇီမင်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ပြည် စီးပွားရေးကို လွတ်လပ်အောင် (Liberalizing) ဆောင်ရွက်ခဲ့၍ အပြည်ပြည်ဆိုင်ရာတို့နှင့် ယှဉ်ပြိုင်နိုင်အောင် ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်မှလွဲ၍ ဦးဆောင်မှုပေးနိုင်ခဲ့သူ ဖြစ်သည်။ မစ္စတာ ဂျူ၏ ကြိုးပမ်းမှုကြောင့် တရုတ်ပြည်သည် လျင်မြန်စွာ တိုးတက်ခဲ့ပြီး အိမ်ရာစီမံကိန်းများ ပျက်စီးခဲ့သည့် ၂၀၂၁ အထိ တိုးတက်မှုနှုန်း မပျက်ခဲ့ချေ။
(၂)
သူ့ဆောင်ရွက်မှုသည် တရုတ်ပြည်၏ အလွန်တရာများပြားသော အကြွေးနှင့် ကုန်သွယ်ရေး ပိုငွေပြမှုများကြောင့် သမ္မတထရန့်၏ ပထမသက်တမ်းအတွင်း အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားစေခဲ့သည်။ လူငယ် ကွန်မြူနစ်အဖြစ် ကျော်ကြားခဲ့သော မစ္စတာဂျူသည် ဥက္ကဋ္ဌကြီး မော်စီတုန်း၏ ပါတီသန့်စင်ရေးတွင် သားကောင်ဖြစ်ကာ အနှစ် ၂၀ မျှ မထင်မရှားနေခဲ့ရသည်။ ပထမ ငါးနှစ်မှာ လယ်ယာလုပ်သားအဖြစ် နေခဲ့ရသည်။
၁၉၇၆ ခုနှစ်တွင် မော် ကွယ်လွန်သောအခါမှ သူ့ရာထူးများကို ပြန်လည်ရရှိခဲ့ပြီး အစိုးရ ထိပ်ပိုင်းအထိ ရာထူးတိုးမြှင့်ခဲ့သည်။ ၁၉၇၀ မှ သူ ကွယ်လွန်သည့် ၁၉၉၇ အထိ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အုပ်ချုပ်သည့် ကာလရောက်မှ ၁၉၉၁ ခုနှစ်တွင် ရှန်ဟိုင်းမြို့တော်ဝန်အဖြစ် ကောက်ယူရွေးချယ်ခဲ့ပြီး တိုင်းပြည်၏စီးပွားရေးကို တခေတ်ဆန်းစေခဲ့သည်။
တရုတ်ပြည်၏ စီးပွားရေးသည် ၁၉၈၀ ပြည့်နှစ်များတွင် တဟုန်ထိုး တိုးတက်ခဲ့ပြီး ဗဟိုဦးစီးစနစ်ကို လျှော့ချပေးခဲ့သည်။ မော်၏ နောက်ဆုံးနှစ်များတွင် စီးပွားရေး အနှောင့်အယှက်များကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ကြရပြီး နောက်ဆုံး တင်ရန်မင် စကွဲယားတွင် တရုတ်ပြည်စစ်တပ်က ဆန္ဒပြသူများကို ဖြိုခွဲရာမှ ဈေးကွက်ပြုပြင်ရေး စီမံချက်များ ပျက်ပြယ်ခဲ့ရသည်။
မစ္စတာဂျူသည် ဈေးကွက်ကို ပြန်လည်အသက်ဝင်စေပြီး ဈေးကွက်၏အင်အားများကို အသစ်တဖန် တိုးတက်စေခဲ့သည်။ ထိုလုပ်ငန်းများသည် ၎င်းကို လက်ထောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သော ၁၉၉၁ ခုနှစ်မှ စတင်ခဲ့ပါသည်။ နောင် သူ့ကို ဝန်ကြီးချုပ်ရာထူးတိုးပေးသောအခါ နိုင်ငံပိုင်လုပ်ငန်းများကို ပရိုက်ဗိတ်ဖြစ်အောင် ပြောင်းလဲပေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဒဗလျူတီအို (WTO-World Trade Organization) ကမ္ဘာ့ကုန်သွယ်ရေးအသင်းကြီးတွင် အသင်းဝင်ဖြစ်အောင် ဆောင်ရွက်ခဲ့သည်။
အသင်းဝင်ဖြစ်ရန် ဈေးနှုန်းများကို ညှိနှိုင်းရာတွင် တရုတ်ပြည်သူအများက မကြိုက်ဘဲ ရှိရပြန်သည်။ အထူးသဖြင့် တိုင်းပြည်တွင်း အလယ်ပိုင်းမှ လယ်ယာပိုင်ဆိုင်သူများက အပြည်ပြည်ဆိုင်ရာတို့နှင့် ယှဉ်ပြိုင်ရာတွင် အဆင်သင့်မဖြစ်သေးဘဲ မစ္စတာဂျူမှာ သွင်းကုန်အတွက် အကောက်ခွန်များ လျှော့ပေးရာမှ ပြဿနာ ဖြစ်ခဲ့ရသည်။ အချို့ကုန်များကို ၂၅ % သို့မဟုတ် ၁၀၀% ထက်မက လျှော့ချခဲ့ရသည်။
သို့သော် ဒဗလျူတီအို ဝင်ခွင့်ရခြင်းသည် တရုတ်ပြည်ထုတ်ကုန်များကို အနောက်နိုင်ငံဈေးကွက်များသို့ အကောက်ခွန်နှုန်းနည်းစွာဖြင့် ရောက်ရှိစေခဲ့သည်။ ပို့ကုန်များ တိုးတက်များပြားခဲ့ပြီး (UNIDO United Nation Industrial Development Organization) က ၂၀၁၀ ပြည့်နှစ်တွင် တရုတ်ပြည်သည် အမေရိကန်နိုင်ငံကို ကျော်လွန်ကာ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
ထိုအချိန်အတွင်း သွင်းကုန်မှာ မျှော်လင့်ထားသည့်အတိုင်း တိုးတက်မလာခဲ့ဘဲ မကြာမီ အနားယူတော့မည့် မစ္စတာဂျူအဖို့ ဒဗလျူတီအိုသို့ ဝင်ခါနီးတွင် ဈေးကွက်ဆိုင်ရာအင်အားများ နှေးကွေးလာသည်ကို တွေ့ရတော့သည်။ တရုတ်ပြည်သို့ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲများစွာ ရှိသည်။ အကြောင်းမှာ အစိုးရက ပေးသော ဆောင်းငွေ (Subsidize) ပို၍ပေးခြင်းနှင့် တရုတ်ပြည် ကော်ပိုရေးရှင်းများက ပစ္စည်းဝယ်ယူရာတွင် ကန့်သတ်ချက် များပြားခြင်းကြောင့် ဖြစ်သည်။
တရုတ်ပြည်သူလူထုနှင့်ဆိုင်သည့် ပရောဂျက်များ နိုင်ငံခြားကုမ္ပဏီများက ယှဉ်ပြိုင်နိုင်စေရန် အစိုးရက ပြင်ဆင်ချက်အမျိုးမျိုး ကြေညာပေးခဲ့သည်။ အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေးစစ်ပွဲအတွက် ဆွေးနွေးကြရာတွင် အမေရိကန်ကိုယ်စားလှယ် လိုက်သိုက်ဇာ (Robert Lightthizer) က ပြောကြားရာ၌ တရုတ်ဘက်က ပိုမိုကောင်းမွန်သော သဘောတူညီမှုများ ရရှိသွားသည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ဂျူ ၏ တရုတ်ပြည်၏ စီးပွားရေးကို ခေတ်မီစီးပွားရေးဖြစ်အောင် ဆောင်ရွက်ရာတွင် အပိုင်း နှစ်ပိုင်း ပါဝင်ကာ အသုံးမလိုတော့သည့် နိုင်ငံပိုင်စက်ရုံ အများအပြားကို ပုဂ္ဂလိကပိုင်အဖြစ်သို့ ကူးပြောင်းရေးနှင့် အကောက်ခွန်စနစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးခဲ့ခြင်းများ ပါဝင်သည်။
သန်းပေါင်းများစွာသော စက်ရုံအလုပ်သမားများသည် အလုပ်လက်မဲ့ ဖြစ်ကြရပြီး အချို့မှာ အသက် ၄၀ အရွယ်၌ပင် အငြိမ်းစားယူကြရသည်။ မစ္စတာ ဂျူ က သူတို့အတွက် ခုသာခံသာရှိစေရန် အိမ်ရာစီမံကိန်းကို ပြုပြင်ခဲ့သည်။ နိုင်ငံပိုင်အိမ်ရာ အများအပြားကို လက်ရှိနှင့် အငြိမ်းစားယူပြီး အလုပ်သမားများထံ ဈေးနှုန်းချိုသာစွာဖြင့် လွှဲပြောင်းပေးခဲ့သည်။ နိုင်ငံပိုင်ဘဏ်များက အိမ်သစ်များအတွက် အတိုးနှုန်း ချိုသာစွာဖြင့်ငွေများ ထုတ်ချေးခဲ့သည်။ အိမ်ခန်းများ ဈေးနှုန်းမှာ အဆ ၂၀ အထိ တက်လာခဲ့ပြီး ၁၉၉၀ မှ ၂၀၂၁ အတွင်း တစစ တိုးမြှင့်လာသည်။ ထိုအစီအစဉ်မှာ အိုမင်းသော လုပ်သားများအတွက် ကိုယ်ပိုင်အိမ်ခန်းများ ဖြစ်ပေါ်စေခဲ့ပြီး အိုးအိမ်မဲ့ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သည်။
မစ္စတာ ဂျူကို ၁၉၂၈ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ချန်ရှားခေါ် ဟူနန်နယ်၏ မြို့တော်၌ မွေးဖွားခဲ့သည်။ သူသည် ကလေးဘဝ၌ပင် မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့ကို ဘကြီးနှစ်ယောက်က ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ကျောင်းသားဘဝတွင် ထူးချွန်သော ကျောင်းသားဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ရှင်ဝှါတက္ကသိုလ် (Tsinghua) ဝင်ခွင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ လျှပ်စစ်အင်ဂျင်နီယာအဖြစ် ပညာသင်ကြားခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်၏ ပြည်တွင်းစစ် အောင်မြင်သောနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့သည်။
သူသည် ၁၉၅၇ ခုနှစ် မော်၏ လက်ယာယိမ်းများ ဆန့်ကျင်မှုစီမံကိန်းကို အကောင်အထည်ဖော်နေချိန်တွင် စက်မှုကုန်ထုတ်လုပ်မှု လေ့လာရေးကော်မရှင်တွင် တာဝန်ထမ်းဆောင်ရသည်။ ထိုစဉ်က ကျောင်းဆရာများ၊ ပြည်သူများ အပါအဝင် အစိုးရဝန်ထမ်း ၅၅၀,၀၀၀ မှာ နှစ်နှစ်ကျော် ကာလအတွင်း အရေးယူခံကြရသည်။
၁၉၁၁ ခုနှစ်တွင် ချင်မင်းဆက် (Qing dynasty) လက်ထက်က သူ့အဘိုး အဘွားများမှာ မီးရထားလမ်း ဖောက်လုပ်ရေးကို ဦးဆောင်ခဲ့ကြရာ ၎င်းတို့နှင့် အမျိုးတော်သည်ဟူသော စွဲချက်ဖြင့် ၁၉၅၈ ခုနှစ်တွင် ပါတီမှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့နောက် မော် ၏ ယဉ်ကျေးမှုတော်လှန်ရေး အစတွင် လယ်တောသို့ အပို့ခံရသည်။ ဂျုံ၊ စပါး၊ ဝါဂွမ်း စိုက်ပျိုးခြင်း၊ ကျွဲ၊ နွားကျောင်းရခြင်း၊ ဝက်မွေးခြင်းတို့အပြင် ထမင်းချက်လုပ်ရသည်။
၁၉၇၆ ခုနှစ် မော် ကွယ်လွန်သောအခါ သူ့ကို လွန်ခဲ့သော အနှစ် ၂၀ က တာဝန်ထမ်းဆောင်ခဲ့သော အလုပ်ကိုပင် လက်ထောက်ဒါရိုက်တာ ဂျင်နရယ်ရာထူးဖြင့် ပြန်လည်ထမ်းဆောင်ခွင့် ရခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ပါတီ ရာထူးကို ပေးအပ်ခံရပြီး စီးပွားရေး သုတေသနအရာရှိ အဖြစ် Chinese Academy of Social Science တွင်တာ ဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။
သူသည် တရုတ်ပြည်စီးပွားရေး၏ ထိပ်တန်းအရာရှိ ဖြစ်လာခဲ့သည်။ ၅ နှစ်အတွင်း နိုင်ငံတော်၏ စီးပွားရေးကော်မရှင်တွင် ဒုတိယခေါင်းဆောင် ဖြစ်လာသည်။ ရှင်ဝှါတက္ကသိုလ်တွင် School of Economics and Management ကို ထူထောင်ခဲ့သည်။ တရုတ်ပြည် နေရာအသီးသီးမှ စီးပွားရေးကေဒါများကို မွေးထုတ်ခဲ့သည်။
(၃)
၁၉၈၈ ခုနှစ်တွင် ရှန်ဟိုင်းမြို့တော်ဝန် ဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ ဘေဂျင်းမြို့တော်၏ အအေးဒဏ်ကို ရှောင်နိုင်ရန် တရုတ်နှစ်သစ်ကူး ၁ ရက်နေ့မှစ၍ တိန့်ရှောင်ဖိန်သည် ရှန်ဟိုင်းမြို့တွင် လာရောက်နေထိုင်သည်။ ဂျူ နှင့် အနေနီးစပ်ရာမှ သူ့စီမံကိန်းဖြစ်သော ပူဒေါင်းဧရိယာ (Pudong area) ဖွံ့ဖြိုးရေး စီမံကိန်းကို ခေါင်းဆောင်ကြီးက သဘောကျ နှစ်ခြိုက်သည်။
ရှန်ဟိုင်းသို့ ဒုတိယအကြိမ် အလည်လာပြီး ဂျူ ကို ဘေဂျင်းသို့ ခေါ်ကာ တိုင်းပြည်၏စီးပွားရေးကို လုပ်ကိုင်စေခဲ့သည်။ နောင် ၅ နှစ်အတွင်း ဂျူ ကို ပေါ်လစ်ဗျူရိုဝင်အဖြစ် ခန့်အပ်ပြီး ၁၉၉၈ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာကာ ထိုရာထူးတွင် ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုသန်းလွင်
Ref: Zhu Rongji , Former Prime minister who pushed China to a Market Economy, By Keith Bradsher, N,Y, Time August 14, 2026
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar