ဖလော်ဒါဟန် - မျက်နှာဖုံးစွပ်လူတန်းစားများ ပေးနေကြသည့် ပြည်သူများဘဝ
ဖလော်ဒါဟန် - မျက်နှာဖုံးစွပ်လူတန်းစားများ ပေးနေကြသည့် ပြည်သူများဘဝ
မိုးမခ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၆
ပြောင်းလဲသွားတဲ့ လူ့ဘဝခရီးမှာ မြန်မာပြည်ကြီးရဲ့ သက်တမ်းက စက်ဆုပ်ရွံရှာဖွယ် အတိပါ။ လူမပီသသူတွေ နေနေကြတဲ့ တိုင်းပြည်မှာ လူပီသဖို့ကတော့ ဝေးနေကြဦးမှာပါ။
စီးတီး (City) ဆိုတဲ့ မြို့ပြကြီးတွေမှာတော့ မျက်နှာဖုံးစွပ် လူတစုရဲ့ အတ္တအောက်မှာ ကိုယ်ချင်းစာတရားက မှေးမှိန်နေလေရဲ့။ ဓာတ်ပုံဆေးသားအောက်မှာ ဘဝတစ်ခုကို လိမ်ညာနေခြင်းကလည်း ပြည်သူကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်နေသလိုပါပဲ။ ယနေ့အချိန်မှာ ဒေါင်းတောင်း (Downtown) ဧရိယာကို ကျော်ရင်တော့ ယမ်းငွေ့၊ စစ်ငွေ့အပြင် ပေါ်တာနဲ့ စစ်မှုထမ်း ဆိုသည့် ပြည်သူ မနှစ်သက်သည့် အမိန့်တစ်ခုက ကြိုဆိုနေတာပါ။
မညီမျှသည့် လူဘောင်အဖွဲ့အစည်းမှာ ဘယ်စစ်သား သား/သမီး၊ ဘယ်ညွှန်မှူး သား/သမီး ဆိုတာတွေအပြင် အခွင့်ထူးခံ လူတန်းစားအကုန်လိုလို ပြည်ပမှာ ကျောင်းတက်နေကြတာ အများအပြားပါ။ ဒါကို စာရေးသူက မနှစ်မြို့ဘူးလားဆိုတော့ မဟုတ်ရပါ။ တန်းတူညီမျှဆိုတဲ့ အခွင့်အရေးမရှိတဲ့ မြန်မာပြည်ကြီးရဲ့ ဒုစရိုက်အုပ်ချုပ်ရေးကိုတော့ မကြိုက်သည့်အတွက် ရေးသားရခြင်းပါ။
“ငါနဲ့တည့်အောင်နေ၊ ငါ့အစေကိုခံ၊ ငါ ပြောတာ လက်ခံ၊ ပြန်မပြောနဲ့။ ငါ့မိသားစု ကောင်းစားဖို့အတွက် နင်တို့က စပို့တင်း (Supporting) လုပ်ပေး၊ ငါ့ကိုတော့ အထူးစပို့တင်း လုပ်ပေးကြ” ဆိုတဲ့ အာဏာရှင် ခေတ်ရေစီးကြောင်းရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ ဒီလိုအနေအထားကို လက်ခံနိုင်သူတွေအတွက်တော့ မျက်နှာဖုံးစွပ် ဓာတ်ပုံရိုက်ကြရတာ အတော်အဆင်ပြေနေတဲ့ ခေတ်ကြီးလို့ ပြောနိုင်ပါတယ်။ ယနေ့အချိန်မှာဆို ပြည်သူထဲက ပြည်သူတစ်ယောက်အနေနှင့် တသက်နဲ့တကိုယ် မကြားဖူးသည့် လူနေမှုအဆင့်အတန်း၊ ရာထူးဂုဏ်စည်းစိမ်တွေကို နှစ်အနည်းငယ်အတွင်း ခံစားစံစားနေကြရခြင်းသည် အပေါ်ယံ မျက်နှာဖုံး ဓာတ်ပုံတစ်ပုံအတွက် အာသာဖြေရုံအဆင့်လောက်လို့ ပြောရမလားပဲ။
မြန်မာပြည်ကြီးရဲ့ အကွင်းအကွက် သေးသေးလေးထဲမှာ တစ်ဖက်မှာ အောင်မြေနင်းနေသူ မျက်နှာဖုံးရှင်များအတွက် ပျော်ချင်လည်း ပျော်ကြမယ်၊ ဖျောက်ချင်လည်း ဖျောက်ထားကြမယ်။ တစ်ဖက်မှာလည်း ချုံနွယ်ပိတ်ပေါင်းများစွာနဲ့ မြို့ပျောက်၊ ရွာပျောက်၊ လမ်းပျောက်နေသူတွေ မြန်မာပြည်ကြီးရဲ့ သုံးပုံနှစ်ပုံမှာ ရှိနေကြပါတယ်။ အထူးသဖြင့် တောသူတောင်သား လယ်သမားများ အများစု ဆိုသည်က အနှစ်နှစ်အလလက မိရိုးဖလာမပျက် နေထိုင်ခဲ့ကြရတဲ့ ဇာတိမြေတွေကို စွန့်ခဲ့ကြရသူတွေ အများကြီးပါ။
နောက်ဆုံး ရဲစခန်းမှာလည်း မအလ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဆွေမျိုးတွေ၊ အိမ်ထောင်သည် လိုင်းခန်းတွေမှာ ရှိနေကြသလို၊ ကျောင်းအချို့မှာ ကျောင်းသားများ စာသင်ဆောင်ကို ကျောင်းအုပ်မှ စစ်ရှောင် မိမိဆွေမျိုးများကို ခေါ်တင်ထားတာလည်း ရှိနေကြတာပါ။ ကျောင်းသားများမှာတော့ နေထဲ မိုးထဲ အပူထဲ တရွှဲရွှဲပါပဲ။ မျက်နှာဖုံးစွတ် လူတန်းစားများကတော့ မသိချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်ခြင်းဖြင့် ပြည်သူတွေကို ဆင်းရဲတွင်းထဲ နစ်သထက်နစ်အောင်၊ ဘဝတွေ ပျက်သထက်ပျက်အောင် အာဏာရှင်နဲ့ အပေးအယူမျှနေကြတုန်းပါပဲ။
ဝါးလုံးခေါင်းထဲ လသာနေသူများအဖို့ ပြင်ပလေကို ရှူကြည့်လိုက်ကြစမ်းပါ။ မြန်မာ ဆိုသည်မှာ ကျားဖြန့်နှင့် မူးယစ်ဆေး ခေါင်းစဉ်အောက်မှာ လူရာမဝင် ဂုဏ်သိက္ခာမဲ့ခြင်းများစွာဖြင့် ထပ်တိုးအဆင့်မှာ လူဖြစ်ရှုံးနေရသည့် ဘဝပါ။ မအလ ဆိုသည်မှာလည်း နိုင်ငံတကာ လှည့်လည်ပြီး မိမိချေးထုပ်ကို ဖြည်ပြနေသလိုပါပဲ။ အနံ့မရှိ၊ အဆင်းမရှိ၊ ဘာလာလာ ဒေါင်းမယ်ဆိုတဲ့ ဗန်းစကားနဲ့ လျော်ညီတော့ အစမ်းသပ်ခံဘဝဖြင့် လူမြင်ကွင်းထွက်ခွင့်ရရုံဖြင့် ကျေနပ်နေရသည့် သမ္မတတစ်ယောက်ထက် မပိုပါ။
အာဏာရှင်ကိုယ်တိုင်မှာလည်း မျက်နှာဖုံးစွပ် ဓာတ်ပုံရိုက်ပြီး ဒေါင်းတောင်းဧရိယာထဲ လည်ပတ်နေသလို လက်အောက်ခံ အစေအပါးများကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဝေဟင်မှာ ပျံသန်းနေတဲ့ ဗုံးကြဲလေယာဉ်များကတော့ မြို့ပြကို ဖြတ်ကျော်ပြီး ရွာပေါင်းစုံ၊ နယ်ပေါင်းစုံ မီးခိုးတိုက်နေတာက နေ့စဉ်ရက်ဆက်ပါ။ မြန်မာပြည်ကြီးမှာ 'ပျက်စီးသည်' ဆိုတဲ့စကားက ရှေးရှေးက လူတစ်ယောက် သေသွားတာကို ပြောတာပါ။ သစ်လွင်တောက်ပနေတဲ့ အခန်းကြီးထဲမှာ လူငယ်များစွာ ပြေးလွှားပျော်ပါးခွင့် ရှိပါလျက် မီးခိုးငွေ့တွေ ထုံမွှမ်းနေတာကတော့ စိတ်မကောင်းစရာပါ။
နိုင်ငံပျောက်သူများအတွက် မြန်မာပြည်ကြီးမှာ မျက်နှာဖုံးစွပ် လူတန်းစားများ ရှိနေသရွေ့ ဘဝတွေ ပင်ပန်းဆင်းရဲကြရဦးမှာပါ။ ဒီထက်ဆိုးသည်က အိုးအိမ်စွန့်ခွာနေရသူတွေ၊ အိမ်ပြန်ဖို့ အိမ်ရာမရှိတော့သူများ၊ ပြန်မရနိုင်တော့သည့် လူစွမ်းအားအရင်းအမြစ်များရယ်... ရွာပျောက် လမ်းပျောက် ဘဝအဖြစ် မိမိတို့ဘဝတွေကို ပေးဆပ်ကြရသူတွေမှာတော့ အိမ်အပြန်လမ်းကို မျှော်တွေးရင်း ရောက်ရှိနေတဲ့ နေရာဝန်းကျင်အသစ်မှာ ကြိုးစားရုန်းကန်နေကြရဆဲပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar