Breaking News

အမုန်းတရား၊ တရားလက်လွတ်သတ်ဖြတ်မှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှု

 No photo description available.

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၈ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁၉ ၊ ၂၀၂၆

အမုန်းတရား၊ တရားလက်လွတ်သတ်ဖြတ်မှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှု

ခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင် တဖိုင်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတွေ အများအပြားက ဆိုးရွားလွန်းတဲ့ ရက်စက်မှုကို ဝေဖန်ပြောဆိုနေကြတာတွေ့မြင်နေကြရပါတယ်။ 
အဖြစ်အပျက်ရဲ့ အတိုချုပ်က အမျိုးသမီးကြီးတဦးကို အမျိုးသား ၄/၅ ဦးက ဓားရှည်တွေကိုင် ဝိုင်းထားကြကာ အမျိုးသမီးကြီးက အသနားခံပြောဆိုနေတဲ့ ကြားက ရက်စက်စွာ ဓားနဲ့ ခုတ်ပြီးသတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သတ်ဖြတ်သူတွေဟာ အရပ်ဝတ်တွေနဲ့မို့လို့ ဘယ်လက်နက်ကိုင် အဖွဲ့ကလဲ ဆိုတာ ဗီဒီယိုကြည့်ရုံနဲ့တော့ မသိနိုင်ပေမဲ့ ဒီဗီဒီယိုအတို ပျံ့နှံ့ပြီးနောက် လူမှုကွန်ရက်မှာ သိရှိတဲ့သူတွေ ထုတ်ဖော်ပြောဆိုချက်အရတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဒေသ တနိုင်း-ဟူးကောင်း ဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဝါရာဇွပ် ပြည်သူ့စစ် (မင်းဇေသန့် ဆိုသူဦးဆောင်တာကြောင့် မင်းဇေသန့်ပြည်သူ့စစ်) အဖွဲ့ကလို့ ဆိုကြပါတယ်။ သတ်ဖြတ်ခံရသူက အရပ်သားဖြစ်ပြီး သတ်ဖြတ်တဲ့ အကြောင်းအရာတော့ မသိရှိကြသေးပါဘူး။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အခုလို တရားဥပဒေမဲ့/ တရားလက်လွတ် သတ်ဖြတ်မှုတွေက ဘယ်လိုမှ လက်ခံလို့မရ၊ အကြောင်းပြချက်ပေးလို့မရတာ အသေအချာပဲ ဖြစ်ပါတယ်။

အခုသတ်ဖြတ်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့လည်း လှုမှုကွန်ရက်ပေါ်မှာ ပြောဆိုနေကြတာ တွေ့ရပြီး ဒီလို ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားရာက မရည်ရွယ်ပဲ ပေါက်ကြားခဲ့တဲ့ အဖြစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ အလားတူ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို ကျူးလွန်တဲ့ အချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေက ရန်ဘက်အဖွဲ့အစည်းနဲ့ အများပြည်သူကို ကြောက်ရွံ့အောင် တမင်တကာ ထုတ်ပြန်တာမျိုး လုပ်ကြပေမဲ့ ကျူးလွန်သူ/အဖွဲ့အစည်း အများစုကတော့ ထုတ်ပြန်တာမျိုး လုပ်လေ့မရှိပါဘူး။ 

ယခင်နှစ်က ရေးမြို့နယ် မှာလှုပ်ရှားနေတဲ့ ရေးဘီလူး ဆိုတဲ့ လက်နက်ကိုင် အဖွဲ့က စစ်တပ်လက်အောက်က ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုကို တမင်တကာ ဖြန့်ဝေခဲ့ပေမဲ့ အများစုသော သတ်ဖြတ်မှုတွေက မရည်ရွယ်ဘဲ ပေါက်ကြားပျံ့နှံ့တဲ့ သဘောဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စစ်ကိုင်းတိုင်း မုန်တိုင်ပင်ကျေးရွာမှာ ဖမ်းဆီးထားတဲ့ ကျေးရွာသား ၂၈ ဦးဝန်းကျင် ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တဲ့ အဖြစ်အပျက်နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေက ကျူးလွန်သူ တပ်ဖွဲ့ဝင်တွေ ၄င်းတို့ရဲ့ ကိုယ်ပိုင်ဖုန်းတွေနဲ့ တဦးချင်း မှတ်တမ်းတင်ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ တိုက်ပွဲအတွင်း ဖုန်းပျောက်ဆုံးခဲ့ရာက သတင်းမီဒီယာ စာမျက်နှာတွေပေါ် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

အခု လတ်တလော ပျံ့နှံ့တဲ့ ဗီဒီယိုလိုပဲ အမျိုးသမီးတဦးကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ရက်စက်စွာ သတ်ဖြတ်တဲ့ ဗီဒီယိုမှတ်တမ်းတခုလည်း ၂၀၂၂ ခုနှစ်က ပျံ့နှံ့ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဒေါ်အေးမာထွန်းကို တမူးခရိုင် PDF တပ်ရင်းတခုက တပ်ဖွဲ့ဝင်တွေက ရိုက်နှက်ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက် လူအများ သွားလာနေတဲ့ လမ်းပေါ်မှာ နေ့ခင်းအချိန် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဗီဒီယို မပျံ့နှံ့သည့်တိုင် အဖြစ်အပျက်ကို မျက်မြင်သက်သေတွေ ရှိတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ 

အခုလို လက်နက်ကိုင် အဖွဲ့ဝင်တွေ သတ်ဖြတ်မှုကျူးလွန်ချိန်မှာ ၄င်းတို့ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို အားရတဲ့အနေနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးကြတာမျိုးဖြစ်ပြီး ဝါဒဖြန့်ဖို့ ထုတ်ပြန်တာမျိုးထက် မရည်ရွယ်ဘဲ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းလို့ ဆိုနိုင်မယ် ထင်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ အစိုးရလို့ ဆိုပေမယ့် မြေပြင်မှာ အရပ်သားတွေကို PDF အဖွဲ့ဝင်၊ PDF အားပေးကူညီသူ အစရှိတဲ့ စွပ်စွဲချက်သို့မဟုတ် အကြောင်းပြချက်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေ ကျူးလွန်နေကြတာ အများသိရှိကြပြီး ဖြစ်ပါတယ်။ ပြည်တွင်းစစ် ခေတ်အဆက်ဆက်မှာ စစ်မြေပြင်ဖြစ်တဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျူးလွန်နေခဲ့ကြတာ ဖြစ်ပေမဲ့ အဲဒီလို အဖြစ်အပျက်တွေကို စစ်မြေပြင်နဲ့ ဝေးတဲ့ မြို့ပြကသူတွေ၊ အညာဒေသက သူတွေ၊ ပြည်တွင်းစစ် ဖြစ်ပွားခြင်း မရှိတဲ့ဒေသတွေက သူတွေ ကောင်းစွာမသိရှိခဲ့ကြပါဘူး။  ရှမ်းပြည်မှာ ဖြစ်ပွားတဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ ကရင်၊ ကချင်၊ ကရင်နီ (ကယား) တို့မှာ ဖြစ်ပွားတဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေက အဲဒီဒေသတွေက ပြည်သူလူထုက ကောင်းကောင်းသိရှိကြပေမဲ့ ပြည်မလို့ ဆိုတဲ့နေရာဒေသက သူတွေ မသိရှိခဲ့ကြတဲ့ သဘောပါ။ 

အခုလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်မြေပြင်က နေရာအနှံ့ကို ပျံ့နှံ့လာပြီး အညာဒေသ၊ ပဲခူးတိုင်း၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့အထိ ကျယ်ပြန့်လာကာ အခုလို တရားလက်လွတ်သတ်ဖြတ်မှုတွေ စစ်ပွဲတွေနဲ့အတူ မကြာခဏ ဖြစ်ပွားလာခဲ့ပါတယ်။ ဒီလို စစ်မြေပြင်က နေရာအနှံ့ဆီ ရောက်လာခဲ့ရာမှာ လက်နက်ကိုင် အဖွဲ့အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြတဲ့ စစ်မြေပြင်တွေသာမက မြို့တွေမှာ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်မှုတွေလည်း ဖြစ်ပွားလာခဲ့တာပါ။

လက်နက်ကိုင် တပ်ဖွဲ့တွေကိုသာမက ရန်သူလက်နက်ကိုင် အဖွဲ့ကို ထောက်ခံတဲ့ အရပ်သားတွေ၊ ပညာရေး နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အရပ်ဘက် ဝန်ထမ်းတွေလည်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း အများအပြား ဖြစ်ပွားခဲ့တာပါ။ 

တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့လည်း အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင် နည်းလမ်းကို ရွေးချယ်ခဲ့ကြရာမှာ စစ်ပွဲတွေရဲ့ လိုက်နာရမဲ့ စည်းမျဥ်းစည်းကမ်း၊ အရပ်သားတွေအပေါ်မှာ ပြုမူကျင့်ကြံရမဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ စနစ်တကျ ချမှတ်တာ၊ ဖြန့်ဝေတာ၊ လိုက်နာကျင့်သုံးစေတာတွေ အားနည်းခြင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အောက်ခြေမှာ သီးခြားစီရပ်တည်ပြီး အမိန့်ပေးနိုင်၊ ဥပဒေနဲ့မညီတဲ့ ကျူးလွန်မှုတွေကို အရေးမယူနိုင်တဲ့ အနေအထားတွေမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေက ထပ်ကာထပ်ကာ ဖြစ်ပွားနေတာ တွေ့ကြရပါတယ်။ 

ဆောနယ်က ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တပ်တွေ ဧည့်သည်တယောက် အပါအဝင် မိသားစုတစုလုံး သတ်ဖြတ်ပြီး ကားနဲ့ ရွှေငွေတွေ ယူသွားတဲ့ အဖြစ်အပျက်၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ ပလုံကောက်သူ မိန်းကလေးနဲ့ ယောက်ကျားလေးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းဖျောက်မှုတွေ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်ထားတဲ့သူတွေအနေနဲ့ အရပ်သားတွေအပေါ်  ပြုမူဆက်ဆံကြရာမှာ တရားရုံး၊ ရဲ လုပ်ငန်းစဥ်၊ တရားဥပဒေ စတာတွေကို နားမလည်ကြသလို ၄င်းတို့လက်ထဲမှာ လူတယောက်ရဲ့ အသက်ကိုပါ စီရင်ပိုင်ခွင့် ရှိတယ်လို့ မှတ်ယူထားကြတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ 

အပြစ်မဲ့ အရပ်သားတွေ နေထိုင်တဲ့ မြို့၊ကျေးရွာ၊ စစ်ရှောင်စခန်းတွေ အပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အပြစ်မဲ့ အရပ်သားတွေ သေဆုံးရတဲ့ အဖြစ်တွေအတွက်လည်း လေယာဥ်နဲ့ ဗုံးကြဲသူတွေ၊ အမိန့်ပေးသူတွေ အားလုံး တာဝန်ရှိကြသလိုပဲ အခြားတဖက်မှာ အပြစ်မဲ့ အရပ်သားတွေကို သံသယနဲ့ စွပ်စွဲမှုတခုထည်းနဲ့ အဆုံးစီရင်တဲ့အထိ လုပ်ဆောင်တဲ့ တရားလက်လွတ် သတ်ဖြတ်သူတွေဟာလည်း သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိနေကြတာပါ။ 

အခု လတ်တလော ပျံ့နှံ့တဲ့ ဗီဒီယိုမှတ်တမ်းက လူတွေရဲ့ စိတ်နှလုံးကို နှိုးဆွနိုင်ပြီး ဒေါသ၊ လက်စားချေမှုတွေအတွက် တောင်းဆိုတာ ခံစားချက်နဲ့ တုံ့ပြန်လုပ်ဆောင်ဖို့ တောင်းဆိုတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

တဖက်မှာလည်း အပြစ်မဲ့ အရပ်သား တဦး သတ်ဖြတ်ခံရတဲ့ တဦး တယောက်ရဲ့ အသက်တိုင်းဟာ တန်ဖိုး အတူတူသာ ဖြစ်ကြပါတယ်။ တရားမျှတမှုကို ရှာဖွေကြတဲ့အခါ ခံစားချက် လက်စားချေလိုမှုတွေထက် လူတဦး တယောက်ချင်းစီတိုင်း အသက်တချောင်းတိုင်းရဲ့ တန်ဖိုးတွေကို အတူတူ ရှုမြင်တတ်ကြဖို့ နဲ့ တာဝန်ခံမှုရှိကြဖို့ တောင်းဆိုဖို့ကလည်း အရေးကြီးတာကို ထောက်ပြလိုတာ ဖြစ်ပါတယ်။ 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar