မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၁)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၁)
မိုးမခ ၊ စက်တင်ဘာ ၄ ၊ ၂၀၂၆
သွေးစွန်းခဲ့ရသည့် ချင်းမိသားစုနှင့် ပြည်သူများ
ဆိုင်းဇန်ကျေးရွာသည် တီးတိန်မြို့၏ အနောက်တောင်ဘက်ယွန်းယွန်း ခြောက်မိုင်အကွာလောက်တွင် ရှိသည်။ အိမ်ခြေ ငါးရာကျော်ရှိသည့်အတွက် ဆိုင်းဇန်သည် ချင်းပြည်နယ်တွင်တော့ ရွာကြီးတစ်ရွာပင် ဖြစ်သည်။ ဆိုင်းဇန်ကျေးရွာသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ချင်းတောင်တန်း ကိုယ်စားလှယ် ဦးထောင်ဇခုပ်၏ မွေးဖွားရာ ဇာတိရွာလည်း ဖြစ်သည်။ တောင်တန်း ကိုယ်စားလှယ် ဦးထောင်ဇခုပ်၏ အမှတ်တရနေအိမ်ရှိရာ ကျေးရွာလည်း ဖြစ်သည်။
အဆိုပါ ဆိုင်းဇန်ရွာကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့၊ ည ၁၁ နာရီတွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲချခဲ့သည်။ ဖလမ်းမြို့ကို လက်လွှတ်ရပြီးနောက် နှစ်ရက်မြောက်နေ့တွင် စစ်တပ်က ဆိုင်းဇန်ရွာကို ဗုံးကြဲခြင်းဖြစ်သည်။ စစ်တပ်၏ ဗုံးကြဲမှုကြောင့် ကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦး တစ်ပြိုင်တည်း သေဆုံးခဲ့သည်။ သေဆုံးသူ မိသားစုဝင်များ၏ ဓာတ်ပုံလေးတွေကို အိမ်နံရံမှာ ချိတ်ထားတာကို လိုင်းပေါ်မှာတွေ့တော့ မောင်လူမွှေး ရင်ထဲ ဆို့နင့်နေခဲ့ရသည်။ ဆိုင်းဇန်ကို မောင်လူမွှေး ရောက်ခဲ့ဖူးသည်။ လေ့လာခဲ့ဖူးသည်။
ဆိုင်းဇန်ရွာကို သွားသည့်လမ်းဘေးမှာ ချင်းလူမျိုးဘိုးဘွားတို့၏ အမှတ်တရ ကျောက်တိုင်၊ ကျောက်ပြားကြီးတွေ ရှိသည်။ အနံ လေးပေ၊ အရှည် ခြောက်ပေလောက်ရှိသော ကျောက်ပြားကြီးတွေ၏ သက်တမ်းသည် နှစ်တစ်ရာ မကတော့ပါ။ ကျောက်ပြားပေါ်မှာ စာတွေသာမက ရုပ်ပုံတွေကိုပါ ရေးထွင်းစိုက်ထူထားသည်။ မိသားစု၏ ဦးစီးခေါင်းဆောင်၊ ရပ်ရွာ၊ ဒေသ၊ လူမျိုး၏ ဦးစီးခေါင်းဆောင် တစ်ဦးဦး သေဆုံးလျှင် ဒီလိုကျောက်တိုင်၊ ကျောက်ပြားကြီးတွေ စိုက်ထူကြသည်က ချင်းတို့၏ ကိုယ်ပိုင်ဓလေ့ဖြစ်သည်။
ဆိုင်းဇန်ကျေးရွာကို ညအချိန်ကြီးတွင် ဗုံးကြဲတော့ ထိုချင်းဘိုးဘေးတွေ၏ ကျောက်တိုင်၊ ကျောက်ပြားကြီးတွေ တုန်ခါသွားကြပေလိမ့်မည်။ ဘိုးဘွားတို့၏ ဝိညာဉ်တွေ ငိုကြွေးကြမည်။ တောက်ခေါက်ကြမည်။ အာဏာရှင်တွေကိုလည်း ကျိန်ဆဲကြလိမ့်မည်။ ဆိုင်းဇန်ကျေးရွာအနီးတွင် ချင်းလူမျိုးတို့၏ ပထမဆုံးစတင်ရာဟု ယုံကြည်ကြသည့် ကြိမ်နွဲ့ရွာဟောင်း နေရာလေးလည်းရှိသည်။ ရွာဟောင်းနေရာကို သွပ်မိုးနဲ့ အိမ်ပုံစံသေးသေးလေး တစ်ခု အမှတ်တရလုပ်ထားသည်ကို မောင်လူမွှေး တွေ့ခဲ့ဖူးသည်။ ထိုကြိမ်နွဲ့ရွာဟောင်းနေရာမှ တစ်ဖက်သို့ လှမ်းကြည့်လိုက်လျှင် မဏိပူရ်မြစ်၏ တစ်ဖက်၌ ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းက အင်္ဂလိပ်လေယာဉ်တွေ ဆင်းသက်ခဲ့ဖူးသော လေယာဉ်ကွင်း ရှိသည်။ အခုတော့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ အဓိကနေရာကပါခဲ့သော ဆိုင်းဇန်ရွာက မိသားစုတစ်ခုလုံး ဖက်ဆစ်စစ်တပ်လက်ချက်နဲ့ ကြွေလွင့်ခဲ့ရပြီဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို လက်လွှတ်ရပြီးနောက် ချင်းတောင်ပေါ်က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြီးခါစအချိန်မို့ ဖလမ်းမြို့ပေါ်ကို ပြည်သူတွေ ပြန်မလာကြသေး။ ထို့ကြောင့် ပြည်သူတွေရှိရာ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့၊ ည ၁၁ နာရီတွင် ချင်းပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြခဲ့သည်။ ထိုဧပြီ ၉ ရက်နေ့၊ ည ၉ နာရီခန့်မှာပင် မင်းတပ်မြို့နယ်၊ တိုက်နယ် (၄) က ဖွီကျေးရွာက ဘုရားကျောင်းနှင့် လူနေအိမ်ပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ဓမ္မဆရာလင်မယားနှစ်ဦး၊ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦး သေဆုံးခဲ့ရပါသည်။ ကလေးသူငယ်တွေနှင့် သက်ကြီးရွယ်အို ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရသော အာဏာသိမ်းစစ်တပ်သည် မြို့ကိုလက်လွှတ်ရသည့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ချင်းပြည်နယ်က ပြည်သူတွေကို လေကြောင်းကနေ သတ်ဖြတ်ခဲ့သည်။ ဧပြီ ၁၁ ရက်နေ့တွင် ကန်ပက်လက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရသည်။ ဧပြီ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံအရပ်သား ငါးဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို ဧပြီ ၂၇ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်လသားအရွယ် ကလေး တစ်ဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖလမ်းမြို့ကို သိမ်းပိုက်သည့် ချင်းညီနောင်သည် ချင်းပြည်တောင်ပိုင်းကို လုံးဝထိန်းချုပ်ထားသည်ဖြစ်ရာ အာဏာသိမ်းစစ်တပ်သည် ချင်းတောင်ပိုင်းကို အငြိုးအတေးဖြင့် ဗုံးအလုံးပေါင်းများစွာ ကြဲချခဲ့ပါသည်။ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်၊ မတူပီမြို့နယ်တွေကို လေကြောင်းကနေ ဖျက်ဆီးခြင်း၊ ပစ်ခြင်းဖြစ်သည်။ စစ်တပ်၏ ဗုံးကြဲမှုကြောင့် ဧပြီလအတွင်း မင်းတပ်နှင့် မတူပီက ဘုရားကျောင်းအပါအဝင် လူနေအိမ်အဆောက်အအုံ ရာဂဏန်း ပျက်စီးခဲ့ရသည်။ ဧပြီ ၁၃ ရက်နေ့၊ တနင်္ဂနွေနေ့မှာပင် မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်းဘုရားကျောင်းကိုလည်း တစ်စစီဖြစ်အောင် ဗုံးကြဲခဲ့သည်။ တနင်္ဂနွေနေ့သည် ဘုရားကျောင်းတက်သည့်နေ့ဖြစ်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းတက်နေသည့်အချိန်ဆိုပါက အစုလိုက်အပြုံလိုက် သေဆုံးကြမည်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့အပါအဝင် ချင်းပြည်နယ်က နယ်မြေတွေကို ဆုံးရှုံးရပြီးနောက် ချင်းတောင်တန်းက မိသားစုတွေနှင့် ပြည်သူတွေသာမက ကလေးငယ်တွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါသည်။
👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar