ရေဘေးက စစ်ပွဲတွေကို အရှိန်လျော့စေမလား
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၀ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၁၁ ၊ ၂၀၂၆
ရေဘေးက စစ်ပွဲတွေကို အရှိန်လျော့စေမလား
မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး အထက်မြန်မာနိုင်ငံမှာ ဧရိယာအားဖြင့် အကျယ်ဆုံးတိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းရဲ့ ဒေသအများအပြား ရေကြီးတဲ့ ဘေးအန္တရာယ် ကျရောက်နေတာ ၅ ရက်နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။ ရေကြီးတဲ့ ဒေသအများစုက ပြည်သူ့ကာကွယ်ရေးတပ် PDF လက်နက်ကိုင်တပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း ကျေးရွာ၊ မြို့နယ်နဲ့ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းကာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ကြတဲ့ နယ်မြေတွေ ဖြစ်သလို အာဏာသိမ်းစစ်တပ်ကလည်း စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့၊ ရိက္ခာတွေယူ၊ ဖျက်ဆီးတာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ အချို့သော ကျေးရွာတွေမှာ PDF တပ်ဖွဲ့ဝင် သို့မဟုတ် အားပေးကူညီသူလို့ စွပ်စွဲပြီး ဒါဇင်နဲ့ချီ သတ်ဖြတ်ခဲ့တဲ့ ရင်ပေါင်တိုင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး၊ လူရာကျော် သေဆုံးခဲ့ရတဲ့ ကန့်ဘလူ ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုလိုမျိုးတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ အညာဒေသလို့ ခေါ်ဆိုသလို စစ်ကိုင်းတိုင်း အလယ်ပိုင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ စတဲ့ဒေသတွေက ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ဗန်းမောက်၊ အင်းတော်၊ ကသာတို့ရဲ့ အနောက်တောင်ဘက်မှာ ရှိကြတဲ့မြို့နယ်တွေဖြစ်ပါတယ်။ အခု ရေကြီးနေတဲ့ ဒေသတွေက မူးမြစ်ဝှမ်းတကြောနဲ့ မူးမြစ်စီးဝင်ရာကို ဆည်အဖြစ်ပိတ်ထားတဲ့ သဖန်းဆိပ်ဆည်ရဲ့ ရေပေးဝေရာဒေသတွေ ဖြစ်တဲ့ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဝက်လက်၊ ရွှေဘို မြို့နယ်တွေက ဒေသတွေ ဖြစ်ပါတယ်။
စိုက်ပျိုးရေးနဲ့ လက်ယက်ရေနံမှော်အချို့ရှိကြပြီး ဒီဒေသတွေဟာ စစ်ပွဲတွေ မဖြစ်ပွားမီက အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိသလို လူဦးရေအားဖြင့်လည်း ထူထပ်ပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ဝင်ငွေအားဖြင့် အတန်အသင့် ကောင်းမွန်ကြတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။
စစ်အာဏာသိမ်းမှုနောက် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားပြီး ၅ နှစ်အကြာမှာတော့ ဒီဒေသတွေက ဒေသခံတွေထဲက မြို့တွေပေါ်ကို စစ်ဘေးတိမ်းရှောင်ကြသူတွေ တိမ်းရှောင်ကြသလို ရွာမှာ ကျန်တဲ့ နေအိမ် ကျွဲနွားနဲ့ စိုက်ပျိုးမြေတွေကို ရသလောက် လုပ်ကိုင်ရင်း နေထိုင်နေကြသူတွေ စသဖြင့် အနေအထား အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့တာပါ။
အခု ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ကိုင်းတိုင်းမြို့နယ်တွေအနက် ကျွန်းလှနဲ့ ကန့်ဘလူနယ်ထဲမှာတော့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့သူ အားကောင်းတဲ့ ကျေးရွာအချို့ ရှိပြီး အရပ်အခေါ် ပျူစောထီး ဆိုတဲ့ ပြည်သူ့စစ် ဖွဲ့စည်းထားတဲ့ ကျေးရွာတွေ ရှိကာ ကျန်မြို့နယ်အများစုက ကျေးရွာတွေမှာတော့ NUG လက်အောက်က ပသုံးလုံး အဖွဲ့တွေ ရှိတဲ့ကျေးရွာ၊ ၄င်းတို့လက်အောက်မဟုတ်တဲ့ PLA တို့လို အခြားတော်လှန်ရေး လက်နက်ကိုင်တွေ စိုးမိုးတဲ့ ဒေသတွေ ဖြစ်ပါတယ်။
အခုလို ရေဘေးအန္တရာယ် ကျရောက်ချိန်မှာ ဒီဒေသကို အုပ်ချုပ်ထားကြတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရေဘေးကယ်ဆယ်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်မဲ့ အင်အား နဲ့ အခြေအနေရှိနေသလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာသလို ၄င်းတို့ကိုယ်၄င်းတို့ အစိုးရလို့ သတ်မှတ်ခေါ်ဆိုနေတဲ့ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ၄င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒေသတွေက လူထုတွေ ရေဘေးဒဏ်ခံစားနေရတဲ့ အဖြစ်ကို လျစ်လျူရှုကာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအပေါ် လူထုက အားကိုးယုံကြည်မှု ကျဆင်းလာအောင် အမြတ်ထုတ်နေသလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
NUG အစိုးရ၊ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ် အစိုးရတို့က ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်မှုကော်မတီ ဖွဲ့စည်းကြောင်း သြဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ရေကြီးပြီး ၄ ရက်ကျော် ၅ ရက်အကြာမှသာ အခုလို ကြေညာချက်ပေါ်ထွက်လာတာကြောင့် တုံ့ပြန်လုပ်ဆောင်မှု နောက်ကျတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီဒေသတွေကို ဘယ်သူက တာဝန်ရှိသလဲဆိုတာကို စောင့်ကြည့်နေကြသလားလို့တောင် ယူဆရမဲ့ သဘောမျိုး ဖြစ်ပါတယ်။
သဘာဝဘေး၊ ငလျင်ဘေး၊ ကူးစက်ရောဂါကပ်ဘေးတွေ ကျရောက်လာချိန်မှာ ပြည်တွင်းစစ်လို နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခေတ္တရပ်နားပြီး ကူညီကယ်ဆယ်ရေး၊ ကူးစက်ရောဂါ ပျံ့နှံ့မှုတားဆီးကာကွယ်ရေးတွေကို ပူးပေါင်းလုပ်ဆောင်နိုင်ကြမလားဆိုတဲ့ သားရွှေအိုးထမ်းတဲ့ အခြေအနေမျိုး မျှော်လင့်ကောင်း မျှော်လင့်တာတွေ ရှိကြပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ သာဓက အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဗဟိုအစိုးရကို ၂၈ နှစ်ကြာ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေတဲ့ အာချေးသူပုန်အဖွဲ့တွေနဲ့ အင်ဒိုနီးရှားအစိုးရတို့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ငလျင်လှုပ်ခတ်မှုအပြီး ဆူနာမီဘေးကြောင့် လူ သိန်းနဲ့ချီ ထိခိုက်ပျက်စီးသေဆုံးကြတဲ့အခြေအနေမှာ အပစ်အခတ်ရပ်စဲကာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို လုပ်ကိုင်ခဲ့ကြရာက အဲဒီဒေသမှာ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့ပါတယ်။
ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီဘေးအန္တရာယ် ကျရောက်မှုက အာချေးလက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှုကို အဆုံးသတ်စေခဲ့တဲ့ အဖြစ်က ကမ္ဘာမှာ သာဓကပြုစရာ ဖြစ်ရပ်တခု ဖြစ်ပြီး မြန်မာနိုင်ငံက ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခတွေမှာတော့ အဲဒီလို ကောင်းမွန်တဲ့ ဇတ်သိမ်းခန်းရောက်ဖို့ အခြေအနေတွေ မရှိသေးဘူးလို့ပဲ ဆိုရမဲ့ အနေအထားဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် လက်နက်ကိုင် တော်လှန်ရေးတွေ စတင်ခါစကာလမှာ လူသောင်းနဲ့ချီ သေဆုံးစေခဲ့တဲ့ ကိုဗစ်ကူးစက်ကပ်ဘေး ကျရောက်ချိန်မှာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျရောက်တဲ့ ကူးစက်ရောဂါ ကပ်ဘေးကို နိုင်ငံရေး၊ စစ်ရေးအရ တကွဲတပြားဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ နိုင်ငံရေးပါတီခေါင်းဆောင် တဦးက နှိုးဆော်ခဲ့ဖူးပါတယ်။ သို့ပေမဲ့ သူ့နှိုးဆော်မှုကို အများစုက လျစ်လျူရှုခဲ့ကြပြီး အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုး ပေါ်ထွက်မလာခဲ့ပါဘူး။
အဲဒီဖြစ်ရပ်နောက်ပိုင်း ၂၀၂၅ ခုနှစ် မတ်လ အကုန်မှာ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေကို ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့တဲ့ စစ်ကိုင်းငလျင်ဘေး ကျရောက်ချိန်မှာလည်း အထက်က ကိုဗစ်ကူးစက်ကပ်ဘေးလိုပဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ကြဖို့ အနေအထားမျိုး ပေါ်ထွက်ခဲ့တာ မတွေ့ရပါဘူး။
အခုလို အခြေအနေမျိုးတွေကို အခွင့်အရေး အနေနဲ့ အသုံးချပြီး ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ကို အားနည်းအောင် လုပ်ဆောင်ဖို့သာ ရည်ရွယ်ကောင်း ရည်ရွယ်ခဲ့ကြတဲ့ သဘောလို့ ယူဆရပါတယ်။
အခု လက်ရှိဖြစ်ပွားနေတဲ့ စစ်ကိုင်းဒေသ ရေဘေးအန္တရာယ် ကျရောက်ချိန်မှာလည်း အာဏာသိမ်းစစ်အစိုးရအနေနဲ့ ကျရောက်နေတဲ့ ရေဘေးအန္တရာယ်ကြောင့် ၄င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ အားအင်လျော့နည်းသွားမယ့် အခြေအနေမျိုးကို မျှော်လင့်ထားပုံရပြီး ဒီဒေသတွေမှာ လိုအပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်း၊ ရိက္ခာဆေးဝါး အကူအညီ စတာတွေနဲ့ ပတ်သက်လို့ မဆိုစလောက်သာ သတင်းထုတ်ပြန်ပြောဆိုနေတာ တွေ့ရတာ ဖြစ်ပါတယ်။
အခု လတ်တလော ရေဘေးဒဏ်ခံစားနေကြရတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေအဖို့တော့ စစ်ဘေးကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပြင် အခုတဖန် ရေဘေးကြောင့် ထပ်ပြီး ပျက်စီးဆုံးရှုံးမှုကို ခံစားကြရဦးမဲ့ အနေအထားဖြစ်ပြီး ပြန်လည်ထူထောင်ရေးမှာလည်း အကူအညီရဖို့ အခွင့်အလမ်း မမြင်ရသလောက် အနေအထားမျိုးမှာ ရောက်နေကြတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar