Breaking News

ဧရာဝတီတိုင်း လေးမျက်နှာနဲ့ စစ်ကိုင်းတိုင်း မူးမြစ်ဝှမ်းဒေသ ရေဘေးအခြေအနေ

 May be an image of text

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၂ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁၃ ၊ ၂၀၂၆


ဧရာဝတီတိုင်း လေးမျက်နှာနဲ့ စစ်ကိုင်းတိုင်း မူးမြစ်ဝှမ်းဒေသ ရေဘေးအခြေအနေ

ဧရာဝတီတိုင်း လေးမျက်နှာမြို့ အနောက်ဘက်ခြမ်း ငဝန်မြစ်ရေကို ကာရံထားတဲ့ တာကျိုးပေါက်တာ ၁၃ ရက်ကျော် ၁၄ ရက်နီးပါး ရှိလာချိန်မှာ ကျိုးပေါက်သွားတဲ့ တာကို ပိတ်ဖို့ လုပ်ဆောင်မှုတွေ လုပ်နေပေမယ့် မပြီးသေးတဲ့ အနေအထားပါ။ ကျိုးပေါက်သွားတဲ့နေရာကို ဆောက်လုပ်ရေး လုပ်ငန်းသုံးကရိန်းစက်တွေနဲ့ သံဟင်ဂလန်တွေ စိုက်ပြီးပိတ်ဖို့ လုပ်ဆောင်နေရာမှာ ရိုက်ရမဲ့ သံချောင်း အရေအတွက် ၂၈၀ ကျော်အနက် ၇၀ နီးပါးသာ ရိုက်နိုင်သေးတဲ့အခြေအနေ ဖြစ်လို့ ရက်အတန်ကြာ အချိန်ယူရဦးမဲ့ အနေအထားလို့ ခန့်မှန်းနေကြတယ်လို့ DNA သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။ 

တာကျိုးပြီးနောက် လဝက်နီးနီးကြာလာချိန်မှာ လေးမျက်နှာတာကျိုးတဲ့ ဆီက ဝင်ရောက်တဲ့ မြစ်ရေတွေက လေးမျက်နှာမြို့ နယ်တင်မကဘဲ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော် မြို့နယ်တွေအထိ ရေဘေးဒဏ်ခံစားနေကြရတာ ဖြစ်ပါတယ်။ ကျိုးသွားတဲ့ တာဘောင်ရဲ့ အကျယ်က ပေ ၂၉၀ လောက်ရှိနေပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ဆည်မြောင်းဝန်ကြီးဌာတို့က သက်ဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ ကျိုးတဲ့တာဘောင် ပိတ်ဖို့လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၃၅ နှစ်က ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ဖူးပြီး အဲဒီကျိုးပေါက်တဲ့ ရေကာတာကို ပြန်ပိတ်ဖို့ ၂ လခွဲကြာမြင့်ခဲ့တယ်လို့ သိရပြီးအခု လေးမျက်နှာ တာကျိုးတာကို ပိတ်နိုင်ဖို့ ဘယ်လောက်ကြာမြင့်နိုင်မလဲဆိုတာ အတိအကျ မမှန်းဆနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ အထက်ပိုင်းက ဧရာဝတီမြစ်ကို စီးဝင်တဲ့ ရေဝေရေလဲဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တာကြောင့် မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းလာတဲ့ ရေထုပမာဏက အပြောင်းအလဲရှိနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ငဝန်မြစ်ရေ အနည်းငယ်လျော့ကျသွားခဲ့ပေမယ့် သြဂုတ်လ ၁၂ ရက်နောက်ပိုင်း ပြန်လည်များလာတဲ့ လက္ခဏာတွေတွေ့နေရတယ်လို့ စောင့်ကြည့်နေတဲ့ အဖွဲ့တချို့က ရေးသားထားတာပါ။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်း (မြောက်ဘက်) က ဆင်းလာမယ့် ရေထုပြန်လည်မြင့်တက်လာတဲ့ အခါ လေးမျက်နှာမြို့အနီးက ကျိုးပျက်နေတဲ့တာကို ပိတ်ဖို့ကြိုးစားနေတဲ့ လုပ်ဆောင်မှုတွေကို နှောင့်နှေးစေနိုင်တဲ့အနေအထားလည်း ရှိနေတာ ဖြစ်ပါတယ်။ 

လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော် နဲ့ ရေကြည်မြို့နယ်တွေက ရေဘေးကြုံတွေ့နေကြရသူတွေ အနေနဲ့ ကျယ်ပြန့်တဲ့ပမာဏ နဲ့ ဝင်ရောက်လာတဲ့ရေဘေးဒဏ်ကို ခံစားနေကြရချိန် ဧရာဝတီတိုင်းထဲက နဲ့ အခြားသော ပြည်နယ်၊ တိုင်းတွေက လူမှုကူညီကယ်ဆယ်ရေးတွေ လာရောက်ကူညီတာကို ရရှိနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်က ထိုင်းက ပြန်လာပြီးနောက်တရက်မှာ ပုသိမ်မြို့မှာ လုပ်ငန်းရှင်ကြီးတွေထံက ငွေကြေး အကူအညီ ၂၃ ဘီလျံကျပ် လက်ခံရရှိတယ်လို့ သတင်းဖော်ပြထားပေမဲ့ အဆိုပါ ငွေကြေးတွေက ရေဘေးဒဏ်ခံစားနေရသူတွေဆီ လျင်လျင်မြန်မြန် ရောက်ရှိလာမဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ 

လတ်တလောမှာ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးတွေက ကူညီတဲ့အကူအညီတချို့နဲ့ ပြည်သူလူထု အချင်းချင်း ကူညီတဲ့ လူမှုကူညီကယ်ဆယ်ရေး အကူအညီတွေနဲ့ ရှင်သန် ဖြတ်ကျော်နေကြရတာ ဖြစ်ပါတယ်။ 

လေးမျက်နှာ ရေဘေးသင့်ပြီး ၆ ရက် ၇ ရက်အကြာမှာ စစ်ကိုင်းတိုင်းမှာလည်း သဖန်းဆိပ်ဆည် ရေပိုဖောက်ချရာက မူးမြစ်ဝှမ်းတလျှောက်က ကျေးရွာတွေ၊ စိုက်ပျိုးမြေတွေ အများအပြား ရေဘေးဒဏ်ခံစားနေကြရတာပါ။ သြဂုတ်လ ၆ ရက်နေ့မှာ ရေစတင်ဖောက်ချခဲ့ရာက သီတင်းတပတ်ကြာတဲ့အထိ စစ်ကိုင်းတိုင်း မူးမြစ်ဝှမ်းက မြို့နယ် ၁၀ မြို့နယ်လောက်မှာ ရေဘေးအန္တရာယ် ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ တောင်ဘက် ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းဒေသတို့မှာ တပြိုင်နက်တည်းလိုလို ရေဘေးကြုံတွေ့နေကြရပေမဲ့ ကြုံတွေ့ကြရပုံချင်းက မတူညီကြပါဘူး။ စစ်ကိုင်းတိုင်းထဲက မြို့နယ်အများအပြားမှာ NUG နဲ့ အခြားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရေဘေးဒဏ်သင့်တဲ့ အခြေအနေမျိုးတောင် အာဏာသိမ်းစစ်တပ် အနေနဲ့ ဒီဒေသကို အကူအညီပေးတာတွေ မသွားရောက်နိုင်အောင် ပိတ်ဆို့ ကန့်သတ်ထားတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကိုင်းမြို့ကနေ အထက်ဘက် သွားမဲ့ ရေဘေးကူညီကယ်ဆယ်သူ၊ အကူအညီ ပစ္စည်းတွေကို သယ်ယူခွင့်မပြုဘဲ တားဆီးထားတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းထဲမှာ ရေဘေးဒဏ်ခံရတဲ့ မြို့နယ် ၁၀ နယ်ရဲ့ ကျေးလက်ဒေသတွေ အားလုံးနီးပါးကို တော်လှန်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတာကြောင့် အာဏာသိမ်းစစ်တပ် အနေနဲ့ ဖြတ် ၄ ဖြတ် ကန့်သတ်ချက်ကို အခုလိုရေဘေး အန္တရာယ်ကျရောက် ချိန်မှာတောင် ဖြေလျော့ပေးခြင်း မရှိပါဘူး။ မြို့နယ် ၁၀ မြို့နယ်မှာ ဒေသခံ လူဦးရေ ၂ သိန်းနဲ့အထက် ရေဘေးဒဏ်ခံစားနေကြရပေမဲ့ စစ်အစိုးရလက်အောက်က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အနေနဲ့ အကူအညီပေးတာမျိုး မတွေ့ရသလောက်ပါဘဲ။ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်က စစ်တပ် ထောက်ခံတဲ့ ကျေးရွာအချို့ကို ကူညီတဲ့ သတင်းတွေကလွဲလို့ အခြား ရေဘေးဒဏ်ခံစားနေရတဲ့ မြို့နယ် ၁၀ မြို့နယ်က လူဦးရေ သိန်းနဲ့ချီတဲ့နေရာတွေမှာ ကိုယ်ထူကိုယ်ထ အချင်းချင်းကူညီမှုတွေသာ တွေ့ကြရတာပါ။ 

မန္တလေး-မုံရွာကားလမ်းပေါ်က ညောင်ပင်ဝန်းကျေးရွာလိုမျိုးမှာ ထမင်းထုပ်ဝေတဲ့ သတင်းဓာတ်ပုံ၊ ဗီဒီယို တချို့ တွေ့မြင်ရတာကလွဲလို့ ရေဘေးဒဏ်ကို ဆိုးရွားစွာခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေ ကျေးရွာတွေမှာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်တာ မတွေ့ကြရပါဘူး။ 
အာဏာသိမ်းစစ်အစိုးရ အနေနဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားတဲ့ ရေဘေးအန္တရာယ်ကို လက်နက်ကိုင် ခုခံမှု အားနည်းသွားစေမဲ့ အကျိုးရလဒ်အဖြစ်နဲ့ ရှုမြင်ထားကောင်း ရှုမြင်ထားမှာ ဖြစ်ပါတယ်။ ရေဘေးအန္တရာယ်ကျရောက်မှုကြောင့် ဒီဒေသက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအဖို့ ရန်ပုံငွေ စုဆောင်းဖို့ ခက်ခဲလာမဲ့ အခြေအနေမျိုးကို စစ်အစိုးရက တွေးဆမျှော်လင့်နေမဲ့ သဘောလို့ မှန်းဆရပါတယ်။ 

သဘာဝဘေးအန္တရာယ်ကို လက်နက်အဖြစ် အသုံးပြုပြီး တော်လှန် ခုခံတိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေသာမက သာမန်အရပ်သားပြည်သူလူထုကိုပါ ရေဘေးဒုက္ခထဲ ပိုပြီးနစ်မွန်းစေတာဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့သာ ဆိုရမှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar