ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၅)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၅)
မိုးမခ ၊ ဩဂုတ် ၂၃ ၊ ၂၀၂၆
မအေရိုးက အာကာသမှာ ဒုံးပျံလွှတ်တာက ပြဿနာမရှိ၊ အပေါ်လည်းရောက်မှာ မဟုတ်သလို အောက်လည်း ကျစရာမရှိ။ ဘာ့လို့ဆို တက်သွားမှာမှမဟုတ်တာ။ အဲဒီတော့ သူ့အရူးနဲ့သူ ထားလိုက်လို့ရတယ်။
မရတာက ကင်ဆာ၊ HIV နဲ့ မေ့ဆေးအပါအဝင် ဆေး ၆ မျိုး တီထွင်ဆိုတဲ့ ရွေးတုအစိုးရရဲ့ ခွေးပု သူခိုး ဓားပြ ကြေညာ။ ဘာအထောက်အထားမှ မရှိ၊ ဘာစံချိန်စံညွှန်းမှ မရှိ၊ ဘာသုတေသနမှ မရှိပါဘဲ ထုတ်သုံးခိုင်းလာရင် သုံးစွဲသူတွေ အသက်အန္တရာယ် ရှိနိုင်တယ်လေ။
ပြည်ပက ဆေးဝါးတင်သွင်းမှု လျှော့ချရေးအတွက်၊ ဒေါ်လာတွေကို လက်နက်ဝယ်ယူရေးအတွက် ရွေးတုအစိုးရက ကြိုးပမ်းနေတာဟာ HIV/AIDS နဲ့ ပတ်သက်ပြီး ARV ဆေး ထောက်ပံ့နေတဲ့ အဖွဲ့အားလုံးက ငွေတွေကို ငါ့ဆေးဝယ်လုပ်ပြီး သတ်ဖို့ကြံတာလေ။ ဒီကောင်တွေက တပ်ထဲမှာ B ပိုး၊ C ပိုး၊ HIV ပိုးရှိသူတွေကို ရှင်းခဲ့တဲ့အစဉ်အလာက ရှိပြီးသား။ နိုင်ငံတကာအကူအညီငွေရချင်လို့သာ သဘောထားကြီးဟန်ဆောင်ခဲ့တာ။ ခုက ဒေါ်လာငွေလဲအချောင်ရ၊ လူလဲရှင်းပြီးသားဖြစ်၊ ဆေးဝါးထုတ်လုပ်နိုင်တယ်ဆိုတဲ့နာမည်လဲရ၊ တချက်ခုတ် သုံးချက်ပြတ်။ ကင်ဆာရောနော်၊ ကင်ဆာသမားတွေကို ထိုင်းတောင် သွားအကုခံပါတော့မလားမသိ။ ပြည်တွင်းဖြစ်ကို အားပေးပါတွေလုပ်တော့မယ်။ ဆီးချိုနဲ့ မေ့ဆေးပါ ဆေးဝါးအသစ် ၆ မျိုး တီထွင်နိုင်ခဲ့တယ်တဲ့။
နင်တန်တော့ ခွေးပု၊ ရွေးတုနဲ့ ဒုက္ခမျိုးစုံကြုံနေရတဲ့ကြား ဆေးတုပါ ထပ်လာပြီဆိုတော့ ဘေးတခုပြီးတခုမပြတ် တရစပ်လည်ပတ် အတူတူဇာတ်သိမ်းကြမယ်လို့များ ကြံရွယ်နေသလားဘဲ။
ပညာရှင်တွေကတော့ ဆေးဝါးအမည်၊ ဒြပ်ပေါင်းနဲ့ စမ်းသပ်မှု အထောက်အထားတွေ ထုတ်ပြန်မပေးတာမို့ သုံးစွဲရင် အသက်အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ပြောကြတယ်။
ဒီကောင်က ဆေးတွေလျှောက်ဖော်ခိုင်းပြီး အစားထိုးသုံးဖို့ကြံပုံဘဲ။ ကင်ဆာရောဂါကုသဆေး ၁ မျိုး၊ HIV ကုသဆေး ၁ မျိုး၊ ဆီးချို ရောဂါကုသဆေး ၂ မျိုး၊ အရိုးအကြောအဆစ်ရောဂါကုဆေး ၁ မျိုးနဲ့ မေ့ဆေး ၁ မျိုးလို့ ရွေးတုအစိုးရ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောတယ်။ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်မှု စံချိန်စံညွှန်းများအရဆိုရင် ဆေးဝါးအသစ်ဖော်တာဟာ နှစ်တွေသိပ်ကြာတဲ့အပြင် တိကျတဲ့ သုတေသန အထောက်အထားတွေ ပြသရမယ်။ ပြီးတော့ အခုလို ဆေးအမည်တောင် ထုတ်ဖော် မပြောဆိုနိုင်တာနဲ့ပတ်သက်လို့ "သူတို့ ထုတ်ပြန်တဲ့အထဲမှာ ဆေးနာမည် အတိအကျ တခုမှ မပါဘူး။ ဆေးဝါးကို ပြည်တွင်းမှာ ပုံတူပြန်ထုတ်တာ ဖြစ်နိုင်ပေမဲ့ တီထွင်တာတော့ မဖြစ်နိုင်ဘူး။ ကိုဗစ်တုန်းကလည်း ရုရှားက ဆေးဝါးကို ယူပြီး ဒီမှာ ပြန်ထုတ်ဖူးတာမျိုး ရှိတယ်။ ကင်ဆာဆေးက ဘာ၊ ဆီးချိုဆေးက ဘာဆိုတာ ထည့်မရေးတာဟာ မရိုးသားကြောင်း ပြနေတာပဲ" လို့ CDM ဆရာဝန်က ဧရာ၀တီတိုင်းမ်ကို ပြောသတဲ့။
ဆေးရုံတွေမှာ မအလ မေ့ဆေးသုံးလို့ ရောစပ်တာနဲနဲ လွဲရင် ခွဲစိတ်လူနာ နှလုံးရပ်တာနဲ့ အသက်ရှူရပ်တာ ဖြစ်ပေါ်နိုင်ပြီး ကင်ဆာဆေးတွေဆိုလဲ တိကျတဲ့ စံချိန်စံညွှန်း မရှိပါက လူနာရဲ့ ကိုယ်ခံအားစနစ်ကို လုံးဝ ပျက်စီးစေပြီး သေဆုံးတဲ့အထိ အန္တရာယ် ဖြစ်စေနိုင်သတဲ့။ မအလက ငလမဘွဲ့ထပ်ရကထဲက ကျည်ဆံနဲ့ဗုံးနဲ့သတ်တာတင်မကဘဲ ဆေးသွင်း ဆေးတိုက်သတ်ဖို့ပါလုပ်လာတော့တာ။ အင်း မအလဆေးသုံးမိရင်တော့ ငလမ ဖြစ်မှာဘဲ။
ဒီကောင်တွေက တကယ့် မထော်မနန်းကောင်တွေလေ။ ပေါက်ကရလုပ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ ဗိုလ်မထားဘူး။ ဘယ်အရူးမှ တမူးပိုရှူမခံဘူး။ ဆေးဝါးမပြောနဲ့၊ ဘာသာရေးတောင် သံဃာစင်ပါမှောက်အောင် လုပ်ကြတာလေ။ ခုလည်းကြည့်၊ ဗုံးကြဲနေတဲ့ လေတပ်က ရဟတ်ယာဉ်တွေကို ဘေးကင်းအောင် ဘုန်းကြီးတွေကို ပရိတ်ရွတ်ခိုင်းသတဲ့။ အဲဒီလိုကောင်တွေပါဆိုနေ။ ဘုန်းကြီးသိက္ခာ တပြားမှမကျန်အောင် ချတာ။ သူတို့ ဒကာ ဒကာမတွေ၊ ရွာက အမျိုးအဆွေတွေကို ဗုံးလိုက်ကြဲနေတဲ့လေယဉ် အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ပေးရတယ်လို့၊ စဉ်းစားသာကြည့်။ ပရိတ်သံထွက်လာမလား၊ ကြိတ်သံ ထွက်လာမလား။ အင်း ပြည်သူ့ကျိန်စာ ကြောက်ပုံရပါတယ်။ ရဆို ပြည်သူ့ကျိန်စာကလည်း ကြီးလဲကြီး ပြင်းလဲပြင်းသမို့လား။ တနေ့ကပဲ တိုက်လေယာဉ်တစီး ဗုံးကြဲဖို့ပျံအတက် သူ့ဘာသာအလိုအလျောက် ငှက်မျက်သင့်သွားတာ။ တကယ်က ငှက်ကိုငှက်ချင်း ဓါးကိုဓားချင်းဆိုတဲ့ ဓာတ်မိသွားတာပေါ့။ ပြည်သူ့ကျိန်စာနဲ့ ဖျန်းလိုက်တဲ့ ပရိတ်ရေက အဆိပ်ရေအပင်ရေကလွဲ ဘာဖြစ်ရမှာလဲ။
သူ့ကို အဲဒီလို ပေါက်ကရကောင်မှန်းသိတဲ့ လန်ဒန်က သံအမတ်မင်းကတောင် ခပ်တင်းတင်း ခပ်ချေချေ ပလေးတာနော်။ မအလ ငလမ ဘယ်လောက်ဖြုတ်တယ် ပြောပြော၊ ဘယ်လို ဆင်းခိုင်းဆင်းခိုင်း သံအမတ်အိမ်မှာ ဇိမ်နဲ့နှပ်နေတာ ဘယ်နှနှစ် ရှိပလဲ။ စစ်ခွေးအစိုးရက သူ့ကိုဖြုတ်ပြီး အိမ်ပေါ်က ဆင်းခိုင်းတော့ ငါလိုလူက ခွေးဟောင်တိုင်း ဆင်းပေးရမလားတဲ့။ ခွေးပု သူခိုး ဓားပြရဲ့ ရွေးတုအစိုးရဟာ အင်္ဂလန်က မြန်မာသံအမတ်ကြီးကို ဖြုတ်ချခွင့်မရှိဘူးတဲ့။ ဝစ်သောက်အစိုးရက တရားဝင်အစိုးရကခန့်ထားတဲ့သူ့ကို သံအမတ်အိမ်ကနေ ထုတ်ခွင့်မရှိဘူးတဲ့။ ခု တရားဝင်အစိုးရကို အိမ်ပြန်အပ်ဖို့ စောင့်ရှောက်ထားတာတဲ့။ မအလကို နှာနုချည်း ဖြတ်ဖြတ်ကန်နေတာလေ။ သလိုဆိုတော့ ဒီအမှုဟာ မအလ ငလမ တရားဝင်သူခိုးဓားပြ ဟုတ် မဟုတ် အရင်စစ်ရမယ်။ သူ တရားမဝင်ရင် သံအမတ်က အလိုလို တရားဝင်တယ် မဟုတ်လား။ အင်္ဂလိပ်တရားသူကြီးမင်း ဇကို ကြည့်ရမှာဘဲ။ အင်းလေ လန်ဒန်ရောက် သံအမတ်ကြီးအဆင့် မပြောနဲ့၊ ပြည်တွင်းက ကလေးပေါက်စကတောင် ဖုန်ရှူခိုင်းတာပဲ ကြည့်လေ။ အာဏာရူးတဲ့ မင်းအောင်လှိုင် ဖုန်ရှူလိုက်၊ ဖုန်ရှူလိုက်လို့ ကလေးတွေ ပြောခဲ့အတိုင်း ဒီကောင် ဖုန်ပဲ ရှူနေရတာ မဟုတ်လား။ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရတော့ ခါးလေးကုန်းလိုက်တာများ ဝကခပေါင်ကြားထိလုနီးနီး၊ ဖုန်ရှူချက်တွေ ပြောပါတယ်။
အဲဒီကောင်က အဲဒီလို ဖုန်ရှူနေရပေမယ့် စကားပြောရင် အီးက ညှပ်ညှပ်ပါချင်သေးတာရယ်။ ဒေါ်စု အမြဲပြောတယ်၊ အီးညှပ်ညှပ် မပြောနဲ့၊ အီးဆို အီချည်းသတ်သတ်ပြော၊ မြန်မာလိုဆို မြန်မာလိုသတ်သတ်ပြောဆိုတာ၊ မမှတ်ဖူး။ မအလ ဆိုတဲ့ကောင်က လူထဲသူထဲဆို အတည်ပေါက်ရွှီးချင်တယ်။ သူ့ကိုယ်သူ အီးတတ်တယ်ဆိုတဲ့ အထာနဲ့ ဖောတာတွေ လုပ်တတ်တယ်။ တရုတ်ပွဲတခုမှာလည်း အဲသလိုဘဲ၊ စကားပြန်မပါဘဲ ဝင်ထိုင်ပြီး စောက်တလွဲတွေချည်း ဖောတာဖောတာ၊ အဲသမှာ သူ ပြောတာ ကိုယ် မသိ၊ ကိုယ် ပြောတာ သူ မသိ၊ အာဝုကလေး သနားပါဘိ အခြေဆိုက်ရော၊ အအူ အ အမှန်းသိပြီး ဘယ်သူမှ ပြန်မပြောမှ သွားကြီးပဲ ဖြီးပြီး သူများရယ်ရင် လိုက်ရယ်၊ သူများတည်ရင် လိုက်တည်ပေါ့၊ အဲတော့မှ နိုင်ငံတကာခေါင်းဆောင်တွေကပါ သူဟာ မျက်နှာစာကျွမ်းကျင်မှန်း သိကြတော့တာ။ မျက်နှာစာဖတ်တတ်တာ၊ မျက်နှာရိပ်မျက်နှာကဲ ကျွမ်းကျင်တာက ခွေးလေ။ သူ့ကို ခွေးလို့ တိုက်ရိုက်မပြောချင်လို့ မျက်နှာဖတ် ကျွမ်းကျင်ကြီးလို့ ဆိုကြသာလေ။ အဲဒီကောင် အဲဒီလို ဖုန်ရှူတာနော်။ အာဏာသိမ်းစ အာဆီယံပွဲတက်တုန်းကလည်း စာတတ်ချင်ယောင်ဆောင်ပြီး ဘုံသဘောတူညီချက်ငါးချက် လက်မှတ်ထိုးခဲ့တာ။ အဲဒါတွေ အကောင်အထည်မဖော်တော့ အာဆီယံက သူ့ကတက် ခွေးမတက်ရ ဖြစ်ကရော။ အဲဒီတော့မှ အာဆီယံကို စ-ကလန်တယ်။ ရွေးတုနဲ့ဖြစ်လာတဲ့ လွှတ်တုဗိုက်ကလေး ငှားပြီး ဓားထိုးခံခိုင်းတာပေါ့လေ။ ဘုံသဘောတူညီချက် ငါးရပ်ကို သားသား မသိပါတွေ၊ အာဆီယံအထူးကိုယ်စားလှယ် မလိုပါတွေ လုပ်လာတယ်။ ဒေါ်စု နေကောင်းကျန်းမာတဲ့ ပုံလေးတပုံကြောင့် ထိုင်းကို ခရီးလေး ထွက်ခွင့်ရတာနဲ့ လေသံနဲ့စောက်ချိုးက တခါတည်းတန်းပြီး မခိုးမခန့် လုပ်လာတာ။ အာဆီယံကလည်း စောက်ချိုးနဲ့ လေသံမပြင်ရင် အမြီးလှန်ချိုးမှာ။ လူလိုနေမှ လူနဲ့ ဆက်ဆံခွင့်ရမယ်တဲ့လေ။
တရုတ်ဖုန် မအလ ရှူလိုက်တာနဲ့ တရုတ်ကြီးလဲ မုန်တိုင်းတွေ တလုံးပြီးတလုံးနဲ့ ဗုန်းဗုံးလဲလုလု။ မိုဒီလဲ ကံကောင်းလို့ ရှိတ်အာဆီနာလို မဖြစ်တာ။ ဗွက်လချီးလည်သွားတယ်။ ထိုင်းအနုတင်တော့ ပြုတ်မလား၊ ပြတ်မလားအခြေ။ သူတို့ဆီက ရဲတွေတောင် သူတို့နိုင်ငံ မကောင်းဆိုးဝါးစီးသလိုဘဲဆိုတော့ သဘောပေါက်တော့။ ရဲမနိုင် လူသတ်မှုတင်မက ရဲပါ အသတ်ခံရတော့တာကလား။ အင်း လာအိုလည်း စပြီ၊ မအလနဲ့ တွေ့ခဲ့တဲ့ ပါလီမန်ဥက္ကဋ္ဌကြီး လစ်ပြီတဲ့။ ပြန်းထန်ဖျားနာတဲ့။ သွေးကြောရောင်ရမ်းတဲ့။ မအလ သွေးစုပ်ဖုတ်ကောင် ဖုန်ရှူတာ ခံလိုက်ရရင် ငလမ ဖြစ်ဖို့သာ ပြင်ပေတော့ဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar