မောင်တူး - ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ၉၀ ပြည့်မွေးနေ့

မောင်တူး - ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ၉၀ ပြည့်မွေးနေ့
မိုးမခ ၊ ဩဂုတ် ၁၃ ၊ ၂၀၂၆
ကဗျာဆရာ၊ တော်လှန်စာနှင့်
ခပ်မာမာရေး၊ ကလောင်သွေးနီ
ကိုလေး (အင်းဝဂုဏ်ရည်)၊ မွေးဖွားသည်နေ့
ကိုးဆယ်ပြည့်ပါပြီတကား။ ။
ကိုလေး (အင်းဝဂုဏ်ရည်) (၁၁ ဩဂုတ် ၁၉၃၆ - ၂၂ နိုဝင်ဘာ ၂၀၂၅) ဟာ ထင်ရှားတဲ့ တော်လှန် ကဗျာဆရာကြီးပါ။ အင်းဝသား ကဗျာဆရာလည်း ဖြစ်ပါတယ်။ သူရဲ့ ပထမဆုံးကဗျာက "ကျွန်တော်တို့ဌာနေ ရွှေအင်းဝ" ကဗျာ ဖြစ်ပါတယ်။ မြန်မာ့လမ်းစဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ကဗျာပေါ့။ သူ့အသက် ၂၉ နှစ် ၁၉၆၅ ခုနှစ်က "လမ်းသစ်ကဗျာများ" ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆု ပထမဦးဆုံး ချီးမြှင့်ခံရသူပါ။ ကိုလေး(အင်းဝဂုဏ်ရည်) ဟာ အမျိုးသားစာပေ တသက်တာဆုရှင်လည်းဖြစ်တယ်။ သူ့ကို အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ်မှာ အဖ ဦးချွန်၊ အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က မွေးဖွားခဲ့တယ်။ အခုထိ ဆရာကြီး ကိုလေး သက်ရှိထင်ရှားဦးမယ်ဆိုရင် အသက် ၉၀ ပြည့်ပြီပေါ့။
သိင်္ဂါရ
သံစဉ်မိုး
ပိုးစောင်းသံ။
ဉာဉ့်ဦးယံ
လူခြေတိတ်
ဖိတ်ကျလာတဲ့
လွမ်းကာရန်။
ကွဲကွာခြင်း
အပူဒဏ်
ဘယ်သူ
လာ
ခံစေသနည်း။
အမုန်းဆိုတဲ့ အခါးဒဏ်
ဘယ်သူ
စဖန်လေသနည်း။
ချစ်သူတို့
ဖဝါးအောက်
ပန်းပေါက်စေသတည်း။ ။
ကိုလေး (အင်းဝဂုဏ်ရည်) ၁၆၊ ၁၁၊ ၂၀၂၅ မကွယ်လွန်မီနောက်ဆုံးရေး
ဆရာကြီးကိုလေး ဘာကဗျာတွေရေး၊ ပြောခဲ့သလဲ
လွန်ခဲ့တဲ့ အနှစ် ၅ဝ လောက်က အမျိုးသားစာပေဆုရှင်တဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကို ၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေတသက်တာဆု ချီးမြှင့်လိုက်ပါတယ်။ ဆရာကြီး ကိုလေးဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ကဗျာရေးခွင့်ပိတ်ပင်ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ်မှာမှ သူ့ကဗျာတွေ ပြန်လည် ပုံနှိပ်ဖေါ်ပြခွင့်ရလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်း မကွယ်လွန်ခင်အထိ မန္တလေးတိုင်း တံတားဦးမြို့မှာ နေထိုင်ခဲ့ပြီး ကဗျာတွေ ဆက်လက်ရေးသားနေခဲ့သလို ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ စာပေဟောပြောပွဲတွေကိုလည်း နိုင်ငံအနှံ့သွားလာ ဟောပြောခဲ့ပါတယ်။ ထူးခြားတာက ဆုရတာကို ဝမ်းမသာဘူးလို့ သူက ပြောခဲ့တာပါ။ ဆုပေးသူတွေကိုတောင် သူက ခါးခါးသီးသီး အပြစ်တင်ခဲ့ပါသေးတယ်။ ဒီလို အမျိုးသားစာပေတသက်တာဆုမျိုးကို ကွယ်လွန်သူတွေဖြစ်တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ကဗျာဆရာကြည်အောင်တို့လို ပုဂ္ဂိုလ်တွေ ရသင့်တာကို မပေးခဲတဲ့အတွက် အခုလို သူရတဲ့အတွက် "သိပ်မပျော်မိပါဘူး"လို့ ပြောခဲ့ပါတယ်။
ဆရာကြီး ဦးကိုလေး-အင်းဝဂုဏ်ရည်ကို RFA က မေးမြန်းထားတာကို သူ့ရဲ့ ၉၀ ပြည့် မွေးနေ့မှာ ပြန်လည် ဖော်ကောင် လုပ်လိုက်ပါတယ်။
ကိုယ့်စာ ကိုယ်ရေး ကိုယ်ရွေး ကိုယ်ယူကြတဲ့ အမျိုးသားစာပေဆု
မေး။ အမျိုးသားစာပေ တသက်တာဆု ရတဲ့အပေါ် အမြင်ပြောပါခင်ဗျာ။
ဖြေ။ “ဒါကတော့ သက်သက် Honorable လုပ်တာပါပဲဗျာ။ တသက်တာစာပေဆု အသက်ကြီးတဲ့သူတွေ တသက်လုံး သူတို့လုပ်ခဲ့တာတွေအတွက် ဂုဏ်ပြုတာပါ။ အမျိုးသား စာပေဆု ဆိုတာကတော့ ကျနော်တို့ရတုန်းကကျတော့ အဲ့ဒီ့ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့က ဆရာဦးသိန်းဖေမြင့်တို့ ဆရာဇော်ဂျီတို့ ပါတယ်ဗျ။ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၅ အဲ့သည်တုန်းက ကျနော်တို့က ရတဲ့ဆုလေးက တန်ဖိုးရှိတယ်ဗျ။ နောက်ပိုင်းကျတော့ သူတို့ဟာသူတို့ ရေး ယူ၊ သူတို့ဟာသူတို့ ယူကြတဲ့ အဆင့်တွေ ရောက်ကုန်ကြတယ်ဗျ။ အဲ့တော့ တန်ဖိုးဟာ ကျသွားတယ်လို့ ကျနော်ထင်တယ်။ သို့သော် အဲ့ဒါကို ပြန်ပြီးတော့ အဖတ်ဆည်ရအောင် ကြားထဲမှာ နုနုရည်တို့ ဘယ်သူတို့ ထိုးထည့်ပေးပါတယ်။ အခုကျတော့ မရတော့ဘူးဗျ။ သူတို့ပဲ လက်ဝါးကြီးအုပ်ပြီး ယူသွားကြတာ။ နောက်တခုကလည်း ငွေဖောင်းပွလာတဲ့ အခါကျတော့ ကျနော်တို့ရတုန်းက ၁၅၀၀ ကျပ် ဆုကြေးရတယ်။ ရွှေတကျပ်သား ၂၀၀ ဈေးရှိတော့ ၇ ကျပ်ခွဲသားရတယ်။ နောက်ပိုင်း ရွေဈေးတက်လာတာမို့ အမျိုးသားစာပေဆုက သိန်းချီ ပေးပေမဲ့ သိပ်မနိပ်ချင်တော့ဘူး။ ဒါက တန်ဖိုးအရပြောတာ။ အထူးသဖြင့် ကဗျာကျတော့ တော်တော့်ကို ဆိုးသွားတယ်ဗျ။ ကျနော့်အမြင်ပေါ့လေ။ ပေးသင့်ပေးအပ်သူတွေ မပေးဘဲနဲ့ သူတို့လူတွေသူတို့ ရွေးပေးကြတယ်လို့ ကျနော် စွပ်စွဲချင်တယ်ဗျာ။ ကိုကြည်အောင် ပြောသလို ပြောရမယ်ဆိုရင် ကိုယ့်စာ ကိုယ်ရေး ကိုယ်ရွေး ကိုယ်ယူဆိုတဲ့ အဲ့ဒီ စနစ်ကြီး ဖြစ်လာတယ်။
မေး။ စစ်အစိုးရဘက်က ရေးတဲ့ စာပေတွေက ပိုပြီး ဆုတွေရကြသလားဆရာ
ဖြေ။ ဟုတ်တယ်။ ဟုတ်တယ်။ အဲ့သည်မှာ လုံးဝကြီးကို အစိုးရကို Back up လုပ်တဲ့သူတွေကို ဆုပေးတော့တာပဲဗျ။ နည်းနည်းလေး အတိုက်အခံ ပါရင် မပေးတော့ဘူး။ တခါလည်း ကျနော့်ဟာ ကျနော် မိန်းမခိုးတဲ့ဟာလေး . . .
လှံသွား ထောင်ထောင်
ဓားရောင် ဖွေးဖွေး
မြွေပွေး ခွေခွေ
ရေးတာကို လှံတွေ ဓားတွေပါလို့ ပယ်တယ်တဲ့။ ကျနော် အဲသည်အချိန်တုန်းက ရန်ကုန်သွားပြီး စာပေစိစစ်ရေး သွားပြောတယ်။ မဟုတ်ဘူးဗျာလို့ .......
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေ
လှေခါးခုံမှာ
ဂဠုန်မောင့်ကြောင့် စောင့်ကြတယ်။
လှေခါးဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်ကြတယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်း မောင့်ကြောင့်ချီတော့တယ်။
အဲ့သည်မှာ လှံသွားမောင့်ကြောင့်ထောင်တော့တယ်ဆိုတာ အဓိပ္ပာယ်က သဘောမတူလို့ ကောင်မလေးလင့်နောက်လိုက်သွားမှာစိုးလို့ မိန်းမလာခိုးမှာစိုးလို့ လုပ်ထားတာ ဒါ လှံတွေဓားတွေနဲ့ မဆိုင်ပါဘူးလို့ မနည်းပြောယူရတယ်ဗျ။ အဲ့ဒါက ၈၈၈၈ မတိုင်ခင်ခေတ်ဗျ။ တခါလည်း
နေဝင်တော့မည်၊ တိမ်တို့နီ၏
မဒ္ဒီတောသွား၊ သစ်ဆင်ကျားတို့
ဆီးတားဟန့်ကာ၊ ချောက်လှန့်ပါသည်
ဇာတ်လာညနေချမ်းသို့တကား။ ။
အဲ့သည် ညနေလေးကလေ Lonely evening အထီးကျန်တဲ့ညနေလေး။ အင်မတန် လွမ်းစရာကောင်းတဲ့ ညနေလေး။ မဒ္ဒီဒေဝီ မိဖုရားကြီးက သစ်သီးရှာပြီး ပြန်လာတော့ ဝေဿန္တရာမင်းကြီးက သားတော်နဲ့ သမီးတော်ကို ဇူဇကာပုဏ္ဏားဆီ လှူနေတဲ့အချိန်၊ အဲ့သည်တော့ မိခင်ရှိရင် ဒီအလှူတော်ကြီး ပျက်ရချည်ရဲ့ဆိုပြီး တောင်စောင့်နတ်တွေက ကျားယောင် ဆင်ယောင်ဆောင်ပြီးတော့ တားကြဆီးကြတာပါလို့ ပြောတော့.... စစ်တပ် စိစစ်ရေးက ပြောတယ်။ ဆရာရေ "နေဝင်တော့မည်" ဆိုပြီး ရေးလို့ မရဘူးဗျတဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ "ဗိုလ်နေဝင်" ဆိုပြီး ဦးနေဝင်းကို ခင်ဗျားတို့ စောင်းရေးတာတဲ့။ ဟားဗျာ " မိုးကြိုးပစ်ရပါစေရဲ့" မဟုတ်ပါဘူးဗျာ။ ကျနော့်ဟာ ကျနော် နေလေးဝင်သွားတာပါဆိုတော့ မရဘူးတဲ့ စာသားပြင်ပေးပါတဲ့။ ကျနော်လည်း ကဗျာဆရာပဲ။ ဟဲဟဲ ချက်ချင်း ကဗျာကို ပြင်ရေး ပေးလိုက်တာပေါ့။
"ဆည်းဆာနေရီ၊ တိမ်တို့နီ၏" ဆိုပြီး ပြင်ရေးပေးလိုက်တော့ အိုကေတဲ့။ အဲ့သည်လိုတွေ အလုပ်ခံခဲ့ရပါတယ်ဗျာ။
ဆရာကိုလေး ကဗျာကလောင် ၁၄ နှစ် အပိတ်ခံခဲ့ရခြင်း
ဆရာကြီးဟာ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကို မန္တလေးကနေ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ၈၈၈၈ ကစ ကဗျာဆရာကြီးတင်မိုး ကဗျာဆရာကြီး ကြည်အောင်တို့နဲ့အတူ ကလောင်အမည် အပိတ်ခံခဲ့ရပြီး ၂၀၁၂ ကျမှ ကဗျာပြန်ရေးခွင့်ရတာပါ။
မေး ။ အဲ့သည် ပိတ်ပင်ကာလမှာ လျှို့ဝှက် ကလောင်တွေနဲ့ ရေးခဲ့သေးလား။
ဖြေ။ “ကျနော်ရော ကြည်အောင်ရော မရေးတော့ဘူး။ လူထုဒေါ်အမာကတော့ ရေးခိုင်းပါတယ်။ ကျနော်က ကဗျာကာရန်ကို စဉ်းစားလိုက်ချိန်မှာ စာပေစိစစ်ရေးရဲ့ မျက်နှာကြီးတွေ မြင်မြင်လာတော့ ကလောင်ဝှက်နဲ့လည်း မရေးတော့ဘူးလို့ ဒေါ်ဒေါ် (လူထုဒေါ်အမာ) ကို ပြောလိုက်တယ်။ သတင်းတိုက်တွေလည်း မလွတ်လပ်ဘူးဗျ။ တခါကလည်း ကိုအင်းဝ ဆိုတဲ့ ကဗျာဆရာလေး ရေးတာ။ သူလည်း မဂိုလမ်းက မျက်မှန်ရောင်းတဲ့ အိန္ဒိယလေးဗျ။ သူ့စာတွေကို ပိတ်ထားလို့ဗျ။ သူက ကျနော် မဂိုလမ်းက မျက်မှန်ရောင်းတဲ့ အိန္ဒိယလူမျိုးပါ။ ရန်ကုန်ကပါ။ မန္တလေးက အင်းဝသား ကဗျာဆရာကြီး မဟုတ်ပါဘူးလို့ စာပေစိစစ်ရေးကို သွားရှင်းပြရတယ်တဲ့။ အဲ့သည်တော့မှ ကိုယ်ရေးရာဇဝင် တင်ခိုင်းတယ်တဲ့။ အဲ့သည်ကောင်လေး ပြောပြမှ ရယ်ရတာဗျ။ နောက် ကျတော့ ကြည်အောင် ပြဿနာ။”
ကိုလေးတင်မက ကြည်အောင်ပါ ခံခဲ့ရ
ကြည်အောင် နာမည်ပါတာနဲ့ စိစစ်ရေးက ပိတ်ထားတယ်။ ကြည်အောင်ကလောင် မှန်သမျှ အပိတ်ခံရတာပါ။ ကြည်အောင်တွေမှ အများကြီးပဲ။ ကေတုမတီကြည်အောင်တို့ မေတ္တာရှင်ကြည်အောင်တို့ ကြည်အောင်တွေ ဖောင်းပွတယ်ဗျာ။ ကေတုမတီကြည်အောင်ဆိုတာ ပြန်ကြားရေးဝန်ကြီးဗျ။ မဂ္ဂဇင်းထဲ သူ့ကဗျာမပါလို့ ဟေ့ကောင်တွေ ငါ့ကဗျာ ရိုက်ပီးပြီလား။ မေးတော့မှ ဝန်ကြီး ကလောင်နာမည်ပါလား သိတာ။ ဟာ သူတို့အဖေကျတော့ ကြောက်ကြတယ်။ ဟာ ... အားချင်းကို ပြန်ရိုက်ထည့်ကြရတာတဲ့။ ကြည်အောင် ကလောင်ကို ပိတ်ထားတဲ့ကာလ ကြည်အောင် နှိပ်စက်လိုက်ပုံက။”
ဒေါ်အောင်ဆန်းစုကြည်အမှာစာကြောင့် မွန်းတည့်အမီ ဆုမရခြင်း
မေး။ ၂၀၁၂ ကဗျာပြန်ရေးခွင့်ရတော့ ဘာလုပ်သလဲ။
ဖြေ။ “မွန်းတည့်အမီ ထုတ်တယ်လေ။ မွန်းတည့်အမီ ကဗျာ Compound လေးထုတ်တယ်။ ကျနော့် ကဗျာစုစည်းမှု စာအုပ် ထုတ်တယ်။ အဲ့ဒါလေးကို ကျနော်က တအားမျှော်တာဗျာ။ အမျိုးသားစာပေဆု ရလိမ့်မယ်လို့ ကျနော်ထင်တာ။ သို့သော် သူတို့ အမှာကို ကြောက်ပုံ ရတယ်ဗျ။ နံပတ် ၁ ဦးလေး ဒဂုန်တာရာ ပါတယ်။ နံပတ် ၂ ဦးဝင်းတင်အမှာစာ ပါတယ်။ နံပတ် ၃ ကိုသာနိုး နံပတ် ၄ ဒေါ်အောင်ဆန်းစုကြည်ပါတယ်။ အဲ့ဒီ အမှာကို နည်းနည်း စိုးရိမ်တယ် ထင်ပါတယ်။”
စာပေဆုတွေမှာ မော်ဒန်ကဗျာကို မပေးတဲ့အပေါ် ဆရာကိုလေး အမြင်
အဲ့ဒါက ကျနော်တို့ တက္ကသိုလ်ကာလမှာ ထီလာစစ်သူ (ကိုစိုးညွန့်) က မန္တလေးနန်းတွင်းထဲက ဂျီသရီး။ ကျနော်တို့နဲ့ ညီအစ်ကိုလို ခင်တာ။ သူဝန်ကြီးဖြစ်တော့ ကျနော်က သူ့ကို ပြောတယ်။ ကိုစိုးညွန့် ခင်ဗျားက အဟောင်းစားကြီးပဲ။ ဥပမာခင်ဗျားက အမေ့စိန်နားကပ်ကြီး ရောင်းစားပြီး တိုက်တည်တယ်။ အဖေ့ နဝရတ် လက်စွပ်ကြီး ရောင်းစားပြီး ကားဝယ်စီးတာနော်။ ခင်ဗျား အား ခင်ဗျား အင်နဲ့ရှာတာ ပြစမ်းပါလို့ပြောတော့ ဟေ့ကောင် ငါ နားမလည်ဘူးကွတဲ့။ ဘာနားမလည်ရမှာလဲ ကဗျာဆိုတာ What is poetry ဆိုတာ ကျနော် ရှင်းပြပေးမယ်။ အဆိုအမိန့်တွေ ရှိတာပေါ့လို့။ ကဗျာဆိုတာ "အသစ်" ဗျ။ ပုဂံခေတ်က ကျတော့ လင်္ကာ၊ ပင်းယခေတ်ကကျတော့ ကာချင်း၊ အင်းဝခေတ်က ကျတော့ "ပျို့" ပျို့ဆိုတာက ကဗျာဝတ္ထု၊ နောက် ညောင်ရမ်းခေတ်ကျတော့ "တျာချင်း" နတ်ရှင်နောင်တို့ ခေတ်ကျတော့ "ရတု" တံခွန်စိုက်တယ်။ ကုန်းဘောင်ခေတ်ဦးက "တေးထပ်" ကုန်းဘောင်ခေတ်နှောင်းက "ဘောလယ်" ဆရာကြီးမှိုင်းက "မဟာကဗျာလေးချိုးကြီး"၊ အခုက "မော်ဒန်" ကဗျာခေတ်ပေါ့။ အဲ့သည်တော့ ကဗျာဆိုတာ သစ်ပြီးရင်း သစ်သစ်လာကြတဲ့ အသစ်တွေဗျလို့၊ လုပ်ပါစေဗျာလို့၊ ဒါတွေကို မပိတ်ပင် ချင်ပါနဲ့လို့။ ကဗျာဟာ နို့မို့ရင် အဟောင်းချည်းပဲ သွားနေမှာပဲလို့။ ကျနော့်ကို မေး What is poetry ဆိုရင် အသစ်ဖြစ်သည်လို့ ပြောမှာလို့၊ ဒါကြောင့် မော်ဒန်ကဗျာကိုလည်းပဲ စာပေဆု ပေးဖို့ကောင်းပါတယ်။ ဒါပေမဲ့ မပေးပါဘူး။ ဒီနေ့ခေတ်ကလည်း လေးလုံးစပ်ကလည်း မွန်းကြပ်နေပြီဗျ။ ရှင်းရှင်း ပြောမယ်ဆို အဲ့သည် လေးလုံးစပ်ကို ကျနော်စပြီး ရိုက်ချိုးခဲ့တာဗျ။ ဖောက်ထွက်ခဲ့တာပေါ့ဗျာ။ ကျနော်တို့က မုန်းပြီဗျာ။ ညီးငွေ့လာပြီ။ အဲ့သည်တော့ ကျနော်က တလုံးအထိအောင်ချုံ့လိုက်တယ်။ ၁၅ လုံး ၁၆ လုံးထိအောင် ချဲ့လိုက်တယ်။ သို့သော် အဲ့သည် အချိန်မှာ ကာရန်တွေ ပါသေးတယ်။ ကျနော်တို့ တလုံးထိအောင် ချုံ့တာရယ်။ ၁၅ လုံး ၁၆ လုံး ချဲ့တာရယ်။ Speech Rhythm ရယ် ပေါင်းလိုက်တဲ့ အခါကျတော့ Modern poetry ဆိုတာ ကျနော်တို့ ဖြစ်လာသဗျ။ ဒီနေ့ကျတော့ Rhythm ကို ကဗျာရေးသူတွေက အသံကို လျှော့ပစ်လိုက်တယ်။ ပြန်ချုပ်ရင် ကဗျာဆိုသည်မှာ Choice of word စကားလုံး ရွေးချယ်မှု Though အတွေး၊ sensibility အာရုံခံစားမှု၊ Ornament အလင်္ကာ၊ ပြီးတော့ အသံ Sound ၅ ခုထဲမှာ ဒီကလေးတွေက Sound ကို ဖျောက်ပစ်လိုက်တယ်။ ကမ္ဘာမှာ LP ကဗျာတို့ LG ကဗျာတို့ဘာတို့ ကျနော်တို့ လိုက် မမီတော့ဘူး။ သူတို့ အဲ့ဒါကို အဲ့သည်မှာ မဲနေကြတယ်။ သူတို့ခေတ်နဲ့ သူတို့ လုပ်ကြပါစေလေ။ ကိစ္စ မရှိဘူး။ လိုက်မမီတော့ဘူး။ ငါတို့ကတော့ ခေတ်ကျန် ကဗျာဆရာတွေပေါ့ကွာ။
ဗောင်းတော်ဆက်သူ
ပန်းဆက်သူနဲ့။
လှည်းသူကျဉ်းသူ
သန့်ရှင်းသူနဲ့။
ဆွမ်းလှူကွမ်းလှူ
ရေချမ်းလှူ၍
စုယူစည်းဝေး
ဖြူဖြူဖွေး၏။ ။
ကိုလေး (အင်းဝဂုဏ်ရည်) ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းသောကဗျာ
၂၀၁၅ အမျိုးသားစာပေတသက်တာဆု ရတာ ဆရာကိုလေး သိပ်မပျော်
တခွန်းတည်း ပြောချင်ပါတယ်။ ကျနော် ၂၀၁၅ အမျိုးသားစာပေတသက်တာဆု ရတာကို သိပ်မပျော်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော့်အမေ လူထုဒေါ်အမာရယ်၊ ကျနော့်ဦးလေး ဒဂုန်တာရာရယ် ဒီဆုတွေ ရရမှာပါ။ ဒီဆုတွေက သူတို့အတွက်လို့ ပြောချင်ပါတယ်။ ဒီစာပေဆုတွေက သူတို့အတွက်လို့ ကျနော်က ခံယူတဲ့အတွက် ကျနော် ဆုရတာ သိပ်ဝမ်းမသာပါဘူးလို့ ပြောချင်ပါတယ်။
စိတ်
ချစ်သူထံ အသွား
ရထား ဘာကြောင့်နှေး။
သူ့ဆီက အပြန်
ရထား မြန်တယ်လေး။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
၃ - ၁၂ - ၆၄
အထက်ပါကဗျာကလေးကနေ ကဗျာဆရာ့စိတ်ကို ဖမ်းကြည့်နိုင်ပါလိမ့်မယ်။ ဆရာဟာ ပြည်သူ့ဘက်က ရပ်တည်တယ်၊ ပြည်သူကို ငြိမ်းချမ်းစေချင်တယ်၊ ပြည်သူတွေ အသိပညာတိုးပွားစေချင်တယ်ဆိုတာကို သူ့ရဲ့ စာပေဟောပြောပွဲတွေ သူ့ကဗျာတွေမှာ တွေ့နိုင်ပါတယ်။ သူဟာ မမှန်တာတွေရင် ပြုပြင်ဖို့ကို ရဲရဲရင့်ရင့် ပြောရဲသူပါ။ သူ့ကဗျာတွေဟာလည်း အမှန်တရားကိုသာ ဦးတည်နေပါတယ်။ သူဟာ အမေလူထုဒေါ်အမာကို ကိုးကွယ်တယ်။ စစ်အာဏာပိုင်တွေ ငြိုငြင်နေတဲ့ကြားကပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံသူပါ။ ပန်းပန်ရင် ပန်းကိုင်ရင်တောင် အဖမ်းခံရတဲ့ အမေစုရဲ့မွေးနေ့ကိုတောင် ရဲရဲဝံ့ဝံ့ ကဗျာတပုဒ် သီကုံးစပ်ဆို ဂုဏ်ပြုခဲ့တာလေ။
ငါ့နှမ
နေကောင်းလား
မကောင်းလည်း
ကောင်းရမှာ . . .
ငါ့နှမ
အိပ်ပျော်လား
မပျော်လည်း
ပျော်ရမှာ . . .
ကိုယ်ကောင်းဖို့ထက်
အများကောင်းဖို့
ဒါကိုသိသား
သိသားနဲ့မေး
နှမလေးရေ
ခွင့်လွှတ်ပါ။ ။
ကိုလေး (အင်းဝဂုဏ်ရည်) မစု မွေးနေ့လက်ဆောင် ၁၂ ၊ ၆ ၊ ၂၀၀၈
ဆရာကြီး၏ တော်လှန်ကဗျာများ
‘မြန်မာပြည်’
အပြင်ကခွေး
အိမ်ကခွေး
နှစ်ခွေးပေါင်းတော့ ခြံကြက်ပြောင် . . . .။ ။
ကိုလေး (အင်းဝဂုဏ်ရည်) ၂၀- ၅- ၂၀၁၂
ဒီကဗျာဟာ အပြင်ကခွေးတည်းဟူသော တရုပ်ဝမ်ပေါင် ကုမ္ပဏီ၊ အတွင်းခွေးတည်းဟူသော စစ်တပ် ဦးပိုင်ကုမ္ပဏီ အဲ့သည် ၂ ခွေး ပေါင်း လုပ်လိုက်ကြတာ လက်ပတောင်းတောင်ကြီး ပြောင်ပါတယ်လို့ ဆရာကြီးက ပြောခဲ့ပါတယ်။
ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်။
ဒေါသချောင်းချောင်း
လက်ပံတောင်းဒီတောင်။
စစ်တပ်ကျေးဇူး
ရှိဘူးသတဲ့မောင်။
အမလေး
စစ်ခွေးတဟောင်ဟောင်။ ။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညက မုံရွာတဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြတော်မူခဲ့ကြတဲ့ သံဃာတွေကို ဦးသိန်းစိန် ကြံ့/ဖွံ့အစိုးရက မီးလောင်ဗုံးတွေနဲ့ ပစ်ပြီး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အခု တန်ဆောင်မုန်းလပြည့်ညမှာ ၁၃ နှစ် ပြည့်ခဲ့ပါပြီ။ ဒီလို သံဃာတော်တွေကို စစ်တပ်က မီးသေနတ်တွေနဲ့ ပစ်ခဲ့တဲ့အကြောင်းကို ဆရာကြီးကိုလေးက ၂၀၁၇ ခုနှစ်က စာပေဟောပြောပွဲမှာ ကဗျာ ရွတ်ဆိုခဲ့တာပါ။ ကျနော်တို့ ကဗျာတွေကို စစ်အာဏာရှင်တွေက သိပ်ကြောက်တယ်လို့ ဆရာကြီးကိုလေးက ပြောခဲ့ပါသေးတယ်။
ကိုလေး (အင်းဝဂုဏ်ရည်) ၉၀ ပြည့် မွေးနေ့
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်ဟာ အင်းဝသား ကဗျာဆရာကို မွေးဖွားခဲ့တဲ့ နှစ်ပေါင်း ၉၀ ပြည့်ပါ။ သူဟာ ကဗျာ စာပေမှာတင်မက မဟာဂီတ၊ ဗုဒ္ဓစာပေ စသည်ဖြင့် ဘက်စုံနီးပါး ကျွမ်းကျင်သူပါ။ အထူးသဖြင့်ကတော့ တော်လှန် ကဗျာတွေကို ရဲရဲတောက် ပြည်သူ့ဘက်က ရေးသားခဲ့သလို စာပေဟောပြောပွဲတွေမှာလည်း ရဲရဲတောက် ပြည်သူ့အတွက် ဟောပြောခဲ့တာပါ။ ပြည်သူတရပ်လုံးအတွက်ကတော့ ပြည်သူ့စာဆိုကြီးတဦးပေါ့။ ဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ကွယ်လွန်သွားခဲ့ပါပြီ။ နေမင်းကြီး ကွယ်ပျောက်သွားပေမဲ့ အရောင်ရှိန်ဝါတွေကတော့ သာဆဲပါ။ ဆရာကြီးရဲ့ စာပေသဘောတရား၊ ကဗျာအယူအဆ၊ စာပေဝမ်းစာ၊ ဂန္ထဝင်ဝမ်းစာ၊ စာပေခံယူချက်၊ စာပေအာဝဇ္ဇန်း၊ ဆရာကြီးရဲ့ ရှင်သန်မှု ပုံဟန်စရိုက်၊ တက်ကြွတဲ့ အမူအရာပုံရိပ်တွေကို မြင်နေရဆဲပါ။ တွေ့နေရဆဲမို့ သူ့ရဲ့ ၉၀ ပြည့်မွေးနေ့မှာ သူ့ အယူအဆ၊ သူ့သဘောတရား၊ သူ့ဝါဒ၊ သူ့ခံယူချက်တွေကို အတုယူပြီး (ကျနော် ကျမတို့အားလုံး) ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးကိုဆက်လက် တိုက်ပွဲဝင်ကြပါစို့။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar