Breaking News

ငပလီ ဗုံးကြဲခံရ၊ လေကြောင်းက ဗုံးကြဲမှုနဲ့ အပစ်ရပ် နယ်မြေပြန်ပေးဖို့ ဖိအားပေးနေတဲ့ အာဏာသိမ်းစစ်တပ်

May be an image of text 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၂ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၂၃ ၊ ၂၀၂၆

 

ငပလီ ဗုံးကြဲခံရ၊ လေကြောင်းက ဗုံးကြဲမှုနဲ့ အပစ်ရပ် နယ်မြေပြန်ပေးဖို့ ဖိအားပေးနေတဲ့ အာဏာသိမ်းစစ်တပ်

Arakan Army က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ငပလီကမ်းခြေကို သြဂုတ်လ ၂၁ ရက်နေ့ မနက်အရုဏ်မတက်မီ ၂ နာရီဝန်းကျင်က လေယာဥ် ၁၀ စီးနဲ့ ဗုံးအလုံး ၁၀၀ ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ငပလီကမ်းခြေမှာ ရှိတဲ့ ယခင် စစ်တပ်ရဲ့ တပ်ရင်းနေရာတွေ ဖြစ်တဲ့ ခလရ (၅၅) နဲ့ ခမရ (၅၆၆) ရဲ့နေရာ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ဇီးဖြူကုန်းကျေးရွာအနီးက တောတောင်နေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အပြင် သတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။

သံတွဲမြို့နယ် ငပလီကမ်းခြေကို AA က ပြီးခဲ့တဲ့ နှစ်တွေကတည်းက သီတင်းပတ်နဲ့ချီ အပြင်းအထန် တိုက်ခိုက်ပြီးသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ မြေပြင်တပ်ရင်းတွေအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်ထားတဲ့ ရေတပ်စခန်းကိုလည်း သိမ်းယူခဲ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းတလျှောက် ဂွမြို့ကတဆင့် ဧရာဝတီတိုင်း အနောက်မြောက်ဘက်တွေအထိ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ မြောက်ဦး၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်းစတဲ့ နေရာတွေကို အလှည့်ကျ ဆိုသလို တမြို့ပြီးတမြို့ လေကြောင်းက တိုက်ခိုက်နေပြီး ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တွေမှာ စစ်မျက်နှာ ၃ နေရာလောက် နှစ်နဲ့ချီထိုးစစ်ဆင်နေတဲ့ AA တပ်ဖွဲ့ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်လို့ ယူဆရပါတယ်။

အချို့သော လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားနဲ့ စစ်သုံ့ပန်းသေဆုံးသူ ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ရှိတာတွေလည်း တွေ့ရပါတယ်။

AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်နယ်မြေတွေရဲ့ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်ထဲက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စတင်ရာ ဆိပ်ကမ်း စီမံကိန်းနယ်မြေ၊ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ နဲ့ မာန်အောင်မြို့တို့သာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ် အပြင် အမ်းမြို့နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်းဒေသအချို့၊ ဂွမြို့နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ဒေသအချို့တွေကိုပါ လောလောဆယ် ထိန်းချုပ်ကာ စစ်မျက်နှာ ရင်ဆိုင်ထားနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက AA ထိန်းချုပ်နယ်မြေ တခုတည်းကို လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ထိုင်းနယ်စပ်နဲ့ ကပ်လျက်ရှိနေတဲ့ ဒေသတွေ၊ စစ်ကိုင်းတိုင်းထဲက နေရာဒေသတွေ၊ တနင်္သာရီတိုင်း၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်၊ မကွေးတိုင်း စတဲ့ဒေသတွေမှာလည်း ခုလပိုင်း၊ သီတင်းပတ်ပိုင်းတွေမှာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Arakan Army က လက်ရှိ စစ်မျက်နှာ ၄/၅ နေရာမှာ တိုက်ပွဲဖြစ်နေသလို မကွေးတိုင်း၊ ဧရာဝတီတိုင်းက နယ်မြေတွေအထိပါ ထိုးဖောက်ဖြန့်ကျက် တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်လို့ AA ကို အပစ်ရပ်ဖို့နဲ့ ထိန်းချုပ်နယ်မြေ အချို့ ပြန်လည် ရယူလိုတဲ့ ရည်မှန်းချက်မျိုး အာဏာသိမ်းစစ်တပ်ဘက်မှာ ရှိနေတယ်လို့ မှန်းဆနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မင်းအောင်လှိုင်က ၄င်းရဲ့ တပ်ချုပ်ရာထူးကို အနားယူပြီး တာဝန်ပေးခံရသူ ရဲဝင်းဦး အနေနဲ့ သူ့ရဲ့ စွမ်းဆောင်မှုကို ပြသဖို့ရာအတွက်လည်း AA နဲ့ ရင်ဆိုင်နေတဲ့ စစ်မျက်နှာတွေမှာ အနိုင်ရဖို့ အရေးကြီးတဲ့သဘော ဖြစ်ပါတယ်။

အခြားသော PDF တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ လေကြောင်းက တိုက်ခိုက်တာတွေထက် အခု ငပလီကမ်းခြေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ လေယာဥ်အရေအတွက် အများအပြားသုံးထားပြီး တရက်တာအတွင်း လေယာဥ် အုပ်စုနဲ့ ဗုံးအလုံးရေ ရာဂဏန်းနဲ့ ချီကြဲချ တိုက်ခိုက်နေတာကို ကြည့်ရင် ရခိုင်ပြည်နယ်က နယ်မြေတွေကို ပြန်လည်ရယူဖို့နဲ့ AA ကို အပစ်ရပ်လာအောင် ဖိအားပေးဖို့ လုပ်ဆောင်တဲ့ အချက်က ပေါ်လွင်ထင်ရှားလှပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ပုံမှန်နေထိုင် လှုပ်ရှားတာ၊ စုဝေးတာ နယ်မြေတည်ငြိမ်ပြီး ရခိုင်ပြည်သူလူထု အနေနဲ့ သက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုးရောက်အောင် ကြိုးပမ်းရ ခက်ခဲစေလိမ့်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ AA ကို ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေလို စစ်တပ်နဲ့ အပစ်အခတ်ရပ်ဖို့ ဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ ဖိအား အသုံးမပြုနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်မဟုတ်သလို အလှမ်းဝေးလှပြီး ရခိုင်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝကိုဖြတ်သန်းကာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ပြီး လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ဝယ်ယူတင်သွင်းနေကြတာ ဖြစ်ပါတယ်။

AA လက်နက်ကိုင် အဖွဲ့ရဲ့ အင်အားအချို့ ရှမ်းမြောက်ဒေသမှာ ရှိကြပေမဲ့လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာသာ လှုပ်ရှားကြတာဖြစ်လို့ တရုတ်ရဲ့ ဖိအားကနေ ကင်းလွတ်တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ MNDAATNLA တို့ကိုလည်း အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီချက် မရရှိခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေ ပေါင်းလိုက်တဲ့နောက်မှာ အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ကြရတာ ဖြစ်ပါတယ်။

အခု ရခိုင်ပြည်နယ် အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လောက် ကြံ့ကြံ့ခံ ရပ်တည်နိုင်မလဲ ဆိုတဲ့မေးခွန်းလည်း ရှိနေသလို AA အနေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း အချို့ဒေသနဲ့ မကွေးတိုင်းနဲ့ ရခိုင်အစပ်တွေကနေ ပိုမိုထိုးဖောက်လာပြီး စစ်တပ်ကို ဖိအားကို တန်ပြန်နေတဲ့ အနေအထားနဲ့ ဆက်လက်ရင်ဆိုင်သွားမဲ့ အလားအလာတွေသာ မြင်တွေ့နေရဦးမယ့် သဘောလို့ ဆိုနိုင်ပါလိမ့်မယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar